ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေ ၂၀၁၇ ခုနှစ်ထက် ပိုမို များပြား လာကြောင်း တအန်း (တအာင်း) အမျိုးသမီးအဖွဲ့ (TWO) ထံမှ သိရသည်။
TWO မှ သတင်းမှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ လွေးပိုးကမီခေးလ်က“၂၀၁၈ မိုင်းပေါက်ကွဲတဲ့ အကြိမ်က ပို များ လာတာကို တွေ့ရတယ်။ ကျမတို့တွေ မှတ်တမ်းကောက်ထားတာတွေအရ ပြောနိုင်ပါတယ်။ အရင်နှစ်ကရ ထား တဲ့ အချက်အလက်နဲ့ အခုရထားတဲ့အချက်အလက် ဒီနှစ်က ပိုများတယ်”ဟု ပြောသည်။
၂၀၁၇ ခုနှစ် တနှစ်လုံးတွင် မိုင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ ၈ ဦးနှင့် သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်စမှ အောက်တိုဘာလအထိ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးနှင့် သေဆုံးသူ ၆ ဦးအထိ ရှိခဲ့သည် ဟု TWO မှတ်တမ်းများအရ သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဒေသများမှာ ရှမ်းမြောက်ဒေသရှိ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကျောက်မဲ စသည့် ဒေသများ ဖြစ်သည်ဟု TWO မှတ်တမ်းများအရ သိရသည်။
ထို့ပြင် ရှမ်းပြည် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်မြို့နယ်အနီးတွင်လည်း အောက်တိုဘာ လ ၁၉ ရက်မှ ၂၅ ရက်အတွင်း ပေါက်ကွဲမှု ၄ ကြိမ် ရှိခဲ့ပြီး ဒေသခံများ ထိခိုက်မှု ရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ပေါက်ကွဲမှုများမှာ အောက်တိုဘာလ ၁၉ ရက်က နမ့်ဆန်မြို့နယ်၊ မန်ကန်အုပ်စု၊ မန်ကန်ကျေးရွာတွင် ၁ ကြိမ်၊ အောက်တိုဘာလ ၂၁ ရက် တွင် နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာတွင် ၁ ကြိမ်၊ အောက်တိုဘာလ ၂၄ ရက်တွင် မန်ကုန် ကျေးရွာ အုပ်စု၊ ဟိုက်တမ်ကျေးရွာတွင် ၁ ကြိမ် နှင့် အောက်တိုဘာလ ၂၅ ရက်တွင် ကျောက်မဲ-မိုင်းငေါ့ မြို့နယ်ခွဲ မန်ခေါက် ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာတွင် ၁ ကြိမ်ဖြစ်ကြောင်း ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ဖက်ခူးသွားရာမှ မိုင်းနင်းမိပြီး ခြေဖနောင့်ဒဏ်ရာရခဲ့သည့် မန်ကန်ကျေးရွာသား ဦးအိုက်နူးကလည်း“လက်ဖက် သွားခူး တာ လုံတက် လမ်းခွဲနားမှာ။ မိုင်းနင်းမိတာ ခြေဖနောင့်ကို ထိသွားတာ”ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည့် နမ့်ဆန်းမြို့နယ်အနီး ကျေးရွာများတွင် အစိုးရတပ်နှင့် TNLA တို့ လှုပ်ရှား ရာ နယ်မြေများ ဖြစ်ပြီး မည်သည့်တပ်ဖွဲ့က ထောင်ထားသည့် မိုင်းများ ဖြစ်သည်ကိုမူ မသိကြကြောင်း နမ့်ဆန်ဒေသခံ များ ထံမှ သိရှိရသည်။
လက်နက်ကိုင် အဖွဲ့အစည်း အများအပြားရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရတပ်နှင့် လက်နက်ကိုင် အဖွဲ့ များ ကြား ထိတွေ့ တိုက်ပွဲဖြစ်မှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရသလို လက်ဖက်ခူး၊ တောင်ယာ လုပ်သည့် ဒေသခံများမှာလည်း မိုင်းပေါက်ကွဲမှုကြောင့် မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာမှုများ၊ သေဆုံးမှုများ ကြုံတွေ့ နေရသည်။
“မိုင်းထောင်တဲ့ကိစ္စတွေက မရှိသင့်တော့ဘူး။ မိုင်းထောင်တယ်ဆိုရင် အနည်းဆုံး ထိခိုက်တာက လူထုတွေ ဖြစ်တယ်။ အဲဒီ လူထုတွေ ပြန်ကုစား ပေးတာတွေလည်း မရှိတော့။ အဲဒါကြောင့် သက်ဆိုင်ရာကို မိုင်းတွေ ထောင်ခြင်းက ရှောင်ရှား ပေးဖို့ ကျမတို့ တောင်းဆိုချင်တယ်”ဟု လွေးပိုးကမီခေးလ်က ဆိုသည်။
လက်ရှိတွင် အစိုးရ တပ်များဘက်မှ ထိုးစစ်ဆင်မှုများ ရှိလာပြီး လူသွားလမ်းနှင့် စိုက်ပျိုးခြံများတွင် မိုင်းထောင်ခြင်းတို့ ပြုလုပ်နေသည့်အတွက် အထူးသတိထား သွားလာကြရန်အတွက် TNLA က ထုတ်ပြန်ချက်မှ တဆင့် သတိပေး ထား သည်။