လယ်မြေများအား ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်၍ ရောင်းချနေသူ ၁၀ ဦးကျော်ကို လယ်ယာမြေ ဥပဒေဖြင့် တရား စွဲဆို ထားကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက ဧရာဝတီကို ပြော သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစကာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ တရားမဝင် မြေအရောင်းအဝယ်လုပ်သူ ၁၀ ဦးကျော်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု သိရသည်။
ဝန်ကြီး ဒေါက်တာစိုးသန်းက “ပုသိမ်ကြီးမှာ တရားစစွဲပြီ။ အခု တရားစွဲထားတဲ့သူတွေက သတင်းစာမှာ ကြေညာ တယ်၊ သတိပေးစာ ၃ ကြိမ် ထုတ်တယ်။ ဒါကို မလိုက်နာဘဲ ဆက်လုပ်တဲ့အတွက် တရားစွဲဆိုတာ ဖြစ်တယ်။ မလိုက် နာဘူး ဆိုရင် နောက်ထပ်လည်း တရားစွဲဆိုဖို့တွေ ရှိလာနိုင်ပါမယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ဒီကိစ္စတွေက ပိုများလာပြီး လွန်လွန်ကျူးကျူး ဖြစ်လာသလို တချို့ဆို အွန်လိုင်းပေါ်တောင် တင်ပြီး ရောင်းတဲ့အထိ အတင့်ရဲလာကြတယ်။ အဲဒါကြောင့် ဥပဒေနဲ့ သေချာ ကိုင်တွယ်သွားမှာ ဖြစ်တယ်”ဟု ဆို သည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မန္တလေးတွင် အိမ်ခြံမြေ ဈေးကောင်းလာပြီးနောက် မြို့အနီးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်များရှိ လယ်ယာမြေများကို အကွက်ရိုက်၍ ဈေးသက်သာစွာဖြင့် ရောင်းချမှုများ ရှိလာရာ နောက်ပိုင်းတွင် ဝယ်လိုအား မြင့်တက်လာသည့်အတွက် စီးပွားဖြစ် လုပ်ကိုင်ကြခြင်း ဖြစ်သည်ဟု ဒေသခံ အိမ်ခြံမြေ လုပ်ငန်း အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။
လယ်မြေ အကွက်ရိုက် ရောင်းချမှုပုံစံမှာ လယ်တဧအား ကျပ်သိန်း ၂၀၀ ဖြင့် ဝယ်ယူကာ ယင်းမြေပေါ်တွင် ပေ ၄၀ x ၆၀ မြေကွက်များ ဖော်၍ တကွက်လျှင် ကျပ်သိန်း ၃၀ ဝန်းကျင်ခန့်ဖြင့် ပြန်လည် ရောင်းချနေခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြေ တဧကပေါ်တွင် ပေ ၄၀ x ၆၀ မြေကွက် ဖော်မည်ဆိုပါက ၁၆ ကွက် ရရှိသည်ဟု သိရသည်။
လယ်မြေများအား အကွက်ရိုက် ရောင်းခြင်းမှာ တရားမဝင် ဖြစ်သော်လည်း အကျိုးအမြတ် များသည့်အတွက် ယင်းသို့ ရောင်းချခြင်းများ ပိုများလာခြင်းဖြစ်သည်ဟုလည်း ဒေသခံများထံမှ သိရသည်။
ဒေသအခြေစိုက် ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က “အရေးယူတာတောင် နောက်ကျနေပြီ။ ဘာလို့လဲဆိုတော့ ဈေးချိုတယ်ဆိုပြီး မသိနားမလည်ဘဲ ဝယ်ထားမိကြတဲ့ အခြေခံလူတန်းစားတွေ တအား ခံနေရပြီ။ အစိုးရက အခုလို ဥပဒေနဲ့ကိုင်တွယ်တာ အကောင်းဆုံးဖြစ်သလို ဒီမြေတွေက တရားမဝင်တွေ ဖြစ်တယ်။ အဲဒါတွေကို ဝယ်ရင် အရေးယူခံရနိုင်တယ်ဆိုတာ အစိုးရက မီဒီယာတွေမှာလည်း များများထုတ်ပြန်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ လူတိုင်း သိနားလည်လာမယ်” ဟု ဧရာဝတီကို ပြောသည်။
တိုင်းအစိုးရက မန္တလေးတိုင်းအတွင်း လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက် ရောင်းချမှုများကို အကျိုးဆောင် ပွဲစားများမှတဆင့် လည်းကောင်း၊ လူမှုကွန်ရက်များပေါ်မှ ကြော်ငြာ၍ လည်းကောင်း ပြုလုပ်လာကြပြီး ထိုသို့ လယ်ယာမြေများအား ရောင်းချခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများသည် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် ညီညွတ်မှု မရှိသည့်အတွက် ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် ဆောင်ရွက်ပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြေင်း ဇူလိုင်လကုန်ပိုင်းက မန္တလေး နေ့စဉ် သတင်းစာမှတဆင့် သတိပေး ကြေညာထားသည်။
၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ (ဆ) တွင် လယ်ယာမြေအား ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရန်ဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ၂ သိန်းမှ ၅ သိန်းအထိ ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ယင်းဥပဒေပုဒ်မ ၃၅ တွင် ဖော်ပြထားသည်။
ထို့ပြင် ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပါက ပုဒ်မ ၁၉ အရ သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို ပြန်လည်လုပ်ဆောင်စေခြင်း၊ ဒဏ်ကြေးပေးဆောင်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်းတို့ကို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လုပ်ဆောင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
မန္တလေးတိုင်းအတွင်း လယ်ယာမြေများအား တရားမဝင် အကွက်ရိုက် ရောင်းချမှုများမှာ ပုသိမ်ကြီး၊ ပြင်ဦးလွင်နှင့် အမရပူရမြို့နယ်တို့တွင် အများဆုံးဖြစ်ကာ တတိုင်းလုံးအနေဖြင့် မြေဧက ထောင်ဂဏန်းခန့် ရှိကြောင်းလည်း တိုင်း လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ကိန်းဂဏန်းများအရ သိရသည်။
ဆက်စပ်သတင်း