သတင်း

ကြားဖြတ် ရွေးကောက်ပွဲ သမ္မတကိုယ်တိုင် မဲရုံတွင် ဆန္ဒမဲပေးမည်

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတ ကိုယ်တိုင် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးမည်ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သော နှစ်ပတ် တကြိမ် ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

ဦးဇော်ဋ္ဌေးက “သမ္မတကြီးကတော် အိမ်ထောင်စုစာရင်းက အဲဒီ တာမွေမှာပဲ ရှိတယ်။ သမ္မတကြီးကိုယ်တိုင်လည်း အဲဒီမှာပဲ အိမ်ထောင်စုစာရင်းက ဝင်နေတယ်။ တာမွေမှာပဲ ကိုယ်တိုင်ကိုယ်ကျ မဲပေးဖို့ အဲဒီလိုတော့ အကြမ်းဖျင်း လျာထားတယ်”ဟု ပြောသည်။

သမ္မတအနေဖြင့် ကြိုတင်မဲပေးရန် အချိန်မမီတော့သဖြင့် ယင်းကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မဲပေးရန် စီစဉ်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ရှင်းပြသည်။

သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတလည်း ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ဆန္ဒမဲ ပေးမယ့် တာမွေမဲဆန္ဒနယ်တွင် NLD ပါတီ ဦးတိုးဝင်း အပါအဝင် အခြားပါတီများမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

သမ္မတ တဦးအနေဖြင့် နိုင်ငံသားတဦး အခွင့်အရေးတရပ်ဖြစ်သည့် ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်ခြင်းအတွက် ကန့်ကွက်စရာ မရှိသော်လည်း မဲဆွယ်စည်းရုံးသည့် ပုံစံဖြင့် မဲပေးမည်ဆိုပါက မသင့်တော်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ( USDP ) မှ ပြောရေးဆိုခွင့်ရှိသ ူဦးသိန်းထွန်းဦးက “ သမ္မတတယောက်အနေနဲ့ မဲ ပြန်ပေးတဲ့အခါမှာ နိုင်ငံသားတယောက်အနေနဲ့ မဲပေးတာဖြစ်တဲ့ အတွက် ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် သမ္မတရဲ့ ရပ်တည်ချက်နဲ့ သန့်သန့်ရှင်းရှင်း မဲပေးဖို့ လိုပါတယ်။ အောင်နိုင်ရေးအတွက်ကို ပြောဆိုမှု ပုံပန်းသဏ္ဌာန် လုပ်မှုမျိုးကိုတော့ ရှောင်ရှားသင့်တယ်” ဟု ဧရာဝတီကို ပြောသည်။

သမ္မတဦးဝင်းမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီ (NLD) ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင် အနိုင်ရပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည်။ ယင်းနောက် သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားပြီးနောက် လွှတ်တော် ဥက္ကဋ္ဌနေရာမှ နုတ်ထွက်ကာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်နှင့် မိသားစုမှာ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ မဲရုံ အမှတ် (၃) တွင် မဲပေးရမည့် စာရင်းတွင် ပါဝင်ပြီး ယင်းမဲရုံတွင် မဲပေးနိုင်သူ ဦးရေ ၇၀၀၀ ကျော် ရှိသည်ဟု သိရသည်။

တာမွေမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ ရှိမည်ဖြစ်ကာ မဲပေးနိုင်သူ စုစုပေါင်း တသိန်းနီးပါးခန့် ရှိသည်ဟု တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကိန်းဂဏန်းများအရ သိရသည်။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတိုင်း ကိုယ့်ပါတီကို နိုင်ရမယ်ဆိုတာ ယုံကြည်ချက် ရှိပါတယ်။ နိုင်ဖို့လည်း ကြိုးစားနေကြတယ်။ အခု သမ္မတကိုယ်တိုင် မဲပေးမယ်ဆိုတာလည်း ဒီမိုကရေစီစနစ်အရ ကြိုဆိုရမှာ ဖြစ်ပါတယ်။ သူလည်း သူ့ပါတီကို နိုင်စေချင်တယ်။ မျှော်လင့်ချက်တွေ အများကြီး ထားပါလိမ့်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလကလည်း သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုယ်တိုင်ကိုယ်ကျ ဆန္ဒမဲ ပေးခဲ့ဖူးသည်။

နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ရှိသော်လည်း ဆေးရုံတက်နေသူများ၊ တာဝန်ဖြင့် ခရီးသွားရန်ရှိသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ရွေးကောက်ပွဲ တာဝန် ထမ်းဆောင်မည့်သူများအား အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ ကြိုတင်မဲပေးနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် မဲဆန္ဒနယ်အတွင်း ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် မဲမပေးနိုင်သူများအနေဖြင့် နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကြိုတင်ဆန္ဒမဲပေးရမည်ဟု ကော်မရှင်က သတ်မှတ်ထားသည်ဟု သိရသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း ၆၂ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး၊ စုစုပေါင်း ၆၉ ဦး ပါဝင်အရွေးချယ်ခံကြမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉ သိန်းကျော် ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading