Eleven Media Group မှ သတင်းသမား ၃ ဦး အမှုနှင့်ပတ်သက်၍ သတင်းမီဒီယာဥပဒေနှင့်အညီ ဆောင်ရွက်ရန် သမ္မတ၏ ညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လိုက်လုပ်ရန် လိုကြောင်း သမ္မတရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၂၉ ရက်က နေပြည်တော် သမ္မတရုံး၌ ပြုလုပ်သည့် နှစ်ပတ် တကြိမ် သတင်းမီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုအပေါ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဋ္ဌေးက “ကျနော်တို့ ညွှန်ကြားချက်တွေကတော့ ပေးထားတယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်တွေက သမ္မတကို တာဝန်ခံရတယ်။ ဝန်ကြီးချုပ်တွေရဲ့ တာဝန်ခံရတဲ့ အတွက် သူတို့လုပ်ဖို့ လိုတယ်။ လုပ် လည်း လုပ်သွားပါလိမ့်မယ်။ Eleven နဲ့ သူတို့ ညှိနေတယ်လို့ အကြမ်းဖျင်းတော့ သိရှိရတယ်”ဟု ပြောသည်။
သမ္မတ လမ်းညွှန်မှုတွင် (က) သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသောအဖွဲ့အစည်း၊ ဌာန (သို့) ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ တိုင်ကြားရန်၊ (ခ) ယင်းဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီသည် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းပေးရန်၊ (ဂ) ယင်းဥပဒေ ပုဒ်မ ၂၃ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှု မရှိပါက တိုင်ကြားသူ (သို့) ကျေနပ်မှုမရှိသူ သည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် ဟူ၍ ပါရှိကြောင်း သိရသည်။
ထိုကဲ့သို့ လမ်းညွှန်မှုပြုခဲ့ပြီးနောက် Weekly Eleven တွင် ဖော်ပြပါရှိခဲ့သော ဆောင်းပါးနှင့်ပတ်သက် ၍ ညှိနှိုင်း ဆောင် ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က MPC သို့ အောက်တိုဘာလ ၁၈ ရက်တွင် လာရောက်တိုင်ကြားထားသည်။
တိုင်ကြားစာတွင် Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့သည် သတင်းမီဒီယာဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င) (ဆ) (ဈ) ပါ သတင်း မီဒီယာသမားတဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက် သည့်အတွက် ညှိနှိုင်းဖြေရှင်း အရေးယူပေးရန် တိုင်ကြားခဲ့သည်ဟု MPC ၏ တရားဝင်ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ယခုကဲ့သို့ အမှုအား ရုတ်သိမ်းခြင်းမရှိသည့် အခြေအနေတွင် ကြားဝင် ဆောင်ရွက်၍ မရ ကြောင်း MPC အဖွဲ့ဝင်များက ပြောသည်။
နှစ်ဖက်တိုင်ကြားမှုများနှင့် ပတ်သက်ပြီး MPC အနေဖြင့် အောက်တိုဘာ ၁၉ ရက်နေ့က တာဝန်ရှိသူ များအား ခေါ်ယူ တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အမှုအား ဦးစွာရုပ်သိမ်းရန်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တိုက်တွန်းထားပြီး သမ္မတ ညွှန်ကြားချက်အား လိုက်နာခြင်း ရှိ၊ မရှိကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း Weekly Eleven ဂျာနယ်၏ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီသို့ ပြောဆိုထားသည်။
သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက “Eleven မီဒီယာဘက်ကလည်း ညှိနှိုင်းလုပ်ဖို့ လိုလိမ့်မယ်။ ညှိနှိုင်း တယ်ဆိုတာ အတိုင်ပင်ခံ စကားရှိတယ်။ အလျော့ပေးတာ မဟုတ်ဘူး။ အရှုံးပေးတာ မဟုတ်ဘူး။ အဓိကကတော့ ကိုယ့်ရဲ့ လုပ် ဆောင်ချက်ကို ယုံကြည်တယ်ဆိုရင် သတ္တိရှိရှိ ညှိနှိုင်းဖို့ လိုတယ်”ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
အစိုးရသစ်တွင် တာဝန်ယူထားသူများ၊ လုပ်ပိုင်ခွင့် ရှိသူများသည် မည်သည့်ကိစ္စတွင် မဆို မှားနိုင်ပြီး အလွဲများလည်း ရှိနိုင်ကြောင်း၊ ယင်းကိစ္စသည် ရှက်စရာ မဟုတ်ဘဲ အများအတွက် လုပ်နေခြင်း ဖြစ် သည့်အတွက် အမှားကို ပြင်ရန် ဝန်မလေးသင့်ကြောင်း ဝါရင့်သတင်းစာဆရာများက ထောက်ပြပြော ဆိုမှုများ ရှိသည်။
ရန်ကုန်မြို့ခံသတင်းစာ ဆရာ ဦးသီဟသွေးက “သိရင် ပြင်စရာဆိုတာ သမ္မတကိုယ်တိုင်က လက်ခံ တယ်။ တာဝန်ယူထားတဲ့ လုပ်ပိုင်ခွင့် ယူထားတဲ့သူတွေက အရင်ဆုံး သူတို့စိတ်ကို သူတို့ ပြင်ရမယ်။ သူတို့အတွက် သူတို့ လုပ်နေတာ မဟုတ်ဘူး။ အများအတွက် လုပ်နေတာ ဖြစ်တဲ့အတွက် မှားရင် အမှားကို ပြင်ဖို့ ဝန်မလေးဖို့ လိုတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ကိုယ့်ဂုဏ်သိက္ခာကို ငဲ့ညာပြီးတော့ တိုးတိုးတိတ်တိတ် အမှားပြင်တာလိုလို အမှား ကပဲ သိပ်မကြီး သလိုလို လုပ်နေတဲ့ဟာမျိုးက ပိုပြီးတော့ ဆိုးဝါးစေတယ်။ အမှားကို သိပြီးတော့ အချိန်မီ ပြုပြင်ပြီးတော့ ကောင်း အောင် လုပ်တာ။ သမ္မတ စကားကို နားထောင်တာဟာ ပိုကောင်းမယ်။ အရင်ဆုံး သူတို့ ပြုပြင်ရမယ်”ဟု ဆိုသည်။
ရန်ကုန်တိုင်းအစိုးရအား Eleven ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စများကို သမ္မတရုံးက ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည့် သမ္မတကို တာဝန်ခံရမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်း ပွဲတွင် သမ္မတရုံးဘက်မှ ထည့်သွင်း ပြောဆိုထားသည်။
သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက “မီဒီယာနဲ့ ပတ်သက်လို့ သမ္မတကြီးလည်း ခရီးစဉ်တွေမှာ ပြောနေ တာ ရှိတယ်။ ကျနော်တို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို သွားနေတာ။ ပြုပြင်ပြောင်းလဲမှု ကို ကြောက်ရွံ့ဖို့ မလိုဘူး။ ဝေဖန် ပြစ်တင်မှုတွေကို အရမ်းကြီး ဂရုစိုက်ပြီးတော့ တုန့်ပြန်နေဖို့ မလိုဘူး။ မှားတာ မှန်တာ သူတို့က ထောက်လိမ့်မယ်။ အဲဒါကြောင့် စတုတ္ထမဏ္ဍိုင်လို့ ခေါ်တာပေါ့နော်”ဟု ပြောသည်။
အောက်တိုဘာ၈ရက်ထုတ် Weekly Eleven ဂျာနယ်စာ မျက်နှာ ၂၆ တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်ဖြိုးဝေ ရေးသားထားသော “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက်ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးပါ အချက်အလက်တချို့နှင့် ပတ်သက်၍ အောက်တိုဘာလ ၉ ရက်တွင် ဦးအောင်ကျော်ခိုင်က တာမွေမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဆောင်းပါးရှင် ဖြိုးဝေအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာအပေါ် တိုင်းလွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးထောက်ပြချက်များအား အခြေခံကာ တိုင်းအစိုးရ၏ ကျောင်းကားဝယ်ယူရာတွင် ချေးငွေကိစ္စ များ၊ စီမံကိန်းများတွင် ရှယ်ယာထည့်ဝင်မှုများအား ဝေဖန်ထောက်ပြကာ ရေးသားထားသည်ကို တွေ့ရသည်။
တိုင်းအစိုးရအဖွဲ့အနေဖြင့် Eleven ဂျာနယ်ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားမှု ပြုလုပ် နိုင်သော်လည်း ယင်းသို့မပြုလုပ်ဘဲ ပုဒ်မ ၅၀၅ (ခ) ဖြင့် တိုက်ရိုက်တရားစွဲဆို ခဲ့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် Eleven Media Group ရုံးပေါ်အထိ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းတို့အပေါ် သတင်းမီဒီယာအသိုင်းအဝိုင်းကြား ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
တိုင်းအစိုးရ တိုင်တန်းမှုဖြင့် သတင်းသမား ၃ ဦးကို အောက်တိုဘာလ ၁၀ ရက်က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် ရုံးချိန်းကျမှ တဦးလျှင် ကျပ်သိန်း ၁၀၀ အချုပ်လွတ် ထုချေခွင့်ဖြင့် အာမခံပေးထားပြီး အမှုကို ဆက်လက်ရင်ဆိုင် ရမည် ဖြစ်သည်။
ဆက်စပ်သတင်း
- ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သမ္မတစကား နားမထောင်ဘူးလား
- သမ္မတအမိန့်ကို လျစ်လျူရှုနေဟု ရန်ကုန်အစိုးရအဖွဲ့ ဝေဖန်ခံရ
- Eleven သတင်းသမား ၃ ဦး အမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် မီဒီယာကောင်စီ တိုက်တွန်း
- Eleven သတင်းသမား ၃ ဦး အမှု မီဒီယာ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် သမ္မတ လမ်းညွှန်
- အဝေဖန်မခံနိုင်သော ရန်ကုန်တိုင်းအစိုးရသည် ကြည်ညိုစရာ မကောင်း