မြို့ အုပ်ချုပ်ရေး အတွက် ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ ဘီလီယံနှင့်ချီ၍ နည်းလမ်းမကျ သုံးစွဲထားမှုများ အပေါ် စာရင်း စစ်ချုပ် ရုံး အစီရင်ခံစာ၏ တောင်းဆိုမှုအား ရန်ကုန်တိုင်း အစိုးရအနေဖြင့် မဖြစ်မနေ ပြန်လည်ရှင်းလင်းရမည် ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ကျောင်းကားများ ဝယ်ယူရေးအတွက် လွှတ်တော်၏ ထောက်ခံချက်မရှိဘဲ ပုဂ္ဂလိကဘဏ် ချေးငွေဖြင့် စီစဉ်ခြင်း၊ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များတွင် နည်းလမ်းမကျဟူသော စွပ်စွဲချက်များ စာရင်းစစ်ချုပ် အစီရင်ခံတွင် ဖော်ပြထားသည်။
တနင်္လာနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီက သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ပြည်ထောင် စု အစိုးရအနေဖြင့် ရန်ကုန် အာဏာပိုင်များအပေါ် အများပြည်သူ ဝေဖန်နေသည့် ယင်းအစီရင်ခံစာ တွေ့ရှိချက်များအား တာဝန် ယူရန် ဖိအားပေးခြင်း ရှိ မရှိ မေးမြန်းခဲ့မှု အပေါ် ပြန်လည် ဖြေဆိုခြင်းလည်း ဖြစ်သည်။
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက“လုပ်ထုံးလုပ်နည်းအရ စာရင်းစစ်က တွေ့ရှိချက်ကို ရေးလိုက်တယ်။ အဲဒီအပေါ် မှာ သက်ဆိုင်ရာ ဌာနတွေက ပြန်ဖြေရှင်း ဆောင်ရွက်ရတယ်။ မှားနေရင် ပြန်တည့်မတ်ရတယ်။ ပြန်တည့်မတ်ပြီးမှ စာရင်း စစ် ကို ပြန် Report (ဖြေရှင်းမှု) လုပ်ရတယ်”ဟု ပြောသည်။
အဆိုပါ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ စက်တင်ဘာလက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကြားတွင် ဂယက်ရိုက်ကာ အကြိတ်အနယ် ဆွေးနွေးမေးမြန်း ခဲ့ကြ သည်။
လွှတ်တော်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တွေ့ရှိချက် နှစ်ဒါဇင်ကျော်နှင့် ပတ်သက်၍ ကျပ်ငွေ ဘီလီယံနှင့်ချီသည့် လုပ် ဆောင်ချက်များ အပေါ် တိုင်းဒေသကြီးအစိုးရက သမားရိုးကျ သုံးစွဲခဲ့ခြင်း ဟုတ်မဟုတ် မေးခွန်းများစွာ ထွက်ပေါ်လာ ခဲ့သည်။
သို့သော် ယင်းတွေ့ရှိချက်များကို လွှတ်တော်တွင် ရှင်းလင်းရန် မည်သည့် အစိုးရဝန်ကြီးကမှ သဘောတူ လက်ခံခြင်း မရှိ သေးပေ။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စည်းမျဉ်းအရ ရန်ကုန်တိုင်း အစိုးရအနေဖြင့် စာရင်းစစ်ချုပ်ရုံးက သတ်မှတ်ပေးသော သင့်လျော်သည့် ကာလအတွင်း မှားယွင်း လုပ်ဆောင်ခြင်း၊ လေလွင့် (သို့မဟုတ်) ဆုံးရှုံးခြင်း စသည့် စာရင်းစစ် တွေ့ရှိ ချက် များကို ပြန်လည် ရှင်းလင်းရန် လိုအပ်ပြီး ထိုက်သင့်သည့် ဥပဒေအရေးယူမှုလည်း အကျုံးဝင်သည်ဟု သိရသည်။
“အကယ်၍ အဂတိလို လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်တယ်ဆိုရင် စာရင်းစစ် Report (အစီရင်ခံစာ) အရ အရေးယူလို့ရတယ်” ဟု လုပ်ထုံးလုပ်နည်း နှင့် ပတ်သက်၍ ဦးဇော်ဌေးက ရှင်းပြသည်။
ယခုလ ဒုတိယ ရက်သတ္တပတ်တွင် လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ရန်ကုန်တိုင်း အစိုးရအပေါ် စာရင်းစစ်ချုပ် ရုံး တင်ပြသည့် စုံစမ်း စစ်ဆေးချက်များနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် အရေးယူ ရန် တိုက်တွန်း တောင်းဆိုခဲ့သည်။
သို့သော် စာရင်းစစ်ချုပ် အစီရင်ခံစာအတိုင်း လိုက်နာလျက် အစိုးရနှင့် စာရင်းစစ်ချုပ်တို့က လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက် နေဆဲဖြစ်၍ ကော်မရှင်အနေဖြင့် လေလွင့်ဆုံးရှုံးများကို စုံစမ်းစစ်ဆေးရန် မလိုကြောင်း ကော်မရှင်က ပြောကြားထားသည်။
လုပ်ထုံးလုပ်နည်းများ အတိုင်း တိုင်းဒေသကြီး အစိုးရ၏ လိုက်နာ ဆောင်ရွက်ချက်များကို ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ် က အနီးကပ် စောင့်ကြည့်နေကြောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် သိရှိပါကြောင်း လည်း ပြောကြား ခဲ့သည်။
Yangon Gov’t Must Answer Auditor General’s Claims: President’s Office အား ဆီလျော်အောင် ဘာသာပြန် သည်။