ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ တရုတ် နိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။
တွေ့ဆုံမည့် မဟာမိတ် ၃ ဖွဲ့မှာ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ဖြစ်သည်ဟု ဆိုသည်။
တွေ့ဆုံ ဆွေးနွေးမှုကို အောက်တိုဘာ ၃၁ ရက်၌ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး PC ဘက်မှ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ဦးဆောင်မည် ဖြစ်ကြောင်း၊ မည်သည့် ကိစ္စရပ်များ ဆွေးနွေးမည်ကို အသေးစိတ် မသိရသေးကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီသို့ ပြော သည်။
၎င်းက“မနက်ဖြန်မှ ကျနော်တို့ လက်တွေ့ကျကျ ဘာတွေ ညှိနှိုင်းကြမလဲ။ မြန်မာငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံပြီး တော့ ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ ဦးသိန်းဇော်၊ ဦးခင်ဇော်ဦးတို့ ပါတယ်။ လောလောဆယ်တော့ ပြောပြဖို့ စောသေး တယ် လို့ ထင်ပါတယ်။ ကျနော်တို့ ဘာဆွေးနွေးရမလဲဆိုတာ မသိသေးဘူး”ဟုလည်း ပြောဆိုသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်ကလည်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် PC တို့ တွေ့ဆုံခဲ့ပြီး အောက်တိုဘာ လ တွင် ထပ်မံတွေ့ဆုံရန် သဘောတူထားမှုကို အကောင်အထည် ဖော်ခြင်းလည်း ဖြစ်သည်။
ထိုတွေ့ဆုံပွဲတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့မှ ကိုယ်စားလှယ် တချို့ အသိသက်သေအဖြစ် ပါဝင်ကြမည်ဟု သိရသည်။
မဟာမိတ် ၃ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုပါက လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်မည် ဟူ သည့် ထုတ်ပြန်ချက် ပေးရမည် ဖြစ်ကြောင်း အစိုးရနှင့် တပ်မတော် ဘက်က သဘောထား ပေးထားပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေး အဖြေရှာနေကြသည်ဟု သိရသည်။
အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ “အတိအကျ မသိသေးဘူးဗျ။ ကျနော် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရခိုင်ဘက်ကို သွားနေတယ်”ဟု ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ဦးအောင်စိုးက ဧရာဝတီကို ပြော သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့သည် အောက်တိုဘာ ၃၀ ရက်ကလည်း ကူမင်းမြို့တွင်ပင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံဆွေးနွေးမှု တချို့ ပြုလုပ်ခဲ့သည်ဟု လည်း သိရ သည်။
TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က“ ဒီနေ့ တွေ့တာပါ၊ မစ္စတာ ဆွန်ကော့ရှန်နဲ့က။ ဘာမှ ထူးထူးခြားခြား မရှိပါ ဘူး။ တရုတ်က မြန်မာနိုင်ငံက တိုက်ပွဲ ဖြစ်နေတာတွေကို ရပ်စဲစေချင်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အောင်အောင် မြင်မြင် ဖြစ်စေချင်တယ်။ သူတို့လည်း ကြိုးပမ်းဆောင်ရွက်တယ် ဒါတွေ ပြောတာပါ။ ဒါအပြုသဘော ဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်တယ်။ နှုတ်ဆက်ပြီး စကားပြောတာပဲ ရှိတယ်”ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် UWSA ဦးဆောင်၍ ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များပြီး UWSA၊ KIA၊ TNLA၊ MNDAA၊ AA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA – မိုင်းလား အဖွဲ့) တို့ ပါဝင်သည်။