အင်ဒိုနီးရှား Lion Air လေကြောင်းအမှတ်စဉ် ၆၁၀ သည် ဂျကာတာမှတက်ပြီး မိနစ်ပိုင်းအတွင်း ပင်လယ် တွင်းသို့ ပျက်ကျခဲ့ကာ တရက်ကြာသော်လည်း ထိုဘိုးရင်းလေယာဉ်သစ် မည်သည့်အကြောင်းကြောင့် ရုတ်တရက် ပျက်ကျပြီး ခရီးသည် ၁၈၉ ဦး သေဆုံးရသည်ကို မေးခွန်းထုတ်နေရဆဲ ဖြစ်သည်။
ရေငုပ်သမားများနှင့် ကယ်ဆယ်ရေးသမား အဖွဲ့များသည် ခရီးသည်များ၊ အလောင်းများကို ယနေ့အထိ ဆယ်ယူနေရပြီး စုံစမ်းစစ်ဆေးသူ များသည် ကျယ်ပြန့်သော ပင်လယ်ပြင်တွင် ပျံ့ကြဲနေသော အပျက်အစီးများကို စစ်ဆေးနေကြသည်။
လေယာဉ်၏ ကိုယ်ထည်နှင့် အချက်အလက် မှတ်တမ်းတင်သည့် ကိရိယာကို မတွေ့ရှိရသေးပေ။ အချက်အလက် မှတ်တမ်းတင်သော ကိရိယာကို တွေ့ရှိပါက လေယာဉ်တက်ပြီး ၁၃ မိနစ်အကြာတွင် မည်သည့် အကြောင်းကြောင့် ပျက်ကျသည်ကို သိနိုင်မည်ဖြစ်သည်။
လက်ရှိသိပြီးအချက်များ
ဂျကာတာမှ ပန်ကယ်ပီနန်သို့ ပျံသန်းနေသော လေယာဉ်သည် တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပျက်ကျသည်။
ခရီးသည် ၁၈၉ ဦး သေဆုံးသည်ဟု အင်ဒိုနီးရှား အာဏာပိုင်များက ယူဆသည်။
ပျံသန်းမှု မှတ်တမ်းတင် သေတ္တာနက်ကို မတွေ့သေးပေ။
လေယာဉ်တွင် ပြဿနာရှိကြောင်း ပျံသန်းရေးအဖွဲ့က လေယာဉ်ခရီးစဉ် မတိုင်မီညက သတင်းပို့သောကြောင့် ပြင်ဆင်မှု လုပ်ဆောင်ခဲ့သည်။
လေယာဉ်ပျက်ကျသော အလောင်းထည့်ထားသည့် အိတ် ၂၄ လုံးကို သေမှုသေခင်း စစ်ဆေးရန် ဒေသဆေးရုံသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့နှောင်းပိုင်းတွင် ပြောသည်။
မည်သူမည်ဝါ ခွဲခြားသိရှိစေရန် စစ်ဆေးရာတွင် အထောက်အကူ ဖြစ်စေရန် ခရီးသည်များ၏ မိသားစုဝင် ၁၃၂ ဦးတို့၏ မျိုးဗီဇ (DNA) နမူနာများကို ရယူထားသော်လည်း အခက်အခဲများ ရှိနိုင်သေးကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ အကြီးအကဲက သတိပေးထားပြီး ယခုအချိန်အထိ ရရှိထားသော အလောင်းအိတ်များတွင် တခုထက် မကသော အလောင်းများ၏ အကြွင်းအကျန်များ ပါဝင်နိုင်သည်ဟု ဆိုသည်။
မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းစစ်ဆေးသော လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ကိုင် နေသော်လည်း ခရီးသည်အားလုံး၏ ကျန်ရစ်သော ရုပ်အလောင်းများ အားလုံးကို မရနိုင်ကြောင်း အင်္ဂါနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှား အမျိုးသားရှာဖွေ ကယ်ဆယ်ရေးဌာနမှ မူဟာမက် ဆောင်ဂျီက ပြောသည်။
ထိုဌာနမှ ဝန်ထမ်းများသည် ပတ်စ်ပို့များ၊ ပိုက်ဆံအိတ်များနှင့် မှတ်ပုံတင်ကတ်များ အပါအဝင် လေယာဉ် ပျက်ကျသော နေရာမှ ခရီးသည်များ၏ အသုံးအဆောင်များကို စစ်ဆေးနေကြသည်။
လေယာဉ်ပျက်ရသော အကြောင်းရင်း ပဟေဠိဖြစ်နေ
ထို Boeing 737 MAX 8 လေယာဉ်သစ်သည် ခရီးသည် ၁၈၁ ဦး၊ ဝန်ထမ်း ၆ ဦးနှင့် လေယာဉ်မှူး နှစ်ဦးတို့ကို သယ်ဆောင်သွားပြီး ဘန်ကာကျွန်းရှိ ပန်ကယ်ပီနန်သို့ သွားနေခဲ့ခြင်းဖြစ်သည်။
ထိုလေယာဉ်သည် ၁၉ ကီလိုမီတာ ၁၂ မိုင် ခန့် အရောက်တွင် လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်ရန် လေကြောင်း ထိန်းသိမ်းရေးဌာနသို့ အကြောင်းကြားခဲ့သော်လည်း အရေးပေါ် အခြေအနေဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း မရှိဟု ဆိုသည်။
ရေဒါ အချက်အလက်များ အရ လေယာဉ်ပြန်လှည့်လာသည်ကို ဖော်ပြထားခြင်း မရှိဘဲ ခဏအကြာတွင် လေကြောင်း ထိန်းစခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု လေကြောင်းလမ်း ထိန်းချုပ်ရေး ဌာန AirNav Indonesia မှ ပြောခွင့်ရသူ ရိုဟိန်း စီရိတ်က ပြောသည်။
အရေးပေါ် အခြေအနေဖြစ်နေကြောင်း ကြေညာခြင်း မရှိခြင်းသည် စိတ်ပူစရာ အချက်ဖြစ်သည်ဟု အမေရိကန် ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ လုံခြုံရေးစစ်ဆေးမှု အရာရှိဟောင်း ဒေးဗစ် ဆူစီက ပြောသည်။
“ထူးဆန်းနေတာက အရေးပေါ် အခြေအနေ ဖြစ်နေကြောင်း မကြေညာခဲ့တာပဲ။ သူတို့က ပြန်လှည့်လာမယ် လို့ပဲ ပြောတယ်” ဟု ဆူစီက CNN မှ ဘေးအန္တရာယ် ကင်းရှင်းရေး သုတေသီတဦးကို ပြောပြသည်။
“နောက်တော့ ဒီလေယာဉ်ရဲ့ လမ်းကြောင်း ပြန်ကြည့်လိုက်တော့ လေယာဉ်က အရမ်းကို စိုက်ကျသွားပြီး ဒါက ထုံးစံအတိုင်းဆိုရင် လုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ သူတို့နေနဲ့ အမြင့်ပေကို ထိန်းသိမ်းထားပြီး လေဆိပ်ကို ပြန်လှည့်ခဲ့ရမှာ” ဟု သူက ဆက်ပြောသည်။
လေယာဉ်သည် မပျက်ကျမီ တညက ဒန်ပါစာမှ ဂျကာတာသို့ ပျံသန်းခဲ့ပြီး ချို့ယွင်းချက်ရှိကြောင်း သတင်း ပို့ခဲ့ရာ ထိုချို့ယွင်းချက်ကို အင်ဂျင်နီယာများက ပြင်ဆင်ခဲ့ပြီး ပျံသန်းခွင့်ပေးခဲ့သည်ဟု Lion Air အမှုဆောင် အရာရှိချုပ် အက်ဒဝပ် ဆီရိတ်က ပြည်တွင်း သတင်းဌာနများကို ပြောသည်။
အရေးပေါ် အခြေအနေဖြစ်နေကြောင်း ကြေညာခဲ့ပါက ထိုလေယာဉ်ကို ဆင်းသက်ရာနေရာ ဦးစားပေး ခဲ့မည် ဖြစ်ကြောင်း AirNav Indonesia က ဆိုသည်။
“လေယာဉ် ထိန်းချုပ်လို့ မရတော့တဲ့ အခြေအနေတခု ဖြစ်ခဲ့တယ်” ဟု ဆူစီက ပြောသည်။
သို့သော် လေယာဉ်သည် ဂျကာတာသို့ ပြန်လှည့်လာပုံ မရသောကြောင့် ရာသီဥတု အခြေအနေကြောင့် လေယာဉ် ပျက်ကျခြင်းမဟုတ်ကြောင်း သူက ရှင်းပြသည်။
“လေယာဉ်မှာ အရမ်းမြန်ဆန်တဲ့ ဖြစ်ရပ်တခု ဖြစ်သွားတယ်ဆိုတာ ဒီအချက်က ပြနေတယ်” ဟု သူက ပြောသည်။
သေတ္တာနက်ဟု ခေါ်ကြသော ပျံသန်းမှု အချက်အလက် မှတ်တမ်းတင် ကိရိယာနှင့် လေယာဉ်မောင်းခန်း အသံဖမ်း ကိရိယာ များကို ရှာဖွေမတွေ့ရှိ သေးသော်လည်း ထိုသေတ္တာနက်များမှ အရေးပေါ် နေရာပြ အချက်ပြ ထုတ်လွှင့်သော ကိရိယာကို အပြည့်အ၀ မှီခို အားထားနိုင်ခြင်း မရှိကြောင်းနှင့် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်း လေယာဉ် NH 730 ကဲ့သို့ ရှာဖွေမရ ဖြစ်နိုင်ကြောင်း သူက သတိပေးသည်။
“လောယာဉ် ပျက်ကျသွားရင် ပထမဆုံးရှာရမှာက အဲဒီသေတ္တာတွေပဲ။ ဒါပေမယ့် သူတို့ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကို ပြတဲ့ အချက်ပြစနစ်က အလုပ်မလုပ်ရင်၊ ဒါမှမဟုတ် စနစ်မကျရင် ပြဿနာ အကြီးအကျယ် တက်တော့တာပဲ။ ဒါဟာ လေယာဉ်ထက် စနစ်နဲ့ ဆိုင်တဲ့ပြဿနာပဲ” ဟု သူက ရှင်းပြသည်။
သေတ္တာနက်များသည် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ခရီးစဉ်၏ နောက်ဆုံးမိနစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးသည်။
လေယာဉ်သစ်
Lion Air သည် ထို Boeing 737 MAX 8 လေယာဉ်သစ်ကို သြဂုတ်လကမှ ဝယ်ယူခဲ့ပြီး နာရီပေါင်း ၈၀၀ သာ ပျံသန်း ရသေးသည်ဟု အင်ဒိုနီးရှား အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ကော်မတီ၏ အဆိုအရ သိရသည်။
ထိုလေယာဉ်သည် Boeing ၏ အသစ်လွင်ဆုံးနှင့် အဆင့်အမြင့်ဆုံး ဂျက်လေယာဉ်ဖြစ်ပြီး Lion Air တွင် ၁၁ စင်းရှိသည်။ Boeing ကုမ္ပဏီက ထုတ်ပြန်သော ကြေညာချက်တွင် ဆုံးရှုံးမှုအတွက် လွန်စွာ ဝမ်းနည်း ကြောင်းနှင့် လေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့် ဝန်ထမ်များ၊ ကျန်ရစ်သူ မိသားစုများအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားသည်။
နာရီပေါင်း ၈၀၀ ဆိုသည်မှာ လေယာဉ်အကြောင်း သိရန် လုံလောက်သော အချိန်ဖြစ်သည်ဟု ဆူစီက ပြောသည်။
MAX 8 သည် ထိပ်တန်းလေယာဉ်ဖြစ်ပြီး ဝယ်ယူရရှိနိုင်သည့် အကောင်းဆုံး လေယာဉ်ဖြစ်ကြောင်း၊ ပြုပြင် ထိန်းသိမ်းရေးလုပ်ရန် အကြောင်း မမြင်ကြောင်းလည်း သူက ဆက်ပြောသည်။
CNN မှလေကြောင်းခရီးဆိုင်ရာ သုတေသီ ပီတာ ဂိုလ်ဇက်ကလည်း ထိုအချက်ကို သဘောတူပြီး လေယာဉ်တစင်း ပျက်ကျသည်ဆိုသည်မှာ လွန်စွာ ထူးခြားနေကြောင်း ပြောသည်။
သို့သော် Lion Air ၏ လေယာဉ်မှူးနှင့် တွဲဘက် လေယာဉ်မှူးတို့သည် ပျံသန်းမှု အတွေ့အကြုံ နာရီပေါင်း ၅၀၀၀ မှ ၆၀၀၀ အထိ ရှိသူများဖြစ်ပြီး ရာသီဥတုသည်လည်း အကြောင်းရင်း တရပ်မဟုတ်သောကြောင့် စစ်ဆေးသူ များသည် လေယာဉ်ကိုသာ အာရုံစိုက် စစ်ဆေးကြလိမ့်မည်ဟု အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်း လုံခြုံမှုအဖွဲ့ အကြီးအကဲဟောင်း ဂိုလ်ဇက်က ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဘေးကင်းလုံခြုံရေး အစီအစဉ်ညံ့ဖျင်း
အင်ဒိုနီးရှားနိုင်ငံ၏ လေကြောင်းလုပ်ငန်းများက ဒေသတွင်း နိုင်ငံများထက် များစွာနောက်ကျနေသည်ကို ဖော်ပြသည့် ဘေးကင်းလုံခြုံရေး မှတ်တမ်းကိုလည်း အာရုံစိုက်ကြမည်ဟု သူက ပြောသည်။
လေယာဉ်ပျက်ကျ အပြီးတွင် သြစတြေးလျနိုင်ငံက ၎င်းတို့၏ အရာရှိများနှင့် ကန်ထရိုက်တာများ အနေဖြင့် Lion Air လေကြောင်းလိုင်းကို မသုံးရန် အကြံပြုခဲ့သည်ဟု အစိုးရ အရာရှိတဦးက CNN သို့ ပြောသည်။
Lion Air သည် လုံခြုံရေး စံနှုန်းများ နိမ့်ကျခြင်းနှင့် လေယာဉ်ပျက်ကျမှုများကြောင့် ဥရောပ ဝေဟင်တွင် ၂၀၀၇ ခုနှစ်က ပျံသန်းခွင့် ပိတ်ပင်ခံရသော အင်ဒိုနီးရှား လေကြောင်းလိုင်း ဒါဇင်ပေါင်းများစွာအနက် တလိုင်း ဖြစ်သည်။
ထိုနှစ်မှာပင် ခရီးသည် ၁၄၀ ဦး လိုက်ပါလာသော Garuda Indonesia လေယာဉ် တစင်းသည် အင်ဒိုနီးရှား နိုင်ငံ ယိုဂျာကာတာတွင် ပြေးလမ်းကျော်သွားခဲ့ပြီး မီးလောင်ကာ လူ ၂၁ ဦး သေဆုံးခဲ့သည်။
ထိုဖြစ်ရပ်သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း Lion Air လေကြောင်းမှ လေယာဉ်များ အပါအဝင် အင်ဒိုနီးရှား လေကြောင်းလိုင်း များ၏ မပြီးဆုံးနိုင်သော လေယာဉ်ပျက်ကျမှုများ အနက် တခုသာဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် Lion Air ၏ Boeing 737 လေယာဉ်တစင်းသည် ပြေးလမ်းချော်ပြီး ဘာလီအနီး ပင်လယ် ထဲသို့ ရောက်သွားသောကြောင့် ခရီးသည်များ ဘေးလွတ်ရာသို့ ရေကူးပြေးရသည်။ ထိုနှစ်တွင်ပင် Lion Air ၏ Boeing 737 တစင်းသည်လည်း ဂိုရွန်တလိုရှိ ဂျလာလူဒင် လေဆိပ်သို့ အဆင်းတွင် နွားတကောင်ကို ဝင်တိုက် မိခဲ့သည်။
တခြားသော လေယာဉ်ပျက်ကျမှုများသည်လည်း ကံမကောင်း အကြောင်းမလှပေ။ ၂၀၁၄ ခုနှစ်က အင်ဒိုနီးရှား AirAsia လေကြောင်းခရီးစဉ် ၈၅၀၁ သည် ဆူရာဘာရားမှ စင်ကာပူသို့ ပျံသန်းစဉ် ကာရီမန်တာ ရေလက်ကြားတွင် ပျက်ကျပြီး ခရီးသည် ၁၆၂ ဦးသေဆုံးသည်။
သို့သော် ထိုအချိန်မှစတင်ပြီး လုံခြုံရေးစံနှုန်းများကို တိုးတက်အောင် လုပ်ဆောင်ကာ Lion Air အပါအဝင် အဓိက လေကြောင်းလိုင်းများ နှစ်အတန်ကြာတွင် အမည်ပျက် စာရင်းမှ လွတ်မြောက်လာသည်။ ထိုစာရင်းမှ ကျန် အင်ဒိုနီးရှား လေကြောင်းလိုင်းများကိုလည်း ယခုနှစ်အစောပိုင်းတွင် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
အမေရိကန် ဝေဟင်သို့ အင်ဒိုနီးရှားလေကြောင်းလိုင်းများ ဝင်ရောက်ခွင့် ပိတ်ပင်မှုကိုလည်း ၂၀၁၆ ခုနှစ်က ပယ်ဖျက်ပေးခဲ့သည်။
၂၀၀၇ ခုနှစ်က ပိတ်ပင်မှုသည် အင်ဒိုနီးရှားအစိုးရနှင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ် များနှင့်သာ သက်ဆိုင်ပြီး လေကြောင်းလိုင်း တခုခြင်းနှင့် သက်ဆိုင်မှု မရှိလှကြောင်း အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့မှု များအပေါ် စုံစမ်းစစ်ဆေးမှု အများအပြားတွင် ပါဝင်ခဲ့ဖူးသည့် ဆူစီက ပြောသည်။
အင်ဒိုနီးရှား ကျွန်းစုတွင် ကျွန်းပေါင်း ၁၃၀၀၀ ကျော်ပါဝင်ပြီး မကြာသေးမီ နှစ်များအတွင်းက ပြည်တွင်း လေကြောင်းလုပ်ငန်း ထွန်းကားလာကာ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ခရီးသည် သုံးဆတိုးသည်ဟု သြစတြေးလျ အတိုင်ပင်ခံလုပ်ငန်း ဖြစ်သည့် CAPA-Center for Aviation ၏ အဆိုအရ သိရသည်။ လက်ရှိ အချိန်တွင် အင်ဒိုနီးရှားသည် အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ဂျပန် ပြီးလျှင် ကမ္ဘာ့ ပဉ္စမ အကြီးဆုံး ပြည်တွင်း လေကြောင်း ဈေးကွက်ဖြစ်သည်။
၂၀၁၇ ခုနှစ်မှစတင်ပြီး Lion Air သည် တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံရပြီး ပြည်တွင်း လေကြောင်းဈေးကွက် ဝေစု ၅၀ ရာခိုင်နှုန်းရှိသည်ဟု CAPA ၏ အဆိုအရ သိရသည်။
“အင်ဒိုနီးရှား အစိုးရက ကိုင်တွယ်နေတာက အင်ဒိုနီးရှားနိုင်ငံက ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်တဲ့ အမြင်ကို ပြန်လည်ချိန်ညှိရတဲ့ စနစ်နဲ့ ဆိုင်တဲ့ကိစ္စပဲ။ အတော်တော့ ခရီးရောက်လာပါပြီ” ဟု ဆူစီက ပြောသည်။
ကိုးကား ။ ။ CNN