အစိုးရ ယန္တရားအတွင်းရှိ လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ ပိုင်ဆိုင်မှုများကို ၂၀၂၀ မှစတင်ပြီး ကြေညာနိုင်ရန် ဆောင် ရွက် နေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၂၉ ရက်က နေပြည်တော် သမ္မတရုံးတွင် နှစ်ပတ် တကြိမ် ပြုလုပ်သည့် လတ်တလော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဌေးက“အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောတာ၊ ၂၀၂၀ ကျရင် လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အရာ ရှိ တွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့။ ကျနော်တို့ ကော်မရှင်နဲ့လည်း ဆွေးနွေးနေတယ်။ ဝန်ကြီးဌာနတွေနဲ့လည်း ဆွေးနွေး နေတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး လုပ်ပိုင်ခွင့်အာဏာ ရှိသူဆိုသည့် စကားရပ်နှင့် ပတ်သက်၍“လုပ်ပိုင်ခွင့်အာဏာရှိသူကို ဘယ်လို သတ်မှတ်မလဲဆိုတာ ကျနော်တို့ဘက်ကလည်း ဆွေးနွေးနေတယ်။ ဘာလဲဆိုတော့ညွှန်ချုပ် ၊ ဒုညွှန်ချုပ်၊ လက်/ညွန် ဆိုပြီး အမျိုးမျိုး ရှိတယ်။ တကယ် လုပ်ပိုင်ခွင့်အာဏာက ဥပမာဆိုရင် ခရိုင်မှာဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူး၊ သူက ဥပဒေ အရ လုပ်ပိုင်ခွင့်ရှိတယ်။ တချို့ကျရင်တော့ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဦးစီးမှူးလောက်က လုပ်ပိုင်ခွင့် ရှိတယ်။ ဒီဗဟို ရုံးတွေမှာကျ ရှိချင်မှ ရှိတယ်”ဟု ဆိုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၃) တွင် လုပ်ပိုင်ခွင့် အာဏာရှိသူဆိုသည်မှာ “ရာထူးတာဝန်အရ ဖြစ်စေ၊ စီရင်ပိုင်ခွင့် သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့်အရ ဖြစ်စေ လုပ်ပိုင်ခွင့်အာဏာရှိသော ပြည်သူ့ဝန်ထမ်း၊ ပြည်ပ ပြည်သူ့ ဝန်ထမ်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ၊ အဆင့်မြင့်အရာရှိ သို့မဟုတ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း တခုခု၏ စီမံခန့်ခွဲပိုင်ခွင့် ရှိသူ သို့မဟုတ် ကိုယ်စားလှယ်ကို ဆိုလိုသည်”ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ယင်းဥပဒေ ပုဒ်မ (၄၈) တွင်“လုပ်ပိုင်ခွင့်အာဏာရှိသူများသည် မိမိတို့ ဦးစီးသည့် တစီးပွားတည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့် စာရင်းများကို သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ တနှစ်လျှင် တကြိမ် ကြေညာချက်များ ပေးပို့တင်ပြရမည်” ဟု ဖော်ပြထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်က “နိုင်ငံရေး အာဏာရှိသူ၊ လုပ်ပိုင်ခွင့်အာဏာ ရှိသူတွေပါ။ သူတို့တွေက တင်ရမှာပါ။ ဥပဒေမှာ ပါပြီးသားပါ။ ဝန်ထမ်းတွေ အားလုံးတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်၊ ထန်းတပင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး ထွန်း က လုပ်ပိုင်ခွင့် အာဏာရှိသူများ ပိုင်ဆိုင်မှု ကြေညာရန် ကိစ္စသည် ကြိုဆိုရမည့် လုပ်ရပ်ဖြစ်ကြောင်း ပြော သည်။
“ကိုရီးယားနိုင်ငံ တိုးတက်သွားတယ်ဆိုတာ အဂတိမရှိလို့ တိုးတက်တာလေ။ နိုင်ငံရေးအာဏာရှိတဲ့ သူတွေဆိုတာက ကိုယ်စားလှယ်တွေလည်း ပါမယ်။ အစိုးရအဖွဲ့ဝင်တွေ၊ အရာရှိတွေလည်း ပါတယ်။ အခုလိုရေးဆွဲနေတာ ဖြစ်လည်း ဖြစ်သင့်တယ်။ သဘောတူပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
လုပ်ပိုင်ခွင့် အာဏာရှိသူဟူသည့် သတ်မှတ်ချက်တွင် ဒုတိယ ညွှန်ကြားရေးမှူးနှင့် အထက်ကို သတ်မှတ်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်မှ အဆိုပြုထားပြီး ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဟု သိရသည်။
“တကယ်တမ်း လုပ်ပိုင်ခွင့်ရှိတဲ့ DG (ညွှန်ကြားရေးမှူးချုပ်) တွေ၊ MD (ဦးဆောင်ညွှန်ကြားရေးမှူး)တွေ ရှိတယ်။ ဒီ အပေါ်မှာလည်း ဆွေးနွေးရမယ်။ တချို့ကျ ရာထူးအရတော့ မရှိဘူး။ လုပ်ပိုင်ခွင့် အများကြီး ရှိနေတာလည်း ရှိတယ်။ လုပ်ပိုင်ခွင့်ရှိသော သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာဖို့ ရာထူးနဲ့ ဖြတ်ချမှာလား၊ ဒါတွေလည်း ဆက်ပြီး ဆွေးနွေးဖို့ ရှိပါ တယ်”ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
သို့သော် လုပ်ပိုင်ခွင့်ရှိသူ စာရင်းတွင် အထက်ပိုင်းရာထူးများကိုပဲ သတ်မှတ်ခြင်း မသင့်လျော်ကြောင်းနှင့် ရာထူး ငယ် သော်လည်း လုပ်ပိုင်ခွင့် ရနေသူများကိုလည်း ချန်လှပ်ထား၍ မဖြစ်နိုင်ကြောင်း အကြံပြုမှုများလည်း ရှိသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက“လုပ်ပိုင်ခွင့်ကို အဲဒီလို သတ်မှတ်လို့ မရဘူး။ နေရာတခုမှာ ရှိနေ တဲ့သူတွေက လုပ်ပိုင်ခွင့်ရှိသူတွေပဲ။ အပေါ်ပိုင်းကိုပဲ သတ်မှတ်နေပြီး အောက်ခြေမှာ ဖြစ်နေတဲ့ကိစ္စတွေဆို ဘယ်လို လုပ် မလဲ။ အဂတိဆိုတာကတော့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဆိုရင် မြို့နယ်အဆင့်တွေလည်း ပါရမှာပေါ့”ဟု ဆိုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ပိုမို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် ပြတ်သားစွာ ဆောင်ရွက်ရန် အတွက် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ကော်မရှင်နှင့် အစိုးရ ဌာနများကို တိုက်တွန်းထားကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
အဂတိတိုက်ဖျက်ရေး မူလတန်းမှ စ၍ ပညာပေးမည်
တပ်မတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ကင်းလွတ်နေ
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးတွေကို ထပ်ဖမ်းပြန်ပြီ