မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းမှ သိမ်းဆည်မြေဧက ၁၀၀၀ ကျော်အား လက်ရှိစိုက်ပျိုးနေသည့် တောင်သူများထံ ပြန်လည်ပေးအပ်ပွဲကိုပြုလုပ်ခဲ့သည်။
အဆိုပါပြန်လည်စွန့်လွှတ်သည့်မြေများမှာ တပ်ရင်းတပ်ဖွဲ့များတိုးချဲ့ရာတွင် စိုက်ပျိုးမြေများမှ သိမ်းဆည်းထားသည့် မြေယာများဖြစ်ပြီး ပြန်လည် စွန့်လွှတ်ပေးခဲ့သည့် ၂၅၉၀ ဧကမှ စိစစ်ပြီးသည့် မြေဧက ၁၁၀၇ ဒသမ ၅၉ ဧကအား ယာယီလုပ်ပိုင်ခွင့်ပြု ပုံစံ (၃) လက်မှတ်များကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၃၀ ရက်တွင် တောင်သူများထံယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၃) ထုတ်ပေးခြင်း အခမ်းအနားသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဒုဝန်ကြီးများ ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ဒုသမ္မတဦးဟင်နရီဗန်ထီးယူက“လယ်ယာမြေဆိုတာ တောင်သူတွေရဲ့ ဘဝမျှော်လင့်ချက်နဲ့ ရပ်တည်မှု ဖြစ်ပါတယ်။ ဒါကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေထဲက ပြန်လည်စွန့်လွှတ်ပေးလို့ ရနိုင်မယ့်မြေတွေကို တောင်သူတွေ လက်ထဲ ပြန်လည် လွှဲပြောင်းနိုင်ဖို့ အစိုးရက အထူးတာဝန်တရပ်အနေနဲ့ သတ်မှတ်ပြီးတော့ အလေးထား ဆောင်ရွက်နေပါတယ်။အခုလို ပြန်လည်စွန့်လွှတ်ပေးထားပြီးဖြစ်တဲ့ လယ်ယာမြေတွေ တောင်သူတွေဆီကို ပေးအပ်လို့ရနိုင်အောင် အမြန်ဆုံးလုပ်ဆောင်ပေးနေပါတယ်” ဟု ပြောသည်။
ပြင်ဦးလွင်ခရိုင်သည် မြေယာပြဿနာများ၊ စီမံကိန်းချထားမှုများ၊ ရှုပ်ထွေးမှုများစွာ ရှိနေခြင်းကြောင့် ပြန်လည်ပေးအပ်ရန်၊ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၃)၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) များထုတ်ပေးနိုင်ရန်အတွက် စိစစ်ရသည်မှာ အခြားခရိုင်၊ မြို့နယ်များထက် ပိုမိုခက်ခဲသော်လည်း အဆင့်ဆင့်စိစစ်၍ တောင်သူများအတွက် လုပ်ကိုင်ခွင့်များထုတ်ပေးနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ဆိုသည်။
ယခုကဲ့သို့ ပြန်လည်ပေးအပ်သည့် လယ်ယာမြေများမှာမအောင်မြင်သည့် စီမံကိန်းများ၊ ဆက်လက်လုပ်ဆောင်ခြင်း မရှိသည့် မြေများ၊ နိုင်ငံ့အကျိုး ပြည်သူလူထုအကျိုးအတွက် အသုံးပြုတော့ခြင်း မရှိတော့သည့် မြေများ၊ လိုအပ်သည်ထက် ပိုမိုသိမ်းဆည်းထားသည့်မြေများကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြန်လည်စွန့်လွှတ်စေပြီး တောင်သူများလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေးကို လုပ်ဆောင်ပေးနေခြင်းဟု သိရသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ပေးအပ်သည့် မြေများကို တောင်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးလုပ်ကိုင်ရန်အတွက်လည်း တိုက်တွန်းပြောကြားသွားသည်။
ဒေါက်တာဇော်မြင့်မောင်က “တောင်သူများအနေနဲ့ မိမိလက်ဝယ်မှာရှိတဲ့ စိုက်ပျိုးမြေတွေကို တိုင်းပြည်ရဲ့ အစားအသောက် ဖူလုံရေးအတွက် စဉ်းစားပြီး စိုက်ပျိုးရေးကို ဆောင်ရွက်စေလိုပါတယ်။ နောက် လယ်ယာမြေဥပဒေပါ အချက်အလက်တွေအတိုင်း အသုံးချပြီး သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး လုပ်ဆောင်သလို လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုဘဲ ပျက်ဆီးဆုံးရှုံးမှု မဖြစ်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြပါ”ဟု ပြောသည်။
ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၃) များကို ဖိုကုန်းကျေးရွာ၊ စံပ္ပာယ်နဂိုရ်ရွာ၊ မိုင်းဒိုင်းရွာတို့မှ တောင်သူ (၁၂၄) ဦးထံ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တိုင်းအတွင်းရှိ ပြန်လည်စွန့်လွှတ်ပေးအပ်ရန် ကျန်ရှိနေသောလယ်ယာမြေများကိုလည်း အမြန်ဆုံး ပြန်လည်စွန့်လွှတ်ပေးနိုင်ရန်အတွက်လည်း စိစစ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
မိုင်းဒိုင်းကျေးရွာ မှ တောင်သူဦးချစ်စိုးက“ကျနော်တို့အတွက် အခုလို လယ်ယာမြေတွေကို ပိုင်ပိုင်နိုင်နိုင်လုပ်ပိုင်ခွင့်ရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြန်လည်ရရှိလာတဲ့လယ်ယာမြေတွေ စိုက်လို့ပျိုးလို့ရအောင်နဲ့ တောင်သူတွေ အသက်ရှုချောင်ဖို့ကိုလည်း လုပ်ပေးဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ လက်ရှိမှာ တောင်သူတွေက စိုက်ပျိုးသီးနှံတွေ မအောင်မြင်လို့ နှစ်စဉ် အရှုံးနဲ့ရင်ဆိုင်နေရတာကြောင့်ပါ” ဟု ပြောသည်။
ပြင်ဦးလွင်ခရိုင်တွင် ယခုနှစ် စက်တင်ဘာလကုန်အထိ တောင်သူပေါင်း ၁၂၃၅၇ ဦး၏ ဧရိယာ ၃၅၃၈၇ ဧကကို ပုံစံ (၇) ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။