ရန်ကုန်လူဦးရေ ၇ သန်းထဲမှာ ဘယ်နှစ်ဦးလောက်ကများ ရန်ကုန်ရဲ့ အလှ၊ ရန်ကုန်ရဲ့ ဖြစ်ပျက် ပြောင်းလဲနေမှုတွေကို သတိထား ကြည့်မိခဲ့ကြပါသလဲ။
ပန်းချီကိုကိုနိုင် ကတော့ ရန်ကုန် အလှကို တစိမ့်စိမ့်နဲ့ အရသာခံ နေတတ်ပြီး ရန်ကုန်ရဲ့ ပျက်ဖြစ်၊ ပြောင်းလဲမှုတွေကို တိတ်တဆိတ် သတိထား ကြည့်နေတတ်သူပါ။
သိမ်ဖြူလမ်းက သက်တမ်း ရာကျော်ပြီ ဖြစ်တဲ့ အစိုးရ ပုံနှိပ်တိုက် ပန်းချီကားကို လက်စသပ်ရင်း ကိုကိုနိုင်က “ရန်ကုန်က ခမ်းနား တာပေါ့။ ၈၈ နောက်ပိုင်း ကျတော့ အရင်လို မဟုတ်တော့ဘူးလေ။ တချို့ မြင်ကွင်းတွေက ပျောက်ကုန်ပြီ။ အဆောက်အဦး အောက်ပိုင်းတွေဆို ဆိုင်တွေက ဆိုင်းဘုတ်တွေ တင်လိုက်တော့ ပျက်ကုန်ပြီ။ ဒါကတော့ အရင် ရှိခဲ့တဲ့ ဟာပေါ့” လို့ ဆိုပါတယ်။
ကိုကိုနိုင်ဟာ ရန်ကုန်လမ်းမတွေ ပေါ်ကနေ၊ ရန်ကုန် အထပ်မြင့် အဆောက်အဦးတွေ ပေါ်ကနေ ရန်ကုန်မြို့ရဲ့ အလှကို အရသာခံလေ့ ရှိပါတယ်။ သွားလာလှုပ်ရှားနေကြတဲ့ လူအုပ်ကြီးထဲမှာ ရပ်ပြီး အဆောက်အဦး တခုခုကို ကြည့်နေ၊ ဓာတ်ပုံ ရိုက်နေ တတ်ပါတယ်။
အခုတော့ သူရဲ့ ရန်ကုန်မြို့ပြကို အနီးအဝေး မြို့ပြ ပန်းချီကားတွေ အဖြစ် ဘိုကလေးဈေးက ပန်သူရိယ အနုပညာ ပြခန်း မှာ ပြသတော့မှာ ဖြစ်ပါတယ်။
ဒီပွဲဟာ ပန်းချီကိုကိုနိုင်ရဲ့ ၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်ကနေ ၆ ရက် အထိ ပြသ သွားမှာပါ။
“ခေတ်တွေရဲ့ အနီးအဝေး လို့လည်း ပြောလို့ ရတာပဲ။ ကာလတွေရဲ့ အနီးအဝေးပေါ့” လို့ ပန်းချီ ကိုကိုနိုင်က ဆိုပါတယ်။
သိမ်ဖြူလမ်း အစိုးရ ပုံနှိပ်တိုက်နဲ့ ဝန်ကြီးများရုံး အစိတ်အပိုင်းတွေ၊ ဗန္ဓုလလမ်း ကြေးနန်းရုံး ဘက်ကနေ မြင်ရတဲ့ လွတ် လပ်ရေး ကျောက်တိုင် တဝက်၊ ဧမာနွေလ ဘုရားကျောင်းနဲ့ သူ့အပေါ်က တယ်လီဖုန်း တာဝါတိုင်တွေ၊ တိုက်ခေါင်မိုးတွေ ပေါ်က ထိုးထိုးထောင်ထောင် ရုပ်သံစလောင်းတွေ၊ ဗိုလ်ချုပ်ဈေးရှေ့ အဆောက်အဦး အသစ်ကြီးတွေဟာ လှပပြီး ငြိမ် သက်တဲ့ ခံစားမှုကို ပေးပါတယ်။
အသစ်အဟောင်း အားပြိုင်မှုတွေ ကိုလည်း သတိပြုနိုင်မှာပြီး ဖြိုချခံခဲ့ရပြီး ဖြစ်တဲ့ အဆောက်အအုံတွေကို ဗဟုသုတ အဖြစ် တွေ့မြင် ခံစားနိုင်ကြမှာလည်း ဖြစ်ပါတယ်။
အနီးအဝေး မြို့ပြ ပန်းချီပြပွဲမှာ ပန်းချီကား ၁၅ ကား ပြသသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ပန်းချီကား အလိုက် သတ် မှတ်ထားပါတယ်။
ပန်းချီကိုကိုနိုင်ရဲ့ မွေးရပ်ဇာတိမှာ မော်လမြိုင်က ဖြစ်ပြီး ဖခင်နဲ့ အဖိုး ဖြစ်သူထံက ပန်းချီပညာကို သင်ယူခဲ့ပါတယ်။
နာမည်ကျော် စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာ မောင်မောင်သိုက်ရဲ့ ပံ့ပိုးမှုနဲ့ စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာ တယောက် ဖြစ်လာပြီး နောက်ပိုင်း သူ့ရဲ့ခေတ်ပြိုင် မြို့ပြ ပန်းချီကားတွေ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ ပုံတူ ပန်းချီ ကားတွေဟာ လူကြိုက်များခဲ့ပါတယ်။
သူဟာ အုပ်စုလိုက် ပန်းချီပြပွဲတွေမှာ ပါဝင် ပြသခဲ့ပြီး ဗြိတိသျှ ပန်းချီ ဆရာမ Kate Bowen၊ နယ်သာလန် ပန်းချီ ဆရာမ Ietje Preel စတဲ့ ပြည်ပ အမျိုးသမီး ပန်းချီဆရာမတွေနဲ့လည်း နှစ်ယောက်တွဲ ပန်းချီပြပွဲတွေ ပြသခဲ့ပါသေးတယ်။