နေပြည်တော် ဝင်ဒါမီယာဟု ခေါ်သည့် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာ (၂) တွင် ဖြစ်ပွားခဲ့သည့် လူသတ်မီးရှို့မှု တရားခံအား စောင့်ကြည့်ရေးကင်မရာ (CCTV) မှတ်တမ်းများအရ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှူး ဦးတင်ဌေးက မီဒီယာများသို့ ပြောသည်။
မိမိကိုယ်တိုင် ကျူးလွန်ပါသည်ဟု ဝန်ခံထားသည့် တရားခံ မျိုးကျော်သက်မှာ မမီးငယ်အား အချင်း များ သတ်ဖြတ်မိကာ အလောင်းအား မီးရှို့ပြီးနောက် နေအိမ် ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်အား မောင်းနှင်သွားပြီးနောက် အဆိုပါကားအား နေပြည်တော် တပ်ကုန်းမြို့အနီး၊ ရန်ကုန် မန္တလေး လမ်းဟောင်းတွင် ထားရစ်ခဲ့သည့်အတွက် ယင်းမှ ဆက်စပ်ကာ ယခုကဲ့ သို့ ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်ဟု သိရသည်။
စခန်းမှူး ဦးတင်ဌေးက “ဒီကား ဖြတ်သန်းခဲ့တဲ့ ဒီကားအပေါ်မှာ ပါတဲ့ ဘောင်ချာလေးတွေ ကြည့်တဲ့ အခါကျတော့ တိုးဂိတ်ကို ဖြတ်တဲ့ ချလန် ၂ ခု သွားတွေ့တယ်။ ကင်းသာဂိတ်၊ တပ်ကုန်းဂိတ် ၊ ရမည်း သင်းဂိတ်၊ ချွဲတပ်ဇုန် တိုးဂိတ်မှာ CCTV မှတ်တမ်း ရှိတယ်။ မှတ်တမ်းသွားယူပြီး ဓာတ်ပုံ ထုတ် လိုက်တဲ့ အခါမှာ ဓာတ်ပုံထဲမှာ အဲဒီဟာ (တရားခံ) သွားတွေ့တယ်” ဟု ပြောသည်။
သေဆုံးသူမှာ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ အိမ်ရာ (၂)၊ ကျွမ်းချောင်း(၂) လမ်းရှိ ခြံအမှတ် (၂၀၄၂) တွင် နေထိုင်သူ Aung Myin Chan Thar Construction, WE & WE Interior Design Decoration ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ် ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက်က ယင်းနေအိမ်တွင်ပင် အသတ်ခံရကာ ကျန်ရှိသည့် ခန္ဓာကိုယ်အား မီးရှို့ခံထားရခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် တရားခံမှာ အသက် ၂၅ နှစ်အရွယ် ကိုမျိုးကျော်သက်ဆိုသူဖြစ်ပြီး ပျဉ်းမနားမြို့ သနပ္ပင်ဆိပ်တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။
“CID (မှုခင်းရဲ) အဖွဲ့နဲ့ ကျနော်နဲ့ သူနေတဲ့ အိမ်ကို သွားတယ်။ ကောင်လေးနေတဲ့ အိမ်ကိုသွားတယ်။ CCTV မှတ်တမ်းက ပုံကို ပြလိုက်တယ်။ ဒီဓာတ်ပုံက ဘယ်သူဓာတ်ပုံလဲဆိုတော့ ဒါ ဟုတ်တယ်။ သူ့သား ဓာတ်ပုံပါ။ ဒီအင်္ကျီ သူ ဝတ်သွားတာ ဟုတ်တယ်ဆိုတော့ မှန်သွားတယ်။ သူ့ကို ဖုန်းအဆက် အသွယ်နဲ့ ဆက်သွယ်ခိုင်းတော့ ဒီလိုမျိုးဖြစ်သွားတာ ဒေါသစိတ်ကို မထိန်းနိုင်တဲ့ အတွက် ဖြစ်သွားပါ တယ်။ နောက်ကို မဖြစ်စေရပါဘူး။ သူ့အပြစ် သူ ဝန်ခံပါ့မယ်ဆိုပြီး စာသားလေး ပြန်ရေးလာတယ်” ဟု စခန်းမှူး ဦးတင်ဌေးက ဆိုသည်။
ကိုမျိုးကျော်သက်မှာ အသတ်ခံရသူ၏ ဝန်ထမ်ဟောင်း (ဒရိုင်ဘာ) ဖြစ်ပြီး အလုပ်ထုတ်ပယ်ခံထားရ သည့်အတွက် အလုပ်ပြန်ခန့်ရန်နှင့် လစာတိုးပေးရန် မမီးငယ်၏ နေအိမ်တွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် တောင်းဆိုရာမှာ ယင်းမှုခင်း ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု တရားခံဘက်မှ ထွက်ဆိုထားကြောင်း ရဲစခန်းစစ်ဆေးချက်များတွင် ဖော်ပြထားသည်။
ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သည့်အတွက် မမီးငယ်မှ ရဲစခန်းသို့ အကြောင်းကြား တိုင်တန်းရန် ဖုန်း ဆက်စဉ် ဖုန်းမဆက်ရန် အတွက် တားမြစ်စဉ် အချင်းများရာမှ မမီးငယ်မှာ အိမ်သာခန်းအတွင်း သို့ ပြေးဝင်၍ အခန်းတံခါး သော့ချထားရာ ကိုမျိုးကျော်သက်မှာ တံခါးအား ဖျက်ဆီးဝင်ရောက်၍ ရေချိုးအသုံးအဆောင်များ တင်ထားသည့် တုတ်ချောင်းဖြင့် မမီးငယ်၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ရဲစခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုသို့ ရိုက်နှက်စဉ် မမီးငယ်မှ ပြန်လည် ခုခံသည့်အတွက် မျိုးကျော်သက်မှာ အသင့်ပါလာသည့် ဓားဖြင့် ရင်ဘက်နှင့် နောက်ကျောတို့အား တချက်စီ ထပ်မံထိုးခဲ့ပြီးနောက် လဲကျနေသည့် မမီးငယ်၏ ခန္ဓာကိုယ်ပေါ်သို့ နေအိမ်အတွင်းရှိသည့် စာရွက်များ၊ တဘတ်များ ဖုံး၍ အရက်လောင်းချကာ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရဲစခန်းစစ်ဆေးချက် များ အရ သိရသည်။
စခန်းမှူး ဦးတင်ဌေးက “ဘားစင်ပေါ်မှာ အရက်ပုလင်း တွေ့တယ်။ စိတ်ကူးထဲမှာ ပေါ်လာတာ အရက်နဲ့ မီးရှို့ရင် ရတယ်။ အဲဒီအနားမှာ ရှိတဲ့ စက္ကူပုံကို ယူ၊ သူ့အပေါ် လောင်းချတယ်။ စက္ကူတွေ ရော၊ ပိုက်ဆံတွေရော၊ ပိုက်ဆံတွေကို ဖယ်ထုတ် တယ်။ တချို့ သွေးစွန်းနေတဲ့ ပိုက်ဆံတွေကို မယူဘူး တဲ့။ ကျန်တဲ့ ပစ္စည်းတွေ ယူမယ်ဆိုပြီး လက်တော့ပ်တွေ၊ ဟမ်းဖုန်း တွေကို ယူတယ်။ ယူပြီး အဲဒီအမျိုး သမီးကို မျက်နှာသုတ်ပုဝါတွေ ထပ်အုပ်တယ်။ ထပ်အုပ်ပြီး အရက်ပုလင်းနဲ့ လောင်း၊ ပြီးတော့မှ ဂက်စ်မီးခြစ်နဲ့ မီးရှို့ပြီး အခန်းထဲကနေ ထွက်လာတယ်” ဟု တရားခံ မျိုးကျော်သက်က ထွက်ဆိုထား ကြောင်း ရှင်းပြသည်။
ယင်းသို့ အလောင်းဖျောက်ဖျက်ပြီးနောက် နေအိမ်အတွင်းရှိ ကွန်ပျူတာ လက်တော့ပ် ၁ လုံး၊ iPhone ၂ လုံး၊ Huawi အမျိုးအစား ဖုန်း ၁ လုံး နှင့် ဆက်စပ်ပစ္စည်းများ၊ လက်ပတ်နာရီ ၁ လုံးနှင့် ပိုက်ဆံ လေးသိန်းကျော်အား ရယူကာ နေအိမ်အတွင်း အသင့်ရှိနေသည့် ကားကို မောင်းနှင် ထွက်ပြေးသွား ခြင်း ဖြစ်သည်။
တရားခံမှ ခိုးယူမောင်းနှင်သွားသည့် ကားအား နေပြည်တော် တပ်ကုန်းမြို့အနီး၊ ရန်ကုန် မန္တလေး လမ်းဟောင်းတွင် ထားရစ်ခဲ့ပြီးနောက် ပျဉ်းမနားမြို့၊ သနပ္ပဆိပ်ရှိ မိဘနေအိမ်သို့ ပြန်လာကာ ခိုလှုံနေခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်တွင် အဆိုပါ နေအိမ်သို့ ဘုရားကုန်းရဲစခန်းမှူးနှင့် အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စခန်းမှူး ဦးတင်ဌေးက “၁၂ နာရီ ထိုးရင် အဖေ အမေတို့ကို လာတွေ့မယ်။ သူ့အဖေကိုလည်း အရက် မသောက်ပါနဲ့ သူတော့ မှာသွားပါတယ်။ အဲဒီအတွက် အဖမ်းလည်း ခံပါ့မယ်။ ဒီညတော့ လွတ်လွတ် လပ်လပ် နေချင်သေးတယ်။ အဲဒါဆို ကျနော်တို့ ဆက်သွယ်လိုက်ရင် လာခေါ်ပါ့မယ်။ ကျနော်တို့ လည်း အခြား အစီအရင်ခံစာတွေ ဘာတွေ ရိုက်ပြီး ဒီနေ့မနက် ကျ သူ့အိမ်ကို သူပြန်ဝင်လာတယ်။ ပြန်ဝင်လာပြီးတော့မှ သူယူသွားတဲ့ ခရီးဆောင်အိတ်ထဲမှာ ထည့်ထားတဲ့ ပစ္စည်းတွေ၊ ပိုက်ဆံ ၄သိန်း ၅ သောင်း ၅ ထောင်ပါ ပြန်ယူလာတယ်” ဟု ပြောသည်။
ကျူးလွန်ကြောင်း ကိုယ်တိုင်ဝန်ခံထားသည့် တရားခံ ကိုမျိုးကျော်သက်မှာ လွန်ခဲ့သည့် ၆ လခန့်က အဆိုပါကုမ္ပဏီတွင် ယာဉ်မောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်စဉ် မမီးငယ်မှ လုပ်ငန်းနှင့် မသက်ဆိုင်သည့် လူမှုရေးဆိုင်ရာများကို ခိုင်းစေခဲ့ သည့် အတွက် မကျေနပ်ချက်များ ရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားချိန် တွင် တရားခံမှာ အရက် သောက်သုံးထားသည်ဟု ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။
မီးရှို့ ဖျောက်ဖျက်ခံထားရသည့် မမီးငယ်၏ ခန္ဓာကိုယ်အား ကုမ္ပဏီဝန်ထမ်းများမှ မီးပူတိုက်ထား သည့် အဝတ်အထည်များ ပေးရန် လာရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ ကနဦး တွေ့ရှိ ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူ မမီးငယ်မှာ အသက် ၄၇ နှစ်အရွယ် သားတယောက် မိခင်ဖြစ်ပြီး မိသားစုများမှာ ရန်ကုန်မြို့တွင် နေထိုင်ကြပြီး သူတဦးသာ အလုပ်ကိစ္စဖြင့် နေပြည်တော်တွင် တဦးတည်း နေထိုင်ခြင်း ဖြစ်သည်ဟု သိရသည်။
“ကုမ္ပဏီမှာ ညအိပ်တဲ့ သူ့ရဲ့လူယုံတော်ကလည်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရန်ကုန်ကို ပြန်သွား တယ်။ အဲဒီတော့ သူတယောက်တည်း ဖြစ်နေတာ” ဟု စခန်းမှူး ဦးတင်ဌေးက ပြောသည်။
လက်ရှိတွင် လူသတ် မီးရှို့ကို ကျူးလွန်ကြောင်း ကိုယ်တိုင်ဝန်ခံထားသူ မျိုးကျော်သက်အား ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့ ရဲစခန်းမှ စခန်းမှူး ဦးတင်ဌေးက တရားလိုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။