ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များထဲမှ ၂၀၀၀ ကျော်ကို နိုဝင်ဘာလ ၁၅ ရက်တွင် စတင် လက်ခံရန် သဘောတူထားပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုလိုက်သည်။
မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ တွေ့ဆုံခဲ့ပြီးနောက် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၃၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ဝန်ကြီးက ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “၂၀၀၀ ကျော်ကို ၁ ပတ် ၁၅၀ လောက် လက်ခံမယ်။ ငါးခူရ ရေလမ်းဘက်က လာမယ်။ ၁၅ ရက်နေ့ စမယ်။ နှစ်နိုင်ငံ သဘောတူညီချက် ရသွားပြီ။ သူတို့ မနေ့က အစည်းအဝေး လုပ်ကြတယ်။ ဒီနေ့ ထုတ်ပြန်မယ် ထင်တယ်” ဟု ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် တနှစ်ကျော်ကြာ နှောင့်နှေးနေသည့် ဒုက္ခသည် ပြန်လည်လက်ခံရေး အစီ အစဉ်အား နှစ်နိုင်ငံ သဘောတူညီမှုစာချုပ ်အတိုင်း စတင်နိုင်ရန် အောက်တိုဘာလ ၃၀ ရက်က နှစ်နိုင်ငံအဖွဲ့ တွေ့ဆုံခဲ့ပြီး သဘောတူညီမှု ရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေမှုအား ဖြေရှင်း နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့နှင့် ကနဦး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခသည် ၈ သိန်းကျော်မှာ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ရကြောင်း နိုင်ငံတကာ အဖွဲ့အစည်း ထုတ်ပြန်ချက်များနှင့် သတင်းများတွင် ဖော်ပြထားသည်။
၎င်းတို့အား ပြန်လည် စိစစ်လက်ခံရန်အတွက် မြန်မာအစိုးရဘက်မှ အသင့်ပြင်ထားသော်လည်း နှစ်နိုင်ငံ သဘော တူညီချက်ဖြင့် ပြန်လည်သူ တဦးတယောက်မှ မရှိသေးပေ။
အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “ဒုက္ခသည်စခန်းထဲက အသံ တွေကို နားထောင်တဲ့အခါကျတော့ သူတို့မှာ တောင်းဆိုချက်တွေ ပါတယ်။ ဒီလူတွေသာ အမှန် တကယ် ဒီနေရာမှာ နေခဲ့ တယ်ဆိုရင် နိုင်ငံသား ဖြစ်ခွင့်လည်း ရှိတယ်။ နိုင်ငံသား အရည်အချင်း တွေနဲ့ ပြည့်စုံတယ်ဆိုရင် ဘာပဲပြောပြော နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးဖို့တော့ လိုလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး လက်ရှိတွင် ဘင်္ဂါလီဒုက္ခသည် ကိစ္စမှာ တနိုင်ငံလုံးနှင့် သက်ဆိုင်နေပြီး နိုင်ငံတကာမှလည်း ဖိအားပေးမှု မြင့်တက်နေကြောင်း၊ ဒုက္ခသည်များ ပြန်လာရေးမှာ စိတ်ချလုံခြုံရ သည့် ပတ်ဝန်းကျင် ဖြစ်နေမှုအပေါ် မူတည်နေသည့်အတွက် ယင်းကို ဖန်တီးပေးနိုင်မှသာလျှင် နိုင်ငံ တကာ ဖိအားလျော့ကျ နိုင်မည် ဖြစ်ကြောင်း ဆိုသည်။
ပြန်လာမည့် ဒုက္ခသည်များတွင် အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း ပါဝင်သူများ ရှိလာနိုင်သည်ကို အစိုးရက သတိထား ရန် လိုအပ်ပြီး ဒုက္ခသည် ပြန်လည်လက်ခံရုံဖြင့် နိုင်ငံတကာ ဖိအား လျော့ကျ မည်ဟု မမျှော်လင့်ထားသင့်ကြောင်း သုံးသပ်သူများလည်း ရှိသည်။
ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဖေသန်းက “နိုင်ငံတကာဖိအားတွေမှာက လက်ခံတဲ့ အပေါ်မှာတင် မဟုတ်ဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေ အများကြီး ရှိတယ်။ ဒီလူတွေကို နိုင်ငံသား ဖြစ်ရေး၊ လူ့အခွင့် အရေး၊ တခြားနိုင်ငံသား အခွင့်အရေးတွေ ပေးဖို့ အများကြီး ဆက်ပြီး တော့ ဖိအားတွေ ပေးနေဦးမှာပဲ။ လက်ခံရုံ သက်သက်ကတော့ ဘာမှ မထူးဘူး။ ရိုဟင်ဂျာဆိုတဲ့ နာမည် မရမချင်း နိုင်ငံတကာ ဖိအားတွေက ရှိနေဦးမှာပဲ” ဟု ပြောသည်။
နှစ်နိုင်ငံ သဘောတူညီချက်အရ ငါးခူရ၊ တောင်ပြိုလက်ဝဲမြို့များတွင် မြန်မာဘက်က ဇန်နဝါရီလ ၂၁ ရက်မှစ၍ လက်ခံရေးစခန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး လှဖိုးခေါင်တွင် ကြားစခန်း ဖွင့်ထားကာ စိစစ် လက်ခံမည်ဟု မြန်မာအစိုးရ ဘက် ကြေညာထားသည်။
တရားဝင်လမ်းကြောင်းမှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မိမိသဘောဆန္ဒအရ ပြန်လာသူများနှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်သူ ဘင်္ဂါလီ ဒုက္ခသည် ၁၇၀ ကျော်ကို ၎င်းတို့ ဆွေမျိုးသားချင်းများ ရှိသည့် ကျေးရွာများ၌ ပြန်လည် နေရာချထားပေးပြီး ဖြစ်ကြောင်း မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက ဧရာဝတီသို့ ပြောဆိုထားသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် နယ်စပ်တလျှောက်ရှိ ရဲကင်းစခန်း များအား ARSA အကြမ်းဖက် အဖွဲ့များက တိုက်ခိုက်ပြီးနောက် မြန်မာအစိုးရ စစ်တပ် က ရှင်းလင်းမှု ဖြစ်စဉ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း နိုင်ငံတကာက ပြောဆိုနေကြ ပြီး နိုင်ငံရေးနှင့် စီးပွားရေးအရ ပိတ်ဆို့မှုများ ပြုလုပ်လျက် ရှိသည်။
ဥရောပသမဂ္ဂ (EU) အပါအဝင် အနောက်နိုင်ငံအချို့က စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်အချို့အား ကန့်သတ်ပိတ်ပင် မှုများ ပြုလုပ်ထားကာ EU က မြန်မာနိုင်ငံကို ပေးထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို ရုပ်သိမ်းမည် ဟု ဖိအားပေးထားပြီး ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ (EU EBA Monitoring Mission) ကို မြန်မာနိုင် သို့ စေလွှတ်ထားသည်။
နိုင်ငံတကာ ဖိအား လျော့ကျစေရန်အတွက် ဖိလစ်ပိုင်နိုင်ငံ သံတမန်တဦးဖြစ်သူ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုအား ဥက္ကဋ္ဌအဖြစ်ထား၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းထားပေးထားသည်။
စုံစမ်းစစ်ဆေးမှုများအတွက် မြန်မာအစိုးရက ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အဝေပေးထားသည်။
ဆက်စပ်သတင်း
ဘင်္ဂါလီ ဒုက္ခသည် ၁၇၀ ကျော် ပြန်လည် နေရာချထားပေး
ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေး မြန်မာကို ထိုင်းနှင့် စင်္ကာပူ တွန်းအားပေးမည်
အနောက်နိုင်ငံများ ပိတ်ဆို့ဒဏ်ခတ်ရန် လုပ်ဆောင်မှုများ “ဘာမှ အဓိပ္ပါယ် မရှိ”ဟု ဂျပန် သံအမတ် ပြော
ဘင်္ဂလားဒေ့ရှ်နှင့် နောက်တကြိမ် တွေ့ပြီးပါက ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး စတင်နိုင်ဟု ဆို
ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များအတွက် စံပြကျေးရွာများ တည်ဆောက်နေ