ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူ မြို့နယ် အတွင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)တို့ကြား စစ်ရေး တင်းမာနေသဖြင့် ဒေသခံ ၁ ထောင်ကျော် တိုက် ပွဲ ရှောင်နေရကြောင်း သတင်း ရရှိသည်။
TNLA သတင်းနှင့် ပြန်ကြား ရေး ဌာန၏ ထုတ်ပြန်ချက်အရ ယခုလ အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ထားပြီး၊ အောက်တိုဘာ ၂၉ ရက်နေ့ နမ္မတူ မြို့နယ်၊ မုန်းတောင် ကျေးရွာထဲ၌ TNLA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) ပူးပေါင်း အဖွဲ့နှင့် RCSS တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
“တနေ့ကတော့ တိုက်ပွဲ ရှိတယ်။ နမ္မတူမြို့နယ်ထဲ မှာ RCSS နဲ့ တိုက်ပွဲ ဖြစ်တယ်။ ကျေးရွာနဲ့တော့ မနီးဘူး။ အဲဒီဘက်မှာ ခေါ်တာက မုန်းတောင် ကျေးရွာခွင်ထဲမှာ ပါတာ။ ၂ ဖက်တပ်တွေ မန်စံ- ပန်လုံ အဲဒီနား တဝိုက်တော့ ဆိုင်းထားတာ ရှိတယ်” ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
လက်ရှိတွင် TNLA နှင့် RCSS ကြား နမ္မတူမြို့နယ်၊ ပန်လုံ၊ မန်စံနှင့် မုန်းတောင် အစရှိသော ကျေးရွာများ၌၂ ဖက် တပ်ဖွဲ့ ဝင်များ စစ်ရေး တင်းမာနေကာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်သည်။
ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး(UN OCHA Myanmar)မှ အောက်တိုဘာ ၃၀ ရက်က ရှမ်းပြည် နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အောက်တိုဘာ ၂၄ ရက် မှစ၍ လူဦး ရေ ၁၁၀၀ ကျော် ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် နမ္မတူနှင့် လားရှိုး မြို့နယ်များတွင် TNLA –SSPP ပူးပေါင်း တပ်ဖွဲ့နှင့် RCSS တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နမ္မတူ မြို့နယ်ရှိ ကျေးရွာ ၈ ရွာမှ လူဦးရေ ၆၃၀ ခန့်မှာ နေရပ် စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး လားရှိုးမြို့နယ်၌ လူဦးရေ ၅၀၀ ခန့်မှာ နေရာ ၃ နေရာသို့ ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
TNLA –SSPP ပူးပေါင်း တပ်ဖွဲ့နှင့် RCSS တို့ကြား ယခုလ ၂၃ ရက်က သီပေါမြို့နယ်၊ လွယ်လမ်း တောင် အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၂၄ ရက်တွင် လွယ်လမ်းတောင် အနီး တနေရာ အပါအဝင် နမ္မတူမြို့နယ်၊ ကုန်းကဲနှင့် နမ့်တက် ကျေးရွာ တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသလို ၂၉ ရက်၌လည်း နမ္မတူမြို့နယ်၊ မုန်းတောင် ကျေးရွာအနီး တနေရာ စသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
အလားတူ စက်တင်ဘာလနှင့် သြဂုတ်လတွင်လည်း နမ္မတူမြို့နယ် အတွင်းရှိ ပန်လုံ၊ ပန်ကွက်၊ ပန်ဆော ကျေးရွာများတွင် TNLA-SSPP ပူးပေါင်း တပ်ဖွဲ့နှင့် RCSS ကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြပြီး ဒေသခံ တချို့ ထွက်ပြေးခဲ့ကြရသည်။
TNLA နှင့် RCSS သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း၌ နယ်မြေ အငြင်းပွားရာမှ တဆင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
RCSS သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော အဖွဲ့ ဖြစ်ပြီး TNLA နှင့် SSPP တို့သည် NCA ထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့များ ဖြစ်ကြသည်။
ဆက်စပ်ဖတ်ရှု့ရန် – နမ္မတူတွင် TNLA-SSPP ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်မတော် တိုက်ပွဲဖြစ်