ဖုယွင် အထည်ချုပ် စက်ရုံမှ အလုပ်သမား သပိတ် စခန်းကို အလုပ်ပြန်ခန့်ရေး သဘောတူ စာချုပ် ချုပ်နိုင်ခဲ့သည့် အတွက် ပိတ်သိမ်းပြီး ဖြစ်ကြောင်း သပိတ်စခန်း ခေါင်းဆောင် မသက်ထားဆွေက ပြောသည်။
အလုပ်ထုတ်ခံရသည့် ဝန်ထမ်း ၃၀ ဦးအား အလုပ်ပြန်ခန့်ရေး သပိတ်စခန်းဖွင့် တောင်းဆိုမှု ၇၂ ရက် မြောက် ပြည့်သည့် ယနေ့ ၌ ဒဂုံ ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် စက်ရုံ မန်နေဂျာနှင့် အလုပ် သမား သမဂ္ဂအဖွဲ့များ ညှိနှိုင်း၍ သဘောတူ စာချုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မသက်ထားဆွေက “အခု ဆိုရင် သပိတ်စခန်းသိမ်းတော့မယ်။ အလုပ်ထုတ်ခံရသူတွေရော၊ သူတို့ကို ဝန်းရံခဲ့တဲ့ သပိတ်မှာ ပါဝင်သူတွေရော အလုပ် ပြန်ခန့်ဖို့ သဘော တူညီမှုရခဲ့ပြီ။ သပိတ်က တရား သော တိုက်ပွဲဖြစ်တဲ့ အတွက် အောင်မြင်ခဲ့ တယ်” ဟု ဧရာဝတီကို ပြောသည်။
အလုပ်သမားများအနေနှင့် နိုဝင်ဘာ ၆ ရက်တွင် အလုပ် စဆင်းရမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ နှစ်ဖက် ညှိနှိုင်းရာတွင် နဂို ရာထူး၊ လစာများ အတိုင်း လုပ်ငန်းခွင် ပြန်ဝင်ရေး သဘောတူညီမှု ရရှိခဲ့သော်လည်း သပိတ် စခန်းအား အကြမ်းဖက် ရိုက်နှက် ဖြိုခွဲခဲ့သည့် အောက်တိုဘာ ၁၅ ရက် အဖြစ်အပျက်နှင့် ပတ်သက်၍ နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားမှုများကို ဆက်လက် ဖြေရှင်းရမည် ဖြစ်ကြောင်း သိရသည်။
ဖြိုခွင်းခံရမှု အတွင်း သပိတ်စခန်း ဖွင့်တောင်းဆိုသူ အလုပ်သမားများထဲမှ ၆ ဦးကို ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနသို့ တင်ပို့ ကုသခဲ့ရပြီး ယင်း လုပ်ရပ် အပေါ် ကျေနပ်မှု မရှိသည့် စက်ရုံ အနီး ရပ်ကွက်၌ နေထိုင်သူ တချို့က စက်ရုံအား ခဲများဖြင့် ပစ်ပေါက်ကြကာ ယင်းနေ့ ညနေပိုင်း တွင်ပင် ရပ်ကွက်နေထိုင်သူ ၃ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
အကြမ်းဖက် ဖြိုခွင်းခံရပြီး ဖုယွင် အလုပ်သမား သပိတ်ဖွင့်ခဲ့သူများ အနေဖြင့် ၎င်းတို့၏ ပြဿနာများ အပေါ် အစိုးရမှ ဖြေရှင်းပေးရေး အတွက် အောက်တိုဘာ ၂၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ဂိတ်အမှတ် ၄ ရှေ့၌ သပိတ် စခန်း ဖွင့်လှစ်ပြီးနောက် ညပိုင်းတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တွေ့ဆုံ ညှိနှိုင်းခဲ့ရသည်။
အောက်တိုဘာ ၃၀ ရက်နေ့ ညနေတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်တချို့ ဖုယွင် အထည်ချုပ် စက်ရုံကို သွားရောက်၍ ဆန္ဒပြအလုပ်သမားများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဖုယွင် အထည်ချုပ် စက်ရုံဘက်မှ စက်ရုံ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် ၃၀ ဦးအား ယခုနှစ် သြဂုတ်လ ၃၀ ရက်တွင် အလုပ် ထုတ်ရာမှ စတင်၍ ဖုယွင် အလုပ်သမားသပိတ် စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ဖုယွင် အလုပ်သမားသပိတ် ဖြိုခွဲခံရမှု ၆ ဦး အရေးပေါ် တင်ထားရ
ဖုယွင် အလုပ်သမားသပိတ်က ပေးတဲ့ အတွေး