သတင်း

မောင်တောရှိ ဟိန္ဒူ ဒုက္ခသည် စခန်း ရိက္ခာ ပြတ်လပ်နေ ဟုဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်တန်း ရပ်ကွက်၌ ဖွင့်လှစ်ထားသော ဟိန္ဒူ ဒုက္ခသည်စခန်းတွင် ရိက္ခာ ပြတ်လပ်နေ ကြောင်း သတင်းရရှိသည်။

အဆိုပါ စခန်းရှိ ဟိန္ဒူ ဘာသာဝင်များကို ယခင်က လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနက ပုံမှန် ရိက္ခာပေးခဲ့သော်လည်း ယခုနှစ် သြဂုတ်လမှ စတင်ကာ ရိက္ခာ ထောက်ပံ့မှုကို မရှိတော့ကြောင်း စခန်း တာဝန်ခံ ဦးနီမောလ် က ပြောသည်။

ဦးနီမောလ်က “ကျနော်တို့ ရိက္ခာ မရတာ ၃ လလောက် ရှိပြီ။ ခရိုင်ကို တင်ပြတော့လည်း အထက်ကို တင်ပြထားတယ်၊ ကျမလာသေးဘူးလို့ ပြောတယ်။ အခု ကျနော်တို့ စားရေးသောက်ရေး တော်တော် အခက်အခဲ ဖြစ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ဟိန္ဒူ ကယ်ဆယ်ရေး စခန်း၌ လူဦးရေ ၁၂၂၅ ရှိပြီး လက်ရှိ အချိန်တွင် စခန်း၌ နေထိုင်သူများ၏ စားဝတ်နေရေး အတွက် ဆွေမျိုးများ၏ ကူညီ ထောက်ပံ့မှုနှင့် ကြုံရာ လုပ်ငန်းများကို လုပ်ကိုင်ကာ ဖြေရှင်းနေရကြောင်းလည်း ၎င်းက ဆိုသည်။

ယင်း ဟိန္ဒူစခန်းတွင် နေထိုင်သည့် ဒုက္ခသည် အရေအတွက်ကို စခန်း တာဝန်ခံများက ၁၂၀၀ ကျော်ရှိ သည်ဟု ဆိုကြသော်လည်း သက်ဆိုင်ရာ ဌာနများ၏ ကောက်ယူထားသော စာရင်းအရ လူဦးရေ ၅၀၀ နီးပါးသာ ရှိ ကြောင်း မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

“ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းအရ စခန်းမှာ ရှိတဲ့လူက သူတို့ ပြောသလောက် မရှိဘူး။ တဝက်လောက်ပဲ ရှိတယ်။ တချို့ကလည်း အိမ်ရှိရက်သားနဲ့ စခန်းမှာ လာနေတဲ့သူတွေ ရှိတယ်။ ရိက္ခာ ထောက်ပံ့ပေးမယ် ဆို တာကလည်း အစိုးရ အနေနဲ့  အမြဲတမ်းကြီးတော့ ပေးနိုင်မှာ မဟုတ်ဘူး။ လိုအပ်တဲ့အချိန် လိုအပ်သလို ပေးထားပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း ဟိန္ဒူဒုက္ခသည် စခန်းတွင် ရိက္ခပြတ်လပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် ထောက်ပံ့မှု အစီအစဉ် ရှိ မရှိဆို သည်ကို ၎င်းအနေဖြင့် ပြောဆိုခြင်း မရှိပေ။

အဆိုပါ မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းတွင် နေထိုင်ကြသူများမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်းက နေအိမ်များ မီးရှို့ခံရခြင်း၊ မိသားစုများ သတ်ဖြတ်ခံရခြင်းတို့ကြောင့် ပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရာကနေ မောင်တော ဒုက္ခသည် စခန်းသို့ ပြန်လည် ဝင် ရောက်လာသူများ ဖြစ်ကြသည်။

ထို့ပြင် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း မိသားစုဝင်များ သတ်ဖြတ်ခံလိုက်ရသည့်အတွက် နေရပ် မပြန်ရဲဘဲ စစ်တွေမြို့၊ ကျောက်တက်လမ်း ဟိန္ဒူဘုရား ကျောင်းတွင် ကျန်နေခဲ့သော အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၆၀ ကျော်မှာလည်း စားဝတ် နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်တွေမြို့ ဟိန္ဒူဘာသာ လူမှုကူညီရေးအဖွဲ့မှ ဦးဘုလှရွှေက “ကျနော်တို့ စစ်တွေ ဟိန္ဒူ ဘုရားကျောင်း မှာ ကျန်နေခဲ့တဲ့ လူစာရင်းက ၆၀ ကျော်လောက် ရှိပါတယ်။ ရိက္ခာလည်း ပြီးခဲ့တဲ့ ၂ လလောက်က တကြိမ်ပဲ ရတယ်။ သူတို့က မောင်တော ကို လုံးဝ မပြန်ရဲကြတော့ဘူး။  အစိုးရက အိမ်တွေ ပေးမယ် လို့တော့ ပြောတယ်။ အခုထိတော့ ဘာမှ ဖြစ်မလာသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ကျန်နေခဲ့သော ဟိန္ဒူ ဘာသာဝင်များသည်လည်း နီးစပ်ရာ မြို့ပေါ် ရပ်ကွက်များ၌ ကြုံရာ ကျပန်း အလုပ် များ လုပ်ကိုင်ကာ စားဝတ်နေရေး ဖြေရှင်းနေရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ၂၅ ရက်က  ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်းက ARSA အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် လူပေါင်း ၁၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရကြောင်းလည်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) က ထုတ်ပြန်ထားသည်။

မောင်တောဒေသ အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သော ရခိုင်၊ မြို၊ ဒိုင်းနက်၊ မရမာ ကြီး စသည်တို့ အပါအဝင် ဟိန္ဒူ ဘာသာဝင်များလည်း ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီး စစ်တွေမြို့နှင့် တခြား မြို့နယ်တို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်ခဲ့ရသည်။

ထိုသို့ ထွက်ပြေးလာသူများကို စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော်တို့တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ကာ လူပေါင်း ၆ ထောင်ကျော် ထားရှိခဲ့ပြီး ယင်း စခန်းများကို အစိုးရမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် ပိတ်သိမ်းပြီး နေရပ် သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading