Prathet Ku Mee (ငါတို့တိုင်းပြည်မှာ ဒါတွေရှိတယ်) ဟု အမည်ပေးထားသည့် အာဏာသိမ်း ထိုင်းစစ်အစိုးရကို ဝေဖန်သည့် ရက်ပ်သီချင်းတပုဒ် အွန်လိုင်းတွင် ပျံနှံ့နေပြီး ကြည့်ရှု့သူ ၂၃သန်းရှိကာ ၎င်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က Facebook စာမျက်နှာ ၄ခုမှ တာဝန်ရှိသူများကို တိုင်ချက်ဖွင့်ထား ကြောင်း Bangkok Post သတင်းကဆိုသည်။
အဆိုပါ ရက်ပ် သီချင်းတွင် စစ်အစိုးရဆန့်ကျင်သည့် စာသားများကို ထည့်သွင်းထားပြီး၊ ကနဦးက ကြည်ရှု့သူ သိန်းဂဏန်း သာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၂၃သန်းကျော် ရှိလာခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကလည်း အဆိုပါ သီချင်းသည် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိပါးစေပြီး မလိုလား အပ်သည့် သီချင်းဖြစ်ကြောင်း ချင်းရိုင်မြို့တွင် ထုတ်ဖော်ပြောကြားပြီး၊ အသရေဖျက်မှုဖြင့် ၎င်းကိုယ်စား အရေးယူရန် ရဲအရာရှိများကို တနင်္လာနေ့က လုပ်ပိုင်ခွင့် လွှဲအပ်ထားကြောင်း ရဲမှူးချုပ် ဆရီဗာရာက အင်္ဂါနေ့ ပြောသည်။
သို့သော်မည်သို့မည်ပုံ အသရေဖျက်ထားကြောင်းကိုမူ ထုတ်ဖော်ရှင်းလင်းခြင်း မရှိပေ။
နည်းပညာနှင့် သက်ဆိုင်သည့် ရာဇဝတ်မှု နှိမ်နင်းရေး ဌာနခွဲအနေဖြင့် “ငါတို့တိုင်းပြည်မှာ ဒါတွေရှိတယ်” သီချင်းပါ စာသားများသည် မည်သည့် ဥပဒေနှင့် ငြိစွန်းခြင်း ရှိ/မရှိ ဆုံးဖြတ်နေကြောင်း၊ စုံစမ်းစစ်ဆေးခြင်းကို ရပ်တန့်ရန် အမိန့် ပေးထားခြင်းမရှိကြောင်းလည်း ဆိုသည်။
“ကျနော်ကို နောက်ကြောင်း ပြန်နေတယ်လို့တော့ မပြောပါနဲ့”ဟုလည်း ရဲမှူးချုပ် ဆရီဗာရာကပြောသည်။
ယခုလတ်တလောတွင်မူ ယင်း သီချင်းနှင့်ပတ်သက်၍ မည်သူတစုံတဦးကိုမှ ဆင့်ခေါ်၍စစ်ဆေး မေးမြန်းခြင်း မရှိသေးကြောင်း၊ ရက်ပ် အဆိုတော်များနှင့် ပတ်သက်၍ ဥပဒေအရ အရေးယူရန် အစိုးရ အမိန်ပေးထားသည်ဟု သော ကောလာဟလများနှင့် ပတ်သက်၍မူ ငြင်းဆိုသွားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့ကမူ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ရက်ပ်ပါများအနေဖြင့် ဂရုစိုက်ကြရန် လိုကြောင်း သတိပေးသည်။
“တကယ်လို့ သူတို့က ကျနော့်ကို တိုက်ခိုက်တယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူတို့က တိုင်းပြည်ကို ထိပါးလာရင်တော့ ဒါဟာ သင့်တော်တဲ့ကိစ္စရယ်လို့ ကျနော် မယူဆဘူး၊ သူတို့ အသိစိတ်ရှိသင့်တယ်၊ ကိုယ့်တိုင်းပြည်ကို မပုတ်ခတ်ပါနဲ့” ဟု ဗိုလ်ချုပ်ကြီး ပရာယွဒ်က ဆိုသည်။
ဝန်ကြီးချုပ်၏ အဆိုအရ တိုင်းပြည်အပေါ် မလိုမုန်းထားပြုမူမှုများအပေါ် အရေးယူသည့် ဥပဒေများ ရှိကြောင်း သိရသည်။
“ဘယ်သူမဆို ဒီသီချင်းဟာ တိုင်းပြည်အနာဂတ်အတွက် ဘယ်လိုထိခိုက်စေလဲဆိုတာ သေချာနား ထောင်ကြည့်ရင် သိနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးပရာယွက်က ယခုရက်ပ်ပါ များပုံစံမျိုး နောက်ထပ်ထွက် ပေါ်လာမည်ကို စိုးရိမ်သည့်ဟန်ဖြင့် အလေးပေးပြောကြားခဲ့သည်။
အာဏာရှင်စနစ်ဆန့်ကျင်ပြီး ရေးသားထားသည့် အဆိုပါသီချင်းကို ရက်ပ်အဖွဲ့တဖွဲ့က သီဆိုဖြန့်ဝေ ခဲ့ပြီး ဗုဒ္ဒဟူးနေ့က နံနက်ပိုင်း ဝင်ရောက်ကြည့်ရှုမှုပေါင်း ၂၃ သန်းရှိခဲ့သည်။ ၅ မိနစ်စာဗီဒီယိုဖိုင်ကို youtube ဝက်ဘ်ဆိုက်တွင် အောက်တိုဘာလ ၂၂ ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အများပြည်သူအနေဖြင့် အဆိုပါသီချင်းကို အွန်လိုင်းပေါ်တွင် ဆက်လက်ဖြန့်ဝေနိုင်ခြင်းရှိ/မရှိ မေးမြန်းရာ ရဲမှူးချုပ် ဆူရာချေ့က အများပြည်သူအနေဖြင့် Facebookတွင် သဘောထားမှတ်ချက် ရေးသားရာ၌ ဥပဒေနှင့်မငြိစွန်းရေး ဂရုစိုက်ကြရန်လိုသော်လည်း လူတဦးချင်းစီအခွင့်အရေးဘောင်အတွင်း ဆက်လက် share လုပ်၍ ဖြန့်ဝေနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
လေ့လာသူများကမူ ရက်ပ်ပါများ သုံးနှုန်းထားသည့် စာသားများမှာ တိုင်းပြည်၏နိုင်ငံရေး၊ လူမှုရေးပြဿနာများကို ဝေဖန်ထားခြင်းဖြစ်ပြီး တရားမျှတခြင်းမရှိမှု၊ အကျင့်ပျက်ခြစားမှုနှင့်နိုင်ငံရေးအကြမ်းဖက်များအား ပုံဖော်ထားသည်။ သီချင်းစာသားများသည် စစ်အစိုးရလက်ထက် ရင်ဆိုင်ရသော အခက်အခဲအကျပ်အတည်းများကို ဖွင့်ချရေးသား ထား ခြင်းဖြစ်ကြောင်း၊ ရဲနှင့်အစိုးရကို တစ်တစ်ခွခွ ဝေဖန်ထားခြင်းကြောင့် အဆိုပါ ဗီဒီယိုဖိုင်မှာ ရေပန်းစားနေခြင်းဖြစ်ကြောင်း ဆိုသည်။