ဇေကမ္ဘာ ကုမ္ပဏီမှ တာဝန်ယူ လုပ်ကိုင်လျက် ရှိသော ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လမ်းပိုင်း၌ လမ်းအသုံးပြုခ ကောက်ခံခြင်းကို ယာယီ ပိတ်သိမ်း လိုက်ကြောင်း သိရသည်။
လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲ လမ်းပိုင်းကို ဝန်ကြီးဌာနမှ သတ်မှတ်သည့် အချက် ၃ ချက် နှင့် ကိုက်ညီမှု မရှိသောကြောင့် ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန BOT စနစ် လမ်းပိုင်းမှ အင်ဂျင်နီယာချုပ် က ဧရာဝတီသို့ ပြောသည်။
“သတ်မှတ်အချိန် အတိုင်း မပြီးတာက တချက်၊ နောက် အရင်ပြီးထားတဲ့ လမ်းတွေက ကားသွားတဲ့ အတွက် နောက် ကလည်း တောက်လျှောက် လိုက်ပြင်နေရမှာ ပေါ့နော်။ အဲဒီလို ပြီးပြီးသားအပိုင်းကို ထပ်ပြီး ပြင်ဆင် ထိန်းသိမ်းမှု လည်း အားနည်းတယ်။ ဒါကြောင့် အကြိမ်ကြိမ် ခေါ်ပြီးတော့ သတိပေးတယ်။ ညွှန်ကြားချက်တွေ ထုတ်တယ်။ ထုတ် တဲ့ အပေါ်မှာလည်း လိုက်နာမှု အားနည်းတယ်”ဟု ၎င်းက ပြောပြသည်။
Build,Operate,Transfer (BOT) စနစ်သည် အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများသို့ နှစ်ကာလ အပိုင်းအခြားဖြင့် နှစ်ရှည် ငှားရမ်း လုပ်ကိုင်ရပြီး သတ်မှတ် ကာလ ပြည့်ပါက အစိုးရသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရသည့် စနစ်တခု ဖြစ်သည်။
ဇေကမ္ဘာက လုပ်ကိုင်လျက် ရှိသည့် လမ်းပိုင်း တည်ဆောက်၊ ပြုပြင်ခြင်းသည် ၃ နှစ် အတွင်း ပြီးစီးရမည် ဖြစ်သော် လည်း လက်ရှိတွင် ကုမ္ပဏီဘက်မှ မပြီးစီးသေးကြောင်း အင်ဂျင်နီယာချုပ်က ပြောသည်။
ဆက်လက်၍ ၎င်းက“ကျနော်တို့ တောက်လျှောက် ပြောတယ်။ နောက်ဆုံး ဒါတွေ မပြီးရင်တော့ ယာယီ သိမ်းမယ်။ ပြီးမှ ပြန်ပေးမယ်ဆိုပြီး ကုမ္ပဏီနဲ့ ညိုတယ်။ ညိုတော့ ကျနော်တို့ လိုချင်တဲ့ အတိုင်းတာ တခုထိ မရောက်ဘူး။ အဲဒီ အတွက် သိမ်းလိုက်တာ။ ဂိတ်ကို ယာယီ ဖရီးလွှတ်ပေးလိုက်တာ။ သူတို့ကို မကောက်ခိုင်းတော့ဘူး”ဟု ရှင်းပြသည်။
ဇေကမ္ဘာ ကုမ္ပဏီသည်၂၀၁၁ ခုနှစ်တွင် ယင်းလမ်းပိုင်းကို လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လမ်းပြင်ဆင်မှု အတွက် ကျပ် ၁၇ ဘီလီ ယံ ကျော် ရင်းနှီးမြှုပ်နှံထားကာ လမ်းအသုံးပြုခ ကောက်ခံခြင်းကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ကြောင်း သိရ သည်။
ဇေကမ္ဘာ ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် လမ်းအသုံးပြုခ ကောက်ခံမှု ယာယီ ပိတ်သိမ်းခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ မကြာခင် သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင်သွား မည် ဟု ပြောသည်။
အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော အဖွဲ့ (Third party)ဖြင့် စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကာ စစ်ဆေးမှုမှ ရရှိလာသော အဖြေကို ကြည့်၍ လမ်းအသုံးပြုခ ကောက်ခံခွင့် ရှိ၊ မရှိကို ပြန်လည် သုံးသပ်ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ်က ပြောဆိုသည်။
လတ်တလောတွင် လမ်းအသုံးပြုခ ကောက်ခံခွင့် မရှိသော်လည်း ကုမ္ပဏီ အနေနှင့် လမ်းပိုင်း တည်ဆောြက်ခင်း၊ ပြုပြင်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်နေမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
လမ်းအသုံးပြုခမှာ အကြမ်းဖျင်း အားဖြင့် B.O.T စနစ်တွင် တမိုင်လျှင် ကားသေး ၅ ကျပ် ဖြစ်ပြီး အဆိုပါ လမ်းပိုင်းမှာ ၄၁ မိုင် ၄ ဖာလုံခန့် ရှိကာ ကားအမျိုးအစား အလိုက် သတ်မှတ် နှုန်းထားများနှင့် ကောက်ခံနေခြင်း ဖြစ်သည်။
လမ်းအသုံးပြုခ ကောက်ခံမှု ယာယီ ပိတ်သိမ်းခြင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော် မရှင် (MIC) သို့ သဘောထား မှတ်ချက် တောင်းခံခဲ့ပြီး MIC ၏ ခွင့်ပြုချက်နှင့် ပြုလုပ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာနက အောက်တိုဘာလ ၃၁ ရက် က ထုတ်ပြန်ထားသည်။