တခေတ်တခါက လူကြိုက်များခဲ့သည့် တရုတ်သိုင်းဝတ္တု ဇတ်လမ်းများထဲမှ နဂါးနိုင်ဓား၊ သိမ်းငှက် သူရဲကောင်း စသည့် သိုင်းဝတ္တုကြီးများကို ဖန်တီးခဲ့သူ ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာရေးဆရာ၊ တရုတ်သိုင်းဝတ္ထုနှင့် ဇာတ်ညွှန်း လောက ၌ အထင်ကရဖြစ်သူ ကျင်းယုံ (၉၄ နှစ်) သည် အောက်တို ဘာ ၃၀ရက်က ကွယ်လွန်သွားသည်။
ချင်းယုံသည် ဟောင်ကောင်ဆေးရုံတွင် တက်ရောက်ကုသနေစဉ် နာတာရှည်ရောဂါဖြင့် ကွယ်လွန်သွား ခြင်း ဖြစ်သည်။
စာရေးဆရာ ကျင်းယုံ၏ အမည်ရင်းမှာ ချာလျောင်ယန်ဖြစ်ပြီး၊ လူးဝစ်ချာဟုလည်း လူသိများသည်။
၁၉၅၀ ပြည့် လွန်နှစ်များက ကွန်ဖူးနှင့် ဝူရှူး (သိုင်း) ဝတ္ထုများကို သတင်းစာတွင် အခန်းဆက် ဝတ္ထု များ စတင်ရေးသားခဲ့ပြီး တရုတ်နိုင်ငံတွင် အထူးကျယ်ပြန့်ပြီးနောက် ကမ္ဘာတလွှားသို့ ဝတ္ထု ကူးယူ ဖော်ပြမှုပေါင်း သန်း ၃၀၀ ကျော်ရှိခဲ့သည်။
“ချာ”ကို ၁၉၂၄ ခုနှစ်က ယန်စီမြစ်ဝှမ်းရှိ မြို့လေးတမြို့တွင် မွေးဖွားခဲ့ပြီး မောင်နှမသားချင်းများ၌ ဒုတိယမြောက်သား ဖြစ်သည်။ ဒုတိယကမ္ဘာစစ်သည် မိသားစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ပြေးရင်း မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည်။
၁၉၄၈ ခုနှစ်တွင် “ချာ”သည် ဟောင်ကောင်သို့ ပြောင်းရွှေ့ကာ ဇာတ်ညွှန်း၊ ရုပ်ရှင်ဝေဖန်ရေးနှင့်သတင်း စာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။
သူ၏ ပထမဆုံးဝတ္ထုရှည်ကို ၁၉၅၅ ခုနှစ်တွင် စတင်ရေးသားခဲ့ပြီးနောက် တရှိန်ထိုး အောင်မြင်မှု ရလာသည်။ “ချာ” ရေးသားသည့် သိုင်းဝတ္ထုရှည်အားလုံးတွင် လူကြိုက်အများဆုံး ၁၅ ပုဒ်ရှိခဲ့ပြီး ၁၉၇၂ ခုနှစ်က ထုတ်ဝေခဲ့သည့် The Deer And The Cauldron ဝတ္ထုရှည်မှာ ဂန္ထဝင်လက်ရာအဖြစ် သတ်မှတ်ခံရသည်။
သူရဲကောင်းတို့၏ ဒဏ္ဍာရီ (The Legend Of The Condor Heroes) ဝတ္ထုရှည်သုံးတွဲမှာ တရုတ် စာပေလောကတွင် အများက လေးစားရပြီး ၎င်းကိုယ်တိုင် ထုတ်ဝေသည့် မင်ပေါင် နေ့စဉ်သတင်း စာတွင် ၁၉၅၉ ခုနှစ်မှစကာ အခန်းဆက် ရေးသားခဲ့ခြင်းဖြစ်သည်။
စာရေးဆရာ နေလင်းအောင်မှ ဘာသာပြန်ဆိုပြီး နဂါးနိုင်ဓား အမည်ဖြင့် ထုတ်ဝေခဲ့သည့် ကျင်းယုံ၏ အခန်းဆက် ဝတ္တုရှည်သည် တရုတ်ပြည်၌ မွန်ဂိုများ ကြီးစိုးချိန် ယွမ်မင်းဆက် နှောင်းပိုင်းကာလ မွန်ဂိုနှင့် ဟန်တရုတ် လူမျိုးများအကြား ပဋိပက္ခကို ဇတ်အိမ်တည်ထားပြီး ၁၉၆၁ ခုနှစ်က ဟောင်ကောင် မင်ပေါက် သတင်းစာ တွင် အခန်ဆက်ရေးသားပြီး ပထမဆုံး ပုံနိုပ်ထုတ်ဝေခဲ့သည်။
၎င်းရေးသားသည့် ဝတ္ထုများကို ဘာသာပြန်ဆိုမှု အများအပြားရှိခဲ့ပြီး ရေဒီယို ဇာတ်လမ်းများ၊ ရုပ်ရှင် များနှင့် ရုပ်သံလိုင်း ဇာတ်လမ်းတွဲများ ရိုက်ကူးထုတ်လုပ်ခဲ့ကြပြီး ဗီဒီယိုဂိမ်းများ အဖြစ်လည်း ဖန်တီးခဲ့ကြသည်။
၁၉၆၇ ခုနှစ်တွင် သူသည် မော်ဝါဒီ ဆန့်ကျင်ရေး အယ်ဒီတာ့အာဘော် ထုတ်ဖော်ရေးသားခဲ့ခြင်း ကြောင့် ခြိမ်းခြောက်ခံရပြီး ဟောင်ကောင်မှ စင်ကာပူသို့ ပြောင်းရွှေ့ခဲ့ရပြန်သည်။ စင်ကာပူ ရောက်သွားခဲ့သော်လည်း သူ့စာပေများက ရပ်တန့်မသွား ခဲ့ပေ။
၁၉၆၇ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ရှင်မင်း နေ့စဉ်သတင်းစာကို ပုဆိန်တံဆိပ် ဘက်စုံသုံး လိမ်းဆေး ဆီပိုင်ရှင် လျူ ယန်ကျင်းးနှင့် ပူးပေါင်း၍ ပထမဆုံး ထုတ်ဝေခဲ့သည်။
“ချာ” သည် အိမ်ထောင်သုံးဆက် ရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် နှလုံးရောဂါစ ဖြစ်လာခဲ့သည့်အတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရ ကြောင်း HK01 ဒစ်ဂျစ်တယ် သတင်းဌာနက ထုတ်လွှင့်သည်။
ဧပြီလထုတ် The New Yorker စာစောင်ရှိ ဆောင်းပါးတပုဒ်တွင် “ချာ” ၏ အနုပညာကို မျက်မှောက် ခေတ် ဟယ်ရီပေါ်တာနှင့် ကြယ်တာရာစစ်ပွဲများ ကဲ့သို့ အကြမ်းဖျင်းအားဖြင့် ယဉ်ကျေးမှု ရေစီးချင်း တူညီကြောင်း ဖော်ပြခဲ့သည်။
သူကွယ်လွန်ကြောင်း ဝမ်းနည်းမှတ်တမ်းကို မင်ပေါင်သတင်းစာက ရေးသားရာ၌ “မင်ပေါင်သတင်း စာ၊ ဟောင်ကောင် သတင်းစာလောကနှင့် တရုတ်စာပေအတွက်ပါ အထူးကြီးမားသော ဆုံးရှုံးမှု” ဟု ဖော်ပြခဲ့သည်။
(Famed Chinese martial arts novelist Jin Yong dies, aged 94: Hong Kong media အား ဆီလျော်အောင် သာသာပြန်သည်။)