တအန်း (ပလောင်) လူမျိုးများအား လူသားစားသူ၊ ကျတ်သရဲများဟုဆိုကာ လူမှုကွန်ရက်တွင် Live လွှင့်၍ စွပ်စွဲ ပြောဆို ခဲ့သူ Yuri Miko အကောင့်ပိုင်ရှင် ဒေါ်ခင်မေထွန်းကို ဖမ်းမိထားပြီဖြစ်ကြောင်း ခိုလန်မြို့နယ် နယ်မြေ ရဲစခန်း မှ သိရသည်။
ဒေါ်ခင်မေထွန်းမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် နေထိုင်သူဖြစ်ပြီး သြဂုတ်လ ၁၈ ရက်က ယင်းသို့ စွပ်စွဲ ပြော ဆိုကာ Live လွှင့်ခဲ့မှုအပေါ် တအန်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ဖမ်းမိထားပါတယ်။ တခြားဟာတွေတော့ ပြောလို့မရဘူးခင်ဗျာ့။ ကျနော် ပြောခွင့်မရှိပါဘူး”ဟု ခိုလန် ရဲစခန်းမှ အမည် မဖော်လိုသူ ရဲတပ်သား တဦးက အတည်ပြု ပြောဆိုသည်။
သူသည် ယင်းသို့ Live လွှင့်ပြီးနောက် ၂ လကျော်ကြာသည့်တိုင် ထွက်ပြေးတိမ်းရှောင်နေရာမှ သူ နေထိုင်သည့် မိုင်းပျဉ်းမြို့နယ်တွင် ဖမ်းမိခြင်းလည်း ဖြစ်သည်။
“သူ့ကို အောက်တိုဘာ ၃၀ ရက်က ဖမ်းမိတယ်။ ကျနော်တို့ စာပေနဲ့ ယဉ်ကျေးမှုကနေ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ စွဲချက် တင်ထားတယ်။ ရဲတွေက မိုင်းပျဉ်းမြို့နယ်မှာပဲ စုံစမ်းစစ်ဆေးရင်း ဖမ်းမိခဲ့တာပါ”ဟု နမ့်စန် မြို့နယ်လုံး ဆိုင်ရာ တအန်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု၊ တွဲဖက် အတွင်းရေးမှူး မိုင်းအိုက်မိုင်းက ဆိုသည်။
သြဂုတ်လ ၁၈ ရက်က Yuri Miko အကောင့်မှ တအန်းလူမျိုး၊ ရူကျင်းမျိုးနွယ်စုဝင် လူငယ်များက ၎င်းတို့ ရိုးရာ ဓလေ့ အတိုင်း လူပျို အပျို လှည့်ပွဲ ကျင်းပခြင်းကို ယင်းတို့မှာ ကျတ်သရဲများ၊ လူသားစားသူများဖြစ်ကြောင်း၊ လပြည့် လကွယ် တွင်သာ တွေ့ရသည့်အတွက် မမြင်ဘူးသူများ ကြည့်ထားကြဟု ဆိုကာ Live လွှင့်တင်ခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။
Live ထုတ်လွှင့်ရာတွင် ဖော်ပြခံရသည့် လူပျို အပျိုလှည့်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲ အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးအနီး မက်မွန်လောင်း ကျေးရွာတွင် ဖြစ်ပြီး လစဉ် လပြည့်နှင့် လကွယ် နေ့များတွင် ပြုလုပ်လေ့ရှိသည်။
အဆိုပါ Live ဗီဒီယိုဖိုင် လွှင့်တင်ခံရပြီးနောက် တအန်း လူငယ်များကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ဒေါ်ခင်မေထွန်း၏ စွပ်စွဲပြောဆို Live လွှင့်တင်ခြင်းသည် တအန်း လူမျိုးအား စော်ကားရာ ရောက်သည့်အတွက် တောင်းပန်ရန် လိုကြောင်းနှင့် မတောင်းပန်ပါက ဥပဒေအကြောင်းအရ တရားစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တအန်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၊ တအန်း ဂီတနှင့် ရုပ်ရှင် အစည်းအရုံးအဖွဲ့ချုပ်၊ နမ့်စန်မြို့နယ် တအန်း လူငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့၊ နမ့်စန်မြို့နယ်လုံးဆိုင်ရာ တအန်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မန္တလေး တအန်းလူငယ်များ အပါအဝင် တအန်း လူမှုအဖွဲ့အစည်း ၁၉ ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒေါ်ခင်မေထွန်း၏ စွပ်စွဲပြောဆို Live လွှင့်ခဲ့မှုကြောင့် ဒေသခံရွာသားများအတွက် များစွာထိခိုက်နစ်နာမှု ရှိကြောင်းကို မိုင်းအိုက်မိုင်းက“ဒီသတင်းကြားတဲ့ ဒီရွာသူရွာသားတွေကလည်း ဒီမှာတောင် မနေရဲတဲ့ အခြေအနေထိအောင် ဖြစ် တယ်။ သူတို့ရဲ့ ဓလေ့ထုံးစံကို ဖျက်မယ်ဆိုတဲ့ အထိတောင် ဖြစ်ခဲ့တယ်။ နောက် သူတို့က တခြားနယ်တွေထိ မသွားရဲ အောင်ဖြစ်သွားတယ်”ဟု ပြောဆိုသည်။
Live လွှင့်ရာတွင် ဖော်ပြခံရသည့် မက်မွန်လောင်းကျေးရွာမှ တအန်းလူမျိုး၊ ရှုကျင်း မျိုးနွယ်စု၏ ထူးခြားချက်မှာ ယောကျ်ားလေးများမှာ မိန်းကလေးများနည်းတူ ငယ်စဉ်ကပင် ဆံပင်မညှပ်ဘဲ အရှည်ထားကာ မိန်းကလေးများမှာမူ အသက်ကြီးလာသည့်အခါ ကတုံး တုံး၍ နေထိုင်ကြသည်။ ထို့ပြင် ရှေ့သွားများအား ရွှေကွပ်ကာ အသဲပုံများ ပုံဖော်၍ အနီ၊ အစိမ်း၊ အပြာစသည်ဖြင့် အရောင်ချယ် ဆင်မြန်းလေ့ ရှိသည်ဟု သိရသည်။
၎င်းတို့မှာ ရိုးရာဓလေ့အရ လူပျို အပျိုလှည့်သည့်အခါ အများမြင်သာသည့် လမ်းမပေါ် လူမြင်ကွင်းတွင်ပင် ပွင့်လင်းမြင်သာစွာ တဦးနှင့် တဦး ချစ်ကြိုက်ကြောင်း စကားပြောဆိုကြသည်ဟု ဆိုသည်။
Live လွှင့်ရာတွင် သုံးနှုန်းခဲ့သည့် ဒေါ်ခင်မေထွန်း၏ ပြောဆိုမှုမှာ တဦးတယောက်ကို ထိခိုက်ခြင်း မဟုတ်ဘဲ တအန်း လူထု တရပ်လုံးကို ထိခိုက်စေသည့်အတွက် ထိရောက်စွာ အရေးယူပေးစေလိုသည်ဟုလည်း တအန်းလူမျိုး မိုင်းကျော်သောင်း က ဧရာဝတီကို ပြောသည်။
Yuri Miko အကောင့် ပိုင်ရှင် ဒေါ်ခင်မေထွန်း၏ ပြောဆိုချက်ကြောင့် မက်မွန်ရွာသားများ စိုးရိမ်ကြောက်ရွံ့ နေသည့် အတွက် ကြောက်ရွံ့ခြင်း မရှိရန်နှင့် ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းရန်အတွက် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ က တိုက်တွန်းအားပေး ပြောဆိုထားရသည်ဟု သိရသည်။
ဆက်စပ်သတင်း ပလောင်များအား ပုတ်ခတ်သူ အရေးယူပေးရန် တောင်းဆို