မလေးရှား နိုင်ငံတွင် ဒုက္ခသည် အဖြစ် ခိုလှုံနေကြသည့် ချင်းလူမျိုးများကို မြန်မာနိုင်ငံသို့ ပြန်ပို့မည် အစီအစဉ်အား ပြန်လည် ရုပ်သိမ်းပေးရန် ချင်းဒုက္ခသည်များ အထောက်အကူပြု ကော်မတီ(CRSC)က တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။
မလေးရှားနိုင်ငံရှိ ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) က ချင်းပြည်နယ်၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်သည့်အတွက် မလေးရှား နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေခြင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံး အထိသာ လက်ခံမည် ဖြစ်ပြီး ဌာနေ တိုင်းပြည်သို့ ပြန်လည် ပို့ဆောင်သွားရန် ပြင်ဆင်ထားကြောင်း ၂၀၁၈ ခုနှစ် ဇွန် ၁၃ ရက်က ထုတ်ပြန်ထားသည်။
ချင်းလူမျိုးများအား သီးသန့် ဦးတည်သော ယင်းအသိပေး ကြေညာချက်ကြောင့် မလေးရှား နိုင်ငံရှိ ချင်း ဒုက္ခသည်များ အနေဖြင့် များစွာ တုန်လှုပ်ခြောက်ခြားရပြီး အမျိုးသမီးငယ် တဦး အပါအဝင် ချင်းဒုက္ခသည်တချို့သေကြောင်း ကြံစည် သည်အထိ ဖြစ်ပွားကြောင်း သိရှိရသဖြင့် CRSC အနေဖြင့် များစွာ စိုးရိမ်မကင်း ဖြစ်ရသည်ဟု အောက်တိုဘာ ၃၁ ရက် က ထုတ်ပြန်ခဲ့သည်။
CRSC မှ ဆလိုင်းအိုက်ဇက်ခင်က “သူတို့ ပြန်လာမယ်ဆိုရင် အနည်းဆုံး ဘာလိုလဲ ဆိုရင် နိုင်ငံတော် အနေနဲ့ တရားဝင် ခေါ်ဖို့လိုတယ်။ တရားဝင် မခေါ်ရင် လာဖို့ ခက်တယ်။ ဒုက္ခသည် အနေနဲ့ နေတာကိုး။ တချို့ဆို မလေး ရှားမှာ ၆-၇ နှစ် လောက် နေနေတာ၊ အိုးပစ် အိမ် ပစ် ထွက်သွားတာ ပြန်လာတဲ့အခါ မှတ်ပုံတင် ပြန်လုပ်ရမှာတွေ ရှိလာတယ်။ နောက် တခုက ပညာရေး။ အသက် ၁၁-၁၂ နှစ်ရှိနေကြတဲ့ ကလေးတွေ သူတို့က ဟိုက ဒုက္ခသည် စခန်းမှာ ကျောင်းတွေ တက် နေတာ။ သူတို့မြန်မာပြည် ပြန်လာရင် သူငယ်တန်းက ပြန်စတက်ရမှာလားဆိုတဲ့ ဟာတွေ ဖြစ်လာတယ်။ ဘယ်အတန်းက စတက်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာတယ်”ဟု ပြောသည်။
ထို့ပြင် မလေးရှားရှိ ချင်း ဒုက္ခသည်များကို မြန်မာနိုင်ငံက တရားဝင် ပြန်ခေါ်ရန် လိုအပ်ပြီး တရားဝင် လွတ်ငြိမ်း ချမ်းသာခွင့် လိုမျိုးကိုလည်း ထုတ်ပြန်ပေးရန် လိုကြောင်း သို့မဟုတ်ပါက လူဝင်မှု ကြီးကြပ်ရေး ဥပဒေများ အပြင် တရားမဝင် နယ်စပ် ဖြတ်ကျော်မှု ကိစ္စများ၊ ပညာရေး၊ စားဝတ် နေထိုင်ရေး၊ စသည့် ကိစ္စများ အခက်အခဲ ဖြစ်နိုင်သည် ဟု ၎င်းက ဆိုသည်။
CRSC က UNHCR အနေဖြင့် ၂၀၁၈ ခုနှစ် ဇွန် ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် ဒုက္ခသည် အဖြစ် ခိုလှုံခွင့်အား အဆုံး သတ်မည့် လုပ်ငန်းစဉ်အား ပြန်လည် ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတကာ၏ အကာအကွယ်ကို လိုအပ်နေသည့် မလေးရှားရောက် ချင်း ဒုက္ခသည်များ၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှုများ အတွက် အထူးဂရုပြု ကာကွယ် ဆောင်ရွက်ပေးနိုင်ရန် အလေးအနက် တိုက်တွန်းပါသည်ဟုလည်း ဆိုထားသည်။
လက်ရှိတွင် မလေးရှားနိုင်ငံမှာ ချင်းလူမျိုး ဒုက္ခသည် ၃၁၀၀၀ ရှိပြီး UN က အသိအမှတ်ပြု ထုတ်ပေးထားသည့် ကတ် ကိုင်ဆောင်ထားသူ ၁၆၀၀၀ ရှိကြောင်း ထိုအရေအတွက်မှ လူဦးရေ ၆၀၀၀ ကို တတိယ နိုင်ငံသို့ ပို့ဆောင်ပေးရန် UNHCR က ကတိပြုထားကြောင်း CRSC မှ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
“ကျန်တဲ့ လူက စာမေးပွဲ ဖြေနေတုန်းပေါ့။ UN ကတ် ကိုင်ထားတဲ့ ၁၆၀၀၀ ထဲကမှ လူဦးရေ ၆၀၀၀ ကို UN ဘက်က တတိယ နိုင်ငံကို ပို့ပေးဖို့ ကတိပြုထားတယ် ဆိုတော့ အနည်းဆုံး လူဦးရေ ၂၅၀၀၀ လောက်က UNHCR ရဲ့ ဒုက္ခသည် အဖြစ် အဆုံးသတ်မယ့် အစီအစဉ်ကြောင့် ထိခိုက်မှုတွေ ဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။
UNHCR က ချင်းပြည်နယ်တွင် ပဋိပက္ခများ မရှိတော့သည့် အတွက် မလေးရှား နိုင်ငံရှိ ချင်းလူမျိုးများကို ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လက်ခံရေး အဆုံးသတ်ကာ ဌာနေ တိုင်းပြည်သို့ ပြန်ပို့မည်ဟု ပြောဆိုနေသော်လည်း ချင်းပြည်နယ်၊ ပလက်ဝ ဒေသ၌ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် နေကြရသူများ ရှိသလို မြေမြှုပ်မိုင်းများကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု များလည်း ရှိနေကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr.Saifuddin က မလေးရှားနိုင်ငံရှိ ချင်းလူမျိုး ဒုက္ခသည်များနှင့် ပတ်သက်ပြီး အတင်းအဓမ္မ ဖိအားပေး၍ ဌာနေ တိုင်းပြည်သို့ ပြန်ပို့ရန် ဆောင်ရွက်မည် မဟုတ်ကြောင်း ၂၀၁၈ ခုနှစ် အောက်တို ဘာ ၂၄ ရက်က မလေးရှားရှိ သတင်း ဌာနများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။