ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အတွင်း၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ရှမ်းပြည် တိုး တက်ရေး ပါတီ(SSPP) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မြို့ပေါ်သို့ တိမ်းရှောင် လာကြသူများ နေရပ်ပြန် နေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
RCSS နှင့် SSPP တို့သည် အောက်တိုဘာ၂၆ ရက် လားရှိုး- နမ္မတူသွား လမ်းပေါ်ရှိ မန်ပြိန်း ကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားရာ ဒေသခံများ အီနိုင်း ကျေးရွာသို့ တိုက်ပွဲ ရှောင်လာစဉ် အီနိုင်း ကျေးရွာ အနီး၌ ထပ်မံ တိုက် ပွဲဖြစ်လာသည့် အတွက် လားရှိုး မြို့ပေါ်သို့ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။
အီနိုင်း ကျေးရွာနှင့်အနီးဝန်းကျင် ကျေးရွာမှ ဒေသခံ ၁၀၀၀ ကျော် လားရှိုးမြို့ပေါ်သို့ တိုက်ပွဲ ရှောင်လာခဲ့ရာ ယခု နေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးနေသည်ဟု လားရှိုး မြို့နယ် အထွေထွေ အုပ်ချုပ်မှူး ဦးနေလင်းထွန်းက ပြောသည်။
“မနေ့ကတုန်းကတော့ အီနိုင်း ကျေးရွာ အုပ်စု၊ နားဟ၊ ပန်ဟုန်း ၊ နောင်ပေါ်၊ မန်ပြိန်း၊ အီနိုင်း(၈)မိုင် စတဲ့ ကျေးရွာတို့ ဟာ နယ်မြေ ဒေသ ပြန်လည် အေးချမ်းသွားပြီ ဖြစ်တဲ့ အတွက်ကြောင့် မန်ဆူကျောင်းမှာ ယာယီ နေထိုင်တဲ့ အိမ်ထောင် စု ၂၃၂ စု၊ လူဦးရေ ၁၃၀၀ ကျော်ထဲက ၇၆၉ ဦးကတော့ ၎င်းတို့ နေထိုင်တဲ့ဆီကို ထွက်ခွာသွားပြီ”ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၁ ရက်က လူဦးရေ ၇၀၀ ကျော်မှာ လူမှုကူညီရေး အသင်းအဖွဲ့များမှ ကား ၁၅ စီးနှင့် ဒေသတွင်း လုပ်ငန်းရှင် များ၏ ကား ၁၂ စီး အကူအညီဖြင့် ၎င်းတို့ နေရပ်သို့ ပြန်သွားခဲ့ကြောင်း ဦးနေလင်းထွန်းက ပြောသည်။
လက်ရှိ၌ လားရှိုးမြို့ပေါ်ရှိ မန်ဆူရှမ်းကျောင်းတွင် အိမ်ထောင်စု ၄၉ စု လူဦးရေ ၁၃၆ ဦး၊ ကချင် ခရစ်ယာန်ကျောင်း၌ အိမ် ထောင်စု ၅၀ စုမှ လူဦးရေ ၂၀၇ ဦး၊ စိန့်ဂျွန် ကက်သလစ်ကျောင်း၌ အိမ်ထောင်စု ၃၀ စု လူဦးရေ ၁၀၇ ဦးတို့ ကျန်ရှိ နေပြီး နိုဝင်ဘာ ၂ ရက် ညနေတွင် နေရပ်သို့ ပြန်ကြမည် ဖြစ်သည့် အတွက် ပို့ဆောင်ပေးရန် စီစဉ်ထား ကြောင်း ၎င်းက ဆိုသည်။
RCSS မှ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းဦး“အမှန်က ကျနော်တို့ တပ်တွေ ရှိတဲ့နေရာကို သူတို့ (SSPP)က လာဝင် တိုက် လို့ ဖြစ်တာပါ။ လားရှိုးရဲ့ အနောက်ဘက် လားရှိုး-နမ္မတူသွား ကားလမ်း၊ ကားလမ်းရဲ့ မြောက်ဘက် လောက်ကျ မယ်။ အီနိုင်းကျေးရွာမှာ ကျနော်တို့ RCSS က အခြေစိုက်ထားတယ်။ အဲဒါကို SSPP ဘက်က ဝင်တိုက်တယ်။ စစ်ဘေး ရှောင် တွေလည်း တော်တော်များတယ်လို့ ကျနော် ကြားတယ်။ လားရှိုးမြို့ ပေါ်မှာလေ။ အမှန်က စစ်ရေးနဲ့ မဖြေရှင်း သင့် ဘူး တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာဖို့ လိုတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS သည် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် လည်းကောင်း၊ SSPP နှင့် လည်းကောင်း၊ TNLA-SSPP ပူးပေါင်း တပ်ဖွဲ့ဖြင့် လည်းကောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ လ မှစတင်၍ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
အဆိုပါ တိုက်ပွဲများမှာ RCSS သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က NCA ထိုးပြီးနောက်ပိုင်း ရှမ်းမြောက်သို့ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု TNLA နှင့် SSPP တို့ဘက်က ပြောဆိုနေကြသော်လည်း RCSS ဘက်ကတော့ နဂိုမူလကတည်းက ရှိနေခြင်းသာ ဖြစ်ကြောင်း ဆိုထားသည်။
ထို့ကြောင့် RCSS နှင့် TNLA- SSPP ပူးပေါင်း တပ်ဖွဲ့ကြား နယ်မြေ အငြင်းပွား၍ ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ နောက် ကွယ်တွင် လူထု မသိနိုင်သော အကျိုးစီးပွားများနှင့်လည်း ဆက်စပ်မှုများ ရှိနေနိုင်ကြောင်း ရှမ်းပြည် နိုင်ငံရေး သုံးသပ် သူ တချို့က ပြောဆိုသည်။
TNLA ၊ SSPP သည် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ(FPNCC) အဖွဲ့ဝင် ဖြစ်ကြပြီး ထိုအဖွဲ့တွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရက္ခိုင့် တပ်မတော် (AA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်း လားအဖွဲ့)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)တို့လည်း ပါဝင်ကြသည်။
“ရှမ်းမြောက်ပိုင်းမှာ ကျနော်တို့ မရှိစေချင်တဲ့ ပုံစံဖြစ်တယ်။ TNLA က အဲဒီမှာ အရင်က ရှိတာ မဟုတ်ဘူး။ အမှန်ဆိုရင် SNA ဆိုတဲ့ အဖွဲ့တခု ရှိတယ်။ အရင်တုန်းက ကျနော်ကိုယ်တိုင် အဲဒီ အဖွဲ့မှာ ပါတယ်။ နမ္မတူဘက်မှာ လှုပ်ရှားတာ ကျနော် တို့ နယ်မြေကျော်တာတွေ ဘာတွေ မဟုတ်ပါဘူး။ ကျနော်တို့ကို အဲဒီဘက် ပိုင်းတွေကို ရှိမနေစေချင်တဲ့ သဘောမျိုးပါ။ သံလွင်မြစ်ပေါ်မှာ တရုတ်နဲ့ ဝ က ရေကာတာ ဆောက်ဖို့ လုပ်နေ တာ ပလောင်ကို အဲဒီနားခွင်တွေ ဝင်ပြီး ရှင်းခိုင်းတာ အဲဒီလို အကြောင်းပြချက်နဲ့ တိုက်တာတော့ မဖြစ်လောက်ဘူး။ တခုကတော့ ရှမ်းမြောက်ပိုင်းမှာ ကျနော်တို့ မရှိစေချင်တာဘဲ”ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။
TNLA ၏ ရှမ်းပြည် မြောက်ပိုင်းက ထွက်ပေးရန် တောင်းဆိုနေခြင်းကြောင့်လည်း မိမိတို့ ၂ ဖွဲ့ကြား ညှိနှိုင်းမှု အဆင် မပြေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
TNLA အနေဖြင့် RCSS နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး အတွက်ဆိုလျှင် ရှမ်းမြောက်ကနေ RCSS ထွက် သွားရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
RCSS နှင့် TNLA – SSPP ပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက် ထိ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ၊ သီပေါ၊ လားရှိုး စသည့်မြို့နယ်များ အနီး တိုက်ပွဲ ၆ ကြိမ် အနည်းဆုံး ဖြစ်ပွားခဲ့ကြကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနမှ ထုတ်ပြန်ချက်များ အရ သိရသည်။