မန္တလေးမြို့ အပါအဝင် အခြားမြို့နယ် ၃၉ ခုတွင် လိုင်စင်မဲ့ သုံးဘီးတပ် ဆိုင်ကယ်နှင့် လျှပ်စစ် ဆိုင် ကယ်များအား One Stop Service စနစ်ဖြင့် မှတ်ပုံတင် ထုတ်ပေးမည်ဟု တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ထံမှ သိရသည်။
မန္တလေးတိုင်း တိုင်း ကညန ဦးစီးမှူး ဒေါ်ခင်စံပယ်က “One Stop Service စနစ်နဲ့ မှတ်ပုံတင်မှာ ဆိုတော့ ဆက်စပ်တဲ့ဌာန တွေ အားလုံးပူးပေါင်းပြီး လုပ်ဆောင်ပေးသွားမယ်။ သုံးဘီးဆိုင်ကယ် တွေ ကို တရားဝင် လုပ်ပေးလိုက်တာကြောင့် အားလုံး အတွက် စနစ်တကျဖြစ်သွားမှာပါ။ ပေးဆောင်ရမယ့် အခွန်အခတွေက အင်ဂျင်ပါဝါနဲ့ ဗို့အလိုက် သတ်မှတ်နှုန်းတော့ တူချင်မှ တူမယ်၊ ”One Stop Service ကို နိုဝင်ဘာ ၁ ရက်က စပြီး လုပ်ပေးတာပါ” ဟု ပြောသည်။
ယင်းစီမံချက်ဖြင့် လိုင်စင်ထုတ်ပေးခြင်းကို နိုဝင်ဘာလ ၁ ရက်မှ ၂၃ ရက်အထိ သတ်မှတ်ထားပြီး ယာဉ်တိုက်မှု အပါအဝင် ရာဇဝတ်မှုဖြစ်စဉ်များတွင် စိစစ် ဖော်ထုတ်ရန်နှင့် လမ်းအန္တရာယ် ကင်းရှင်း ရေးအား စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် ခက်ခဲ ခြင်းတို့ကြောင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး Mobile Team များဖြင့်လည်း နယ်လှည့် လုပ်ဆောင်ပေးသွားမည်ဟု တိုင်း ကညန ထံမှ သိရသည်။
Mobile Team အဖွဲ့များဖြင့် နယ်လှည့် ဆောင်ရွက်ပေးသွားမည့် မြို့များမှာ မန္တလေးလေးတိုင်းဒေသ ကြီးအတွင်းရှိ သပိတ်ကျင်း၊ ဝမ်းတွင်း၊ ငါန်းဇွန်၊ တံတားဦး မြို့နယ်များ အပါအဝင် ရန်ကုန်တိုင်း လှည်းကူး၊ တွံတေး၊ ဧရာဝတီတိုင်း ကျောင်းကုန်း၊ ညောင်တုန်း၊ ဇလွန်၊ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ကျွန်းလှ၊ ချောင်းဦး၊ မကွေးတိုင်း မြို့သစ်၊ ဆိပ်ဖြူ၊ အောင်လံ၊ မင်းလှ၊ စလင်း၊ တနင်္သာရီတိုင်း သရက်ချောင်း၊ ကျွန်းစု၊ ပဲခူးတိုင်း ပေါင်းတည်၊ နတ္တလင်း၊ ကျောက်ကြီးတို့ဖြစ်သည်။
အလားတူ ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်၊ ကယားပြည်နယ် ဒီမော့ဆို၊ ဖရူဆို၊ မွန်ပြည်နယ် ဘုရားသုံးဆူ၊ ချင်းပြည်နယ် ဖလမ်း၊ တီးတိန်၊ ချင်းပြည်နယ် ကန်ပက်လက်၊ ဆော၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲ၊ လင်းခေး၊ လောက်ကိုင်၊ မိုးမိတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ ကွတ်ခိုင် တို့ ပါဝင်သည်။
မှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထား၊ ကညန သို့ ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည့် နှုန်းထားများကို မှတ်ပုံတင် လုပ်ငန်း ဆောင်ရွက်မည့် နေရာများတွင် အသိပေး ကြေညာသွားရန် စီစဉ်ထားသည်ဟို သိရသည်။
ကညန တိုင်းဦးစီးမှူး ဒေါ်ခင်စံပယ်က “စီမံချက်ကာလအတွင်း ရုံးပိတ်ရက်တွေမှာလည်း မနားဘဲ ဆက်တိုက်လုပ်ပေး သွားမယ်။ လိုင်စင် ဆောင်ရွက်ပေးခြင်းကို ရုံးပိတ်ရက် စနေနေ့မှာ Mobile Team အဖွဲ့တွေနဲ့ မန္တလေးမြို့ အပါအဝင် အချက်အချာကျ တဲ့ အဓိက မြို့ ၃၉ မြို့မှာ နယ်လှည့်ပြီး ဆောင်ရွက်ပေးသွားပါမယ်” ဟု ဆိုသည်။
စီမံချက်အရ လိုင်စင်ထုတ်ပေးမည့် သုံးဘီးယာဉ်များတွင် ၂၀၀၈ နှင့်အထက် Model တို့သာ အကျုံး ဝင်မည် ဖြစ်ပြီး အိုမင်းဟောင်းနွမ်းကာ စိတ်မချရသည့် ယာဉ်များ၊ လူစီး သုံးဘီးမော်တော်ယာဉ်များ၊ ဒေသလုပ် ဆိုင်ကယ်ဘေးတွဲ သုံးဘီးယာဉ်များ၊ တောတွင်းနှင့် ကမ်းစပ်များတွင် အသုံးပြုသည့် လေးဘီးဆိုင်ကယ်များနှင့် မှတ်ပုံတင်ထားသော်လည်း ၅ နှစ်ကြာ သက်တမ်းမတိုးထားသည့် ယာဉ်များကိုမူ လိုင်စင်ထုတ်ပေးမည် မဟုတ်ဟု သိရသည်။
ယခုစီမံချက် ကာလပြီးနောက်ပိုင်း လိုင်စင်မဲ့ ယာဉ်များကို မှတ်ပုံတင်ခွင့် ပေးမည်မဟုတ်ဘဲ ဆက်လက် စီးနင်းအသုံးပြုပါ က နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း အရေးယူသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၂ နှင့် ၂၀၁၄ ခုနှစ်များကလည်း One Stop Service စီမံချက်ဖြင့် လိုင်စင်မဲ့ သုံးဘီးယာဉ်များကို မှတ်ပုံတင် ထုတ်ပေးခဲ့ဖူးသည်။
“ကျနော်တို့ကတော့ အခုလိုလုပ်ပေးတာကို ကြိုက်တယ်။ အခု နောက်ပိုင်းမှာ အသင်းဝင်မဟုတ်တဲ့ သုံးဘီးဆိုင်ကယ်တွေ ကလည်း တအားများလာတယ်။ ကျနော်တို့ မီနီအိုးဝေတွေက ခရီးသည်ဆီကနေ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ တောင်းရတာ။ အသင်းဝင်မဟုတ်တဲ့ သုံးဘီးတွေက တောင်းချင် သလို တောင်းနေကြတော့ အုတ်ရောရော ကျောက်ရော ရော ဖြစ်နေရတာ။ မှတ်ပုံတင်လုပ်ပေးသလို ကျနော်တို့လို တရားဝင်အသင်းတွေပါ လုပ်ပေးပြီး ဈေးနှုန်းကိုလည်း သတ်သတ်မှတ်မှတ် လုပ်ပေး နိုင်ရင် ပိုကောင်းမယ်” ဟု မန္တလေးအခြေစိုက် မီနီအိုးေ၀ သုံးဘီးဆိုင်ကယ်မောင်သူ ကိုဇော်ထက်က ပြောသည်။
မန္တလေးမြို့ တခုတည်းတွင် တရားဝင်လိုင်စင်ရှိသည့် သုံးဘီးဆိုင်ကယ်ပေါင်း ၃ သောင်းခန့် ရှိပြီး တိုင်းတခုလုံးအနေဖြင့် ၅ သောင်းကျော် ရှိသည့် မန္တလေးတိုင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင်စာရင်းတွင် ဖော်ပြထားသည်။