မြန်မာနိုင်ငံသို့ လာရောက်သွားခဲ့သော ဥရောပသမဂ္ဂ EU ကိုယ်စားလှယ်အဖွဲ့သည် အစိုးရအရာရှိများ၊ သမဂ္ဂခေါင်းဆောင်များ၊ စီပွားရေးလုပ်ငန်းရှင်များနှင့် အထည်ချုပ်လုပ်သားများစသည့် ကျယ်ပြန့်သော အလွှာစုံမှ လူများနှင့်တွေ့ဆုံသည့် အစည်းအဝေးများတွင် ကုန်သွယ်မှု အထူးအခွင့်အရေးများ ရုတ်သိမ်းမည့် အလားအလာနှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက်သဘောထားများကို ရင်ဆိုင်ခဲ့ရသည်။
ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာအဖွဲ့နှင့် EU ၏ သံတမန်ရေးပိုင်းမှ ပါဝင်သော ထိုပူးတွဲကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် အကျပ်အတည်း၊ အလုပ်သမား အခွင့်အရေးနှင့် လုပ်ငန်းခွင်အခြေအနေများကို လေ့လာရန် အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း အစိုးရဝန်ကြီးဌာနများနှင့် အလုပ်သမားအဖွဲ့အစည်းများမှ တာဝန်ရှိသူများစွာနှင့် တွေ့ဆုံခဲ့ကြသည်။
EU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြန်ကြားရေး၊ ပြည်ထောင်စုအစိုးရရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့အပါအဝင် ဝန်ကြီးဌာနဆယ်ခုနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
အစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ EU က မြန်မာနိုင်ငံကို အခွန်ကင်းလွတ်ခွင့် ရုတ်သိမ်းလိုက်ပါက သာမန်အလုပ်သမားများအပေါ် သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် မြန်မာအရာရှိများက အခိုင်အမာမေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။ ထိုသို့လုပ်ဆောင်ပါက အထည်ချုပ်ကဏ္ဍမှ အမျိုးသမီးအများစုပါဝင်သော လူလေးသိန်းကျော် အလုပ်လက်မဲ့ဖြစ်သွားစေမည်ဟု ထိုအရာရှိများက ထောက်ပြပြောဆိုသည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာတွင် စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံသည် လက်နက်မှအပ အရာရာကင်းလွတ်ခွင့် (EBA) ကို ဆုံးရှုံးသွားနိုင်ကြောင်း၊ EU ကုန်သွယ်ရေးကော်မရှင်နာ ဆယ်စီလီယာမယ်လ်စတောင်းက အောက်တိုဘာလ ၅ ရက်နေ့တွင် သတိပေးပြီးနောက် EU လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး အထူးအခွင့်အရေး အစိတ်အပိုင်းတခုအနေဖြင့် EBA အစီအစဉ်တွင် ပါဝင်သော နိုင်ငံများသည် ဥရောပသမဂ္ဂသို့ လက်နက်မှအပ မည်သည့်ကုန်စည်ကိုမဆို တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ပြုထားသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနှင့် EU ကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဟယ်လင်နာကိုနစ်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော်တွင် သီးခြားတွေ့ဆုံခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် EBA နှင့်ပတ်သက်ပြီး ပွင့်လင်းစွာဆွေးနွေးကြသည်ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
EU ကိုယ်စားလှယ်များနှင့် သီးခြားအစည်းအဝေးများတွင် မြန်မာအစိုးရအရာရှိများ၊လ ွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာ မူဝါဒကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် စီးပွားရေးအသိုင်းအဝန်းမှ ပုဂ္ဂိုလ်များသည် EU ၏ကုန်သွယ်မှုအခွင့်အရေး ရုတ်သိမ်းမည့် အကြံအစည်ကို ကန့်ကွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ၏အဆိုအရ EU သည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သည်ဟု သိရသည်။EU သည် မြန်မာနိုင်ငံမှ ကုန်စည်များအပေါ် အခွန်ကို ၂၀၁၃ ခုနှစ်တွင် ရုတ်သိမ်းပေးခဲ့ပြီး EU သည် မြန်မာအထည်ချုပ်လုပ်ငန်းများမှ ထုတ်ကုန်များ၏ ၄၇ ရာခိုင်နှုန်းကို ဝယ်ယူနေသည်။ ဒုတိယ အများဆုံးဝယ်ယူသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်က မြန်မာအထည်ထုတ်ကုန် ၂၇ ရာခိုင်နှုန်း ဝယ်ယူခဲ့သည်။
အထည်ချုပ်လုပ်ငန်းသည် ဥရောပသမဂ္ဂသို့ စုစုပေါင်းပြည်ပတင်ပို့မှု၏ ၇၁ ရာခိုင်နှုန်းရှိပြီး လူလေးသိန်းခွဲကို အလုပ်အကိုင်ပေးထားသည်ဟု MGMA က ဆိုသည်။ အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းများတွင် လုပ်သားထု အများဆုံးကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားသောကဏ္ဍဖြစ်သည်။
သမိုင်းဆရာ ဦးသန့်မြင့်ဦးသည် အောက်တိုဘာလ ၂၉ ရက်နေ့က ဥရောပသမဂ္ဂကိုယ်စားများနှင့် သီးခြားတွေ့ဆုံခဲ့သည်။ ထိုအစည်းအဝေးတွင် မည်သည်တို့ကို ဆွေးနွေးသည်အား ဦးသန့်မြင့်ဦးက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အခြေအနေ အရပ်ရပ်ကို ပွင့်ပွင်းလင်းလင်းဆွေးနွေးခဲ့ကြောင်း ဦးသန့်မြင့်ဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။

“မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေး ပြန်လည်ရုတ်သိမ်းတာဟာ လုံးဝရှောင်ရှားသင့်တဲ့ အန္တရာယ်ကြီးပါ” ဟု သူပြောသည်။
“မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေမှ ာဒုက္ခတွေ များစွာကြုံတွေ့ခဲ့ရတယ်။ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်အနည်းငယ်ထဲက တခုက အထည်ချုပ်ကဏ္ဍ ကြီးထွားလာပြီး ဒီအလုပ်မှ မလုပ်ရရင် ဆင်းရဲနွမ်းပါးနေကြမယ့် အမျိုးသမီးငယ်လေးတွေအတွက် အလုပ်အကိုင် သိန်းနဲ့ချီ ဖန်တီးပေးနိုင်ခဲ့တာပဲ ဖြစ်တယ်” ဟုလည်း ပြောသည်။
“EU ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းဖြစ်ပြီး သူတို့က ဆက်ဆံရေးကို ဘာကြောင့်ပြန်လည်သုံးသပ်သလဲဆိုတာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုတ်သိမ်းတာဟာ မြန်မာ့လူ့အဖွဲ့အစည်းကထိခိုက်အလွယ်ဆုံးသူတွေကို သိမ်းကြုံးဒဏ်ခတ်တာ ဖြစ်ပါတယ်” ဟုလည်း ဦးသန့်မြင့်ဦးက ဆိုသည်။
EU ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာ အခြေခံအဆောက်အအုံ၊ လက်မှုပညာနှင့် ဝန်ဆောင်မှုအဖွဲ့(MICS) တို့နှင့် ရန်ကုန်ရှိ EU ရုံးခန်းတွင် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။ နိုင်ငံတွင်ဖြစ်ပေါ်နေသည်ဟု စွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် ဖိအားပေးရန် သာမန်ပြည်သူများကို ပစ်မှတ်ထားခြင်းသည် မှားယွင်းကြောင်း ထိုအစည်းအဝေးတွင် အထက်ပါအဖွဲ့အစည်းနှစ်ခုမှ ကိုယ်စားလှယ်များက ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံမှ အလုပ်သမားများသည် အခွင့်အရေး ချိုးဖေါက်မှုများကို ခံနေရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း MICS ဒုဥက္ကဌ ဦးနော်အောင်က EU ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့သည်။ သို့သော် မကြာသေးမီက အခြေအနေများ တိုးတက်လာပြီဖြစ်ကြောင်း သူက ပြောသည်။
“လက်ရှိအခြေအနေတွေ ပျက်စီးသွားတာကို ကျနော်တို့မမြင်ချင်ဘူး။ EU က ကုန်သွယ်ရေး အထူးအခွင့်အရေးတွေ ရုတ်သိမ်းလိုက်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် EU ရဲ့ထောက်ခံမှုတွေ အကုန် အလဟသဖြစ်ကုန်မယ်” ဟု သူပြောသည်။
“ကုန်သွယ်ရေး အခွင့်အရေး ရုတ်သိမ်းတာဟာ ရခိုင်နဲ့ ကချင်ပြည်နယ်က ပြဿနာတွေကိုဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းလို့ ထင်ပါသလား” ဟု ဦးနော်အောင်က EU အရာရှိများအား မေးမြန်းခဲ့ကြောင်း သူပြန်ပြောပြသည်။
ထိုနေ့တွင်ပင် EU ကိုယ်စားလှယ်အဖွဲ့သည် အထည်ချုပ်စက်ရုံပိုင်ရှင်များနှင့် EU သို့ အဓိက တင်ပို့သောလုပ်ငန်းရှင်များကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် တွေ့ဆုံခဲ့သည်။ ထိုအစည်းအဝေးသို့ အထည်ချုပ်လုပ်သား ၂၂ ဦးလည်း တက်ရောက်ခဲ့ပြီး ၎င်းတို့၏ ဝင်ငွေနှင့် လုပ်ငန်းခွင်နှင့် နေထိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အသင်းချုပ်အနေဖြင့် EU က ကုန်သွယ်မှု အထူးအခွင့်အရေး ရုတ်သိမ်းမည်ကို ဆန့်ကျင်ကြောင်းပြောခဲ့သည်ဟု UMFCCI ဒုဥက္ကဌဦးမောင်မောင်လေးက ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။ “ကျနော် တဦးချင်းအနေနဲ့လည်း ကန့်ကွက်တယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ မပြုဘူး” ဟု သူပြောသည်။
“ဒီလုပ်ရပ်က သာမန်အမျိုးသမီးတွေကို အရမ်းကို ထိခိုက်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စေတယ်” ဟု ဦးမောင်မောင်လေးက ဆိုသည်။
“ကုန်သွယ်ရေး အထူးအခွင့်အရေးတွေကို ရုတ်သိမ်းဖို့ EU က ဆုံးဖြတ်လိုက်ရင် EU ဟာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အပြုသဘောထောက်ခံတယ်ဆိုတာကို ယုံကြည်ဖို့တောင် ခက်လိမ့်မယ်” ဟုလည်း ပြောသည်။
EU ၏ ကုန်သွယ်ရေးအထူးအခွင့်အရေးများ ရပ်ဆိုင်းလိုက်ခြင်းသည် ဆယ်စုနှစ်ခြောက်ခုကြာ စစ်အုပ်ချုပ်ရေးအောက်တွင် အထီးကျန်နေထိုင်ခဲ့ပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် မြန်မာအရပ်သားအစိုးရကို အခြားအကျပ်အတည်းအတွင်းသို့ တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်ဟုလည်း ထင်ရှားသောလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဆုံးဖြတ်ချက်ချမည့် လုပ်ငန်းအဆင့်ဆင့်သည် လနှင့်ချီကြာမည်ဖြစ်ကြောင်း EU ကိုယ်စားလှယ်များကပြောပြီး လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် မြန်မာနိုင်ငံသည် အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခြင်း ရှိ မရှိ၊ နိုင်ငံတကာဥပဒေ၊လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း ရှိမရှိ ဂရုတစိုက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကတိပေးထားသည်။
EU ကိုယ်စားလှယ်များသည် နေုပြည်တော်တွင် လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကုလသမဂ္ဂအဖွဲ့အစည်များနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များသို့ လူသားချင်းစာနာမှုအကူအညီ၊ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ သတင်းလွတ်လပ်ခွင့်၊ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်မှုများ တိုးတက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI) သည် EU ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုကြောင်း တွဲဖက်အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကပြောသည်။ “ကဏ္ဍအစုံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပြီးမှာ သူတို့အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ချင့်ချိန်မှုမျိုးနဲ့ ပြန်လည်တင်ပြတာ ဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟုလည်း သူက ဆိုသည်။
(EU Delegates Encounter Broad Show of Opposition to Ending Trade Preferences ကို ဘာသာပြန်သည်။)