ရာဇဝတ်မှု ကျူးလွန်ထားသည်ဟု သံသယဖြစ်ဖွယ်ရှိသော နိုင်ငံဖြတ်ကျော် ရာဇဝတ်သားများ မြန်မာ နိုင်ငံသို့ လစဉ် ၃၀ မှ ၄၀ ဦး ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောဆိုလိုက် သည်။
ထိုသူများမှ လေဆိပ်မှ ဝင်ရောက်ခြင်းဖြစ်ပြီး ၎င်းတို့ကို လေဆိပ်မှပင် ပြန်လွှတ်နေရသည်ဟု နိုဝင်ဘာ လ ၁ ရက်က နေပြည်တော် MICC 2 တွင် ပြုလုပ်သည့် ၁၂ ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းဆိုင် ရာ ဝန်ကြီးအဆင့် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရဲမှူးချုပ်အောင်ဌေးမြင့်က “တလ တလကို အဲဒီလိုသံသယရှိလို့ ကိုယ့်နိုင်ငံကိုလာပြီး ပြဿနာရှာနိုင် တယ်လို့ ထင်လို့ လေဆိပ်ကနေ အဝင်မခံဘဲ ရာဇဝတ်ကောင်တွေ ပြန်လွှတ်တာ လတိုင်း အနည်းဆုံး ၃၀၊ ၄၀ လောက် ရှိတယ်” ဟု ပြောသည်။
နိုင်ငံဖြတ်ကျော် မှုခင်များတွင် မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ပင်လယ်ရေကြောင်း ဓားပြမှု၊ စီးပွားရေး မှုခင်းနှင့် ဆိုက်ဘာမှုခင်းတို့ ပါဝင်ပြီး မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မှုခင်းမှာ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်သည်ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာန ကိန်းဂဏန်းများအရ သိရသည်။
ဒုတိယ အများဆုံးမှာ နိုင်ငံသားများအား အခြားနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့် တရားမဝင် လူကုန်ကူး ခံနေရမှု ဖြစ်ပြီး တတိယမှာ ဆိုက်ဘာမှုခင်းများဖြစ်ကာ တယ်လီဖုန်းဆင်းကတ်များ ပေါများကာ ဆက်သွယ်ရေး ကောင်းမွန်လာသည့် အတွက်ကြောင့် ဖြစ်ကြောင်း ရဲမှူးချုပ် အောင်ဌေးမြင့်က ရှင်းပြ သည်။
၎င်းက “တယ်လီဖုန်းတွေ ဆင်းကတ်တွေ ပေါများလာတာနဲ့ အမျှ၊ အင်တာနက်ကို လွယ်လွယ်ကူကူ အသုံးပြုလို့ ရလာတာ နဲ့အမျှ ဒီဟာတွေအပေါ်မှာ ကျူးလွန်တဲ့မှုခင်းတွေက တဖြည်းဖြည်း များလာ တယ်။ ငွေကြေးတွေ လိမ်လည် ထုတ်ယူလာ တဲ့ ပြဿနာတွေ ရှိလာတယ်။ အချို့နိုင်ငံတွေမှာဆိုရင် လူတွေကို တယ်လီဖုန်းဆက်သွယ်မှု ငွေပေးချေမှုစနစ် ကနေပြီး ပြန်ပေးဆွဲတဲ့ သတ်တဲ့၊ ဖြတ်တဲ့အထိ မှုခင်းအကြီးကြီးတွေ အများကြီး ကျူးလွန်လာကြတယ်” ဟု ဆိုသည်။
နိုင်ငံဖြတ်ကျော် မှုခင်းဌာနကို ၂၀၀၅ တွင် ဖွဲ့စည်းခြင်းဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် ဌာနကြီးတခုအဖြစ် တိုးချဲ့ဖွဲ့စည်း၍ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်မှုခင်းများ တားဆီးနှိမ်နင်း ရန်အတွက် သီးခြားဥပဒေများ ပြဋ္ဌာန်းကာ လုပ်ဆောင် နေသည့် ဌာနတခု ဖြစ်သည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ဦးဇာနည်မင်းက “လုပ်တာကတော့ ကောင်းပါ တယ်။ အကျိုးသက် ရောက်မှုတော့ ရှိနိုင်ပါတယ်။ နိုင်ငံဖွံ့ဖြိုးမှုအတွက် ခရီးသွားလုပ်ငန်းကို ထိခိုက် မယ်လို့လည်း မြင်တယ်” ဟု သုံးသပ်ပြောဆို သည်။
၂၀၁၉ ခုနှစ်တွင် ပြုလုပ်မည့် ၁၉ ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုငရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်လည်း နိုင်ငံ ဖြတ်ကျော် မှုခင်းဆိုင်ရာ အစည်း အဝေး ပြုလုပ်ရန် ယခုအစည်းအဝေး၌ အတည်ပြုထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထုတ်ပြန်ခြင်း အခမ်းအနားတွင် ထည့်သွင်း ပြောဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ အာဆီယံဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ရေး လုပ်ငန်းများတွင် ဦးဆောင်နိုင်ငံများအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟုလည်း နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်း ဝင်ရောက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံတကာနှင့် ပူးပေါင်းဖော်ထုတ်ခဲ့သည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်ကာ အိမ်နီးချင်း တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် ဂျပန်၊ ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန် နိုင်ငံတို့နှင့်လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက် ရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးထားသည်။
ယင်း နားလည်မှု စာချွန်လွှာများတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ ငွေကြေးဆိုင်ရာ မှုခင်းတား ဆီး နှိမ်နင်းရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်သည်ဟု သိရသည်။