ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုတွင် မိသားစုဘက်မှ အမှုရုပ်သိမ် ပေးရန်အတွက် စွပ်စွဲခံရသူများ ဘက်မှ ကျပ်သိန်း ၁၅၀၀ ပေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်က ယနေ့ ရုံးချိန်း တရားခွင် အတွင်း ထွက်ဆိုသည်။
နိုဝင်ဘာလ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၅ ဦးကို တိုင်း တရားလွှတ်တော်၌ ရုံးထုတ်စစ်ဆေးစဉ် တရားလိုဖြစ်သူ ဦးမိုးနိုင်က ယင်းသို့ ထွက်ဆိုခြင်း ဖြစ်သည်။
ကော်မရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်က“တရားလို မိသားစုထံမှ အမှုကျေအေး ရုပ်သိမ်းလွှာ ရရှိရန်အတွက် ဦးခင်မောင် လေး (စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခ) သားကြီး၏ ဖခင်) သည် ဦးမြင့်ဦး (အောင်ရဲထွေး ၏ ဖခင်) အား စုစုပေါင်း ငွေကျပ် သိန်း ၁၃၀၀၊ ဦးမြင့်လွင် (အောင်ရဲထွေး၏ ဦးလေး) အား ငွေကျပ် သိန်း ၁၀၀၊ ဦးသန့်ဇင်ဦး (အောင်ရဲထွေး၏ အစ်ကို) အား ငွေကျပ် သိန်း ၁၀၀ ပေးအပ်ခဲ့ပါသည်”ဟု တရားခွင်တွင် ထွက်ဆိုသည်။
တရားလို ဦးမိုးနိုင်၏ ထွက်ဆိုချက်အရ ဦးခင်မောင်လေးသည် အောင်ရဲထွေး၏ ဦးလေးဖြစ်သူ ဦးမြင့်လွင်နှင့် အဆက် အသွယ် ရခဲ့ပြီး ၎င်း၏ ကြားဝင်ညှိနှိုင်းပေးချက်အရ အောင်ရဲထွေး၏ မိဘများနှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ သံသယ တရားခံများ၏ မိဘများက လက်အုပ်ချီ တောင်းပန်သည့် အတွက် အောင်ရဲထွေး မိဘများက ခွင့်လွှတ်ကြောင်း နှုတ် ဖြင့် ပြောဆိုခဲ့သည် ဟုလည်း သိရသည်။
ထို့နောက် ဦးခင်မောင်လေးက အမှုကျေအေး ရုပ်သိမ်းလွှာ ပေးရန်အတွက် အောင်ရဲထွေး၏ ဖခင်ဖြစ်သူ ဦးမြင့်ဦးအား ငွေကျပ် သိန်း ၁၃၀၀ ကို ချက်လက်မှတ်ဖြင့် သုံးကြိမ်ခွဲ ပေးခဲ့ကြောင်း၊ ကြားဝင် ညှိနှိုင်းပေးသူ ဦးလေးဖြစ်သူ ဦးမြင့်လွင်အား ချက်လက်မှတ်ဖြင့် ကျပ်သိန်း ၁၀၀ နှင့် အောင်ရဲထွေး အစ်ကို ဖြစ်သူ ဦးသန့်ဇင်ဦးကို ကျပ်သိန်း ၅၀ တန် ချက်လက်မှတ် ၂ စောင် (သိန်း ၁၀၀) ပေးခဲ့ကြောင်း ဦးမိုးနိုင်က တရားခွင်တွင် ထွက်ဆိုသည်။
ယင်းငွေများကို ဦးခင်မောင်လေးနှင့် တခြားသူ တဦးတို့ စပ်တူ ပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီဝင်ငွေထဲမှ ပေးအပ် ခြင်း ဖြစ်ပြီး ယခုအချက်အလက်များသည် အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားမှု ရှိသည်ဟု သတင်းထွက်ပေါ်လာ သည့် အတွက် ကော်မရှင်က ကျော်ဇောသတင်း သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ်အတွင်း တွေ့ရှိခဲ့ သည့် အချက်အလက်များ ဖြစ်ကြောင်းလည်း သိရသည်။
ဦးခင်မောင်လေးသည် အောင်ရဲထွေး၏ ဖခင်ဖြစ်သူ ဦးမြင့်ဦးကို ကနဦးတွင် ငွေကျပ် သိန်း ၃၀၀ ပေးအပ်ခဲ့ပြီး အောင်ရဲထွေး ဦးလေးဖြစ်သူ ဦးမြင့်လွင်က အောင်ရဲထွေးသည် ကြော်ငြာကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုထားပြီး ကွယ်လွန်သွားသည့်အတွက် လျော်ကြေးပေးအပ်ရမည်ဖြစ်၍ ၎င်း၏ မိဘများကို ကူညီရန် ဦးခင်မောင်လေးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် သိန်း ၅၀၀ တန် ချက်လက်မှတ် ၂ စောင်ကို ထပ်မံပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးမိုးနိုင်၏ ထွက်ဆိုချက်တွင် ပါရှိသည်။
ယနေ့ ရုံးချိန်းတွင် တရားလို၏ ထွက်ဆိုချက် တချို့အပေါ် စွပ်စွဲခံရသူများဘက်မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး ကန့်ကွက် မှုများအတွက် နှစ်ဖက် လျှောက်လဲချက်များကို လာမည့် နိုဝင်ဘာလ ၉ ရက် ရုံးချိန်းတွင် တင်ပြန်ရန် တိုင်း တရားလွှတ်တော် တရားခွင် (၄) အမှုစစ် တရားသူကြီး ဒေါ်စိုးစိုးအောင်က အမိန့်ချမှတ်သည်။
၂၀၁၆ က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် ရဲထွေးအောင် (ခ) အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်းက The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစု၏ ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်သည့် အမှုတွင် တရားရေးအရ ပြည့်စုံစွာသုံးသပ် စိစစ်ခြင်းမရှိဘဲ လာဘ်ငွေနှင့် တံစိုး လက်ဆောင် များ ရယူကာ အမှုကို ရုပ်သိမ်းခွင့်ပြုပြီး သံသယတရားခံများဖြစ်သည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ ကျော်ဇောဟန်(ခ) ကျော်ဇောတို့ကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုကာ တိုင်းဥပဒေချုပ် ဟောင်း အပါအဝင် ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
တရားစွဲဆိုခံရသူများမှာ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံ နယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ် ချစ်ကိုကိုတို့ ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် – တိုင်းဥပဒေချုပ်ဟောင်း အမှု ပထမ သတင်းပေး တိုင်ချက်ကို သက်သေခံအဖြစ် လက်ခံ
အောင်ရဲထွေး အမှု သက်သေခံတင်သွင်းချက် စွပ်စွဲခံရသူများဘက်မှ ကန့်ကွက်
အောင်ရဲထွေး အမှု အစမှ ပြန်လည် စစ်ဆေးမည်
ရန်ကုန်တိုင်း ဥပဒေချုပ်နှင့် ၆ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲတင်