ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကြားဖြတ် ရွေးကောက်ပွဲ အတွက် နယ်မြေ လုံခြုံရေးနှင့် ပတ်သက်ပြီး စည်း ၄ စည်းသတ်မှတ်ကာ ဆောင်ရွက်ထား ရှိကြောင်း သတင်း ရရှိသည်။
ရွေးကောက်ပွဲလုံခြုံရေး အတွက် လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းပြီး ယင်းသို့ သတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရွေးကော်ပွဲအရာရှိ ဦးနိုင်မျိုးလင်းက ပြောသည်။
ဦးနိုင်မျိုးလင်း က “နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းစပ် ညှိနိုင်းပြီးတော့ နယ်မြေ လုံခြုံရေး အတွက် ဗဟိုစည်း ၊ အတွင်းစည်း ၊ အပြင်စည်း ၊ အဝေးစည်း ဆိုပြီးတော စည်း ၄ စည်း သတ်မှတ် ထားရှိကာ လုံခြုံရေး ကဏ္ဍကို ဆောင်ရွက်ထားရှိပါတယ်” ဟု သတင်း မီဒီယာများသို့ ပြောသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ် အမှတ် ( ၂ ) နယ်မြေတွင် မဲဆန္ဒရှင် အရေအတွက် ၅၂၃၀၀ ရှိပြီး မဲရုံ ၈၆ ရုံရှိ သတ်မှတ်ထားကြောင်း ၊ ယင်းသတ်မှတ်ထားသည့် မဲရုံ ၈၆ ရုံသတ်မှတ်ထား ရှိသည့် အနက် မဲရုံ ၃၂ ရုံအား မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ ကျန် ၅၄ ရုံ၏ လုံခြုံရေးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ထားမည် ဖြစ်ကြောင်း ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဖြိုးဝေက ပြောသည်။
ရဲမှူး သိန်းဖြိုးဝေ က “ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အလုံအလောက် ဖြန့်ခွဲ ချထားပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့လည်း ပါပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ ဇုန်တွေ သတ်မှတ်ပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့က မဲရုံ ၃၂ ရုံတာဝန်ယူပါမယ်။ နယ်ခြားစောင့်တပ်ဖွဲအပိုင်ထဲမှာ ပါတဲ့ မဲရုံ ၅၄ ရုံကိုတော့ နယ်ခြားစောင့်က တာဝန်ယူပါမယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်ကြားဖြတ်ရွေးကော်ပွဲတွင် ကြိုတင်မဲပေးရန် လျှောက်ထားသူ မဲဆန္ဒရှင်ပေါင်း ၃၀၀ ကျော်ရှိပြီး ယနေ့တွင် ပြည်သူတချို့ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ အိမ်တွင် ကြိုတင်မဲ သွားရောက် မဲပေးနေသည်ကိုမြင်တွေ့ခဲ့ရသည်။
ရွှေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ( ၂ ) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီ (ANP ) ပါတီမှ ဦးလှမြင့် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ALD ) ပါတီမှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီမှ ဦးခင်သန်းမောင် ၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်း တို့ ဖြစ်သည်။
ရသေ့တောင် လစ်လပ် မဲဆန္ဒနယ်အမှတ် ( ၂ ) သည် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီမှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဖိုးမင်း အနိုင် ရရှိခဲ့သည့် နေရာ ဖြစ်ကာ ဦးဖိုးမင်းမှာ ကွယ်လွန်သွား သည့်အတွက်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တနေရာ လစ်လပ် သွားခြင်းလည်း ဖြစ်သည်။