ရခိုင်ပြည်နယ် အရေးကြောင့် တိုင်းပြည် အချုပ်အခြာ အာဏာ ထိခိုက်ပြီး မည်သည့်အချိန်တွင် ပိုင်နက်နယ်မြေ ဆုံးရှုံး တော့မလဲဆိုသည့် စိုးရိမ်စိတ်နှင့် စောင့်ဆိုင်းနေရကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
နိုဝင်ဘာလ ၁ ရက်က ဧရာဝတီတိုင်း မအူပင်မြို့နယ် ထနီးကျေးရွာတွင် ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာများ ပေးအပ် သည့် အခမ်းအနားတွင် ပြောဆိုခြင်း ဖြစ်သည်။
USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက“ဒီနေ့ နိုင်ငံမှာ ကြုံတွေ့နေရတာက အချုပ်အခြာ အာဏာတွေ အထိခံနေရတယ်။ အဲဒါတွေ အင်မတန် လျော့ရဲသွားပြီ။ ကျနော်တို့ ပိုင်တဲ့နယ်မြေ ဘယ်အချိန်ဆုံးရှုံးတော့မလဲဆိုတဲ့ စိတ်တထိတ်ထိတ်နဲ့ စောင့်နေရတယ်”ဟု ပြောသည်။
ယင်းစကားရပ်ကြောင့် USDP ပါတီသည် အချုပ်အခြာ အာဏာနှင့် လူထုကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ပါတီကို မလိုလားသူများက ပြောဆိုလေ့ရှိပြီး ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ လိုအပ်ချက်အရ ပြောဆိုရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ တခု တွင် ပိုင်နက်နယ်မြေ၊ နိုင်ငံသား၊ အုပ်ချုပ်သည့် အစိုးရနှင့် အချုပ်အခြာ အာဏာတို့ ရှိရမည်ဟုလည်း ၎င်းက ထည့်သွင်း ပြောဆိုထားသည်။
“အဲဒီထဲက တခုခု လျော့သွားပြီဆိုရင် အဲဒါ နိုင်ငံစဉ် မမီတော့ဘူး။ လူလို ဆိုရင်တော့ လူစဉ် မမီတော့ဘူး။ အဲဒါကြောင့် အင်မတန် အရေးကြီးတဲ့ အချုပ်အခြာ အာဏာကို မီးမောင်းထိုးပြနေတာပါ။ အဲဒါသည် ဒီနေ့ ကျနော်တို့ ဦးဆောင်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထူးအလေးထား ကာကွယ်နေပါတယ်။ လိုအပ်တဲ့ နေရာတွေမှာ အစိုးရကို သတိပေးနေပါတယ်”ဟု ဦးသန်းဌေးက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အစိုးရမတိုင်ခင် စစ်အစိုးရလက်ထက်တွင် ယင်းဒေသမှ ဘင်္ဂါလီများကို ယာယီ နိုင်ငံသား လက်မှတ် (White Card) များ ထုတ်ပေးသလို ပါတီဝင်ကတ်များ ထုတ်ပေးခဲ့ကြောင်း ရခိုင်အရေး လေ့လာ စောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။
“ကြံ့ခိုင်ရေး ပါတီဝင်ကတ်တွေ ထုတ်ပေးသွားတယ်။ ပြီးတော့ ပြန်သိမ်းတယ်။ ပြဿနာ ဖြစ်တယ်။ ပြဿနာဖြစ်တော့ မဖြေရှင်းဘဲနဲ့ ဒုက္ခသည် ၃ သိန်းလောက်ကို ဒုက္ခသည်စခန်းတွေမှာ ထားတယ်။ ဒီပေါ်လစီတွေ လွဲတာတွေနဲ့လည်း ဆိုင်တယ်။ အမှန်က သူတို့မှာ ရခိုင်နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ လွဲတယ်ဆိုတာကို ဝန်မခံတာ ပြဿနာ ရှိတယ်။ ကြံ့ခိုင်ရေး အနေနဲ့ ဒီဘင်္ဂါလီကိစ္စ ရခိုင် ပြဿနာမှာ သူတို့လည်း လွဲချော်မှုတွေ ရှိခဲ့တယ်။ သူတို့ လွဲချော်ခဲ့တဲ့ဒဏ်ကို နောက်လူတွေက ဆက်ခံနေရတာ”ဟု ဦးမောင်မောင်စိုး က ပြောဆိုသည်။
USDP ပါတီဥက္ကဋ္ဌ၏ ပြောဆိုချက်သည် ဘင်္ဂါလီဒုက္ခသည် အရေးတွင် ကုလသမဂ္ဂ (UN)မှ မြန်မာ အစိုးရကို ကျော်လွန် ၍ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်နေသည့် ကိစ္စများကို ရည်ရွယ်သည်ဟု သုံးသပ်နိုင်ကြောင်း၊ ရခိုင်ပြဿနာကို ဖန်တီးခဲ့သူ မှာ USDP ပါတီပင် ဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီးဒါရုစ်မန် က အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ အစည်းအဝေး၌ အစည်းအဝေး ကျင်းပ စဉ် အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည့် အတွက် မြန်မာဘက်မှ ဝေဖန်ခဲ့ သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတချို့သည် ကိုယ်ပိုင် နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူ့အခွင့်အရေး ကိစ္စကို အပိုင်စီးရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းနေသည်ဟုလည်း မြန်မာကိုယ်စားလှယ် သံအမတ် ဦးဟောင်ဒိုဆွမ်း က ပြောဆိုသည်။
၎င်းက“ယင်းသို့ သူတောင်ကောင်းယောင် ဆောင်မှုများ ကုလသမဂ္ဂအဖွဲ့ကြီးတွင် နေရာရရှိနိုင်သည်မှာ နားမလည်နိုင် အောင် ဖြစ်ရပြီး ယင်းလုပ်ရပ်သည် ကုလသမဂ္ဂအပေါ် အရှက်ရစေသည်”ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။
ရခိုင်အရေးကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသများ ယူဂိုဆလားဗီးယား ပြည်ထောင်စု၊ ကိုဆိုဗို ဒေသကဲ့သို့ ဖြစ် သွားမည်ကို စိုးရိမ်သည်ဟု ဆိုကာ ဇွန်လအတွင်း ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ဖူးသေးသည်။
အစိုးရသည် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ရာတွင် “မီးစင် ကြည့်ကနေခြင်း” မဟုတ်ဘဲ ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များကို ဆက်စပ်အကောင်အထည်ဖော်ပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယခုနှစ်ဆန်းပိုင်းက ပြည်သူ့ လွှတ်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတရပ်တွင် ထည့်သွင်း ပြောဆိုထားဖူးသည်။
နိုင်ငံတကာ ဖိအားဖြစ်စေသည့် ရခိုင်ကိစ္စအတွက် USDP သာ တာဝန်ရှိသည်ဟု သုံးသပ်မှုများအပေါ်“အရင်လူတွေ ဖျက်သွားလို့ တိုင်းပြည်ကြီးက ပျက်သွားပြီ။ ကားပျက်ကြီးကို မောင်းနေရလို့ ဘယ်ခရီးရောက်မလဲ။ ဒီကားကြီးကို လဲပစ်ရမယ်တို့၊ အဲဒီကားအို ကားပျက်ဆိုတဲ့နေရာမှာ ခုနက ဘီးတွေပါတယ်။ စက်တွေပါတယ်။ စက်သုံးဆီပါတယ်။ မောင်းတဲ့ ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှု ပါတယ်။ ဒီကားပေါ်မှာ ထားသွားတဲ့ ခရီးသည်တွေအပေါ်မှာ ထားတဲ့ စေတနာ ပါတယ်။ အဲဒါကောင်းမှ ကားသစ်ပဲ ဖြစ်ဖြစ်၊ ကားဟောင်းပဲဖြစ်ဖြစ် လိုတဲ့နေရာကို ရောက်မှာ”ဟု USDP ဥက္ကဋ္ဌ ဦးသန်းဌေးက မအူပင်မြို့နယ်သို့ ရောက်ရှိစဉ် ပြောဆိုထားသည်။
အတိုက်အခံတို့သည် အစိုးရ အနေဖြင့် လူသားချင်း စာနာမှုနှင့် အခြေခံ လူ့အခွင့်အရေးကို အကြောင်းပြကာ အမျိုးသား လုံခြုံရေးကို ထည့်သွင်း မစဉ်းစားဟု သုံးသပ် ပြောဆိုလေ့ရှိကြောင်းနှင့် တည်ဆဲဥပဒေအရ မည်သည့် အကြောင်းပြချက်ကြောင့် ဖြစ်စေ မည်သို့သော အကြမ်းဖက်မှုမျိုးကိုမှ လက်မခံနိုင်ကြောင်း NLD ဘက်မှ တုံ့ပြန်ထား သည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် က“နေ့တိုင်း စိတ်ပူနေ တယ် ဆိုရင် ဘာကို စိတ်ပူတာလည်း ဆိုတာကို သေချာပြောဖို့ လိုတယ်။ ဘယ်အချက်ကြောင့်မို့လို့ စိတ်ပူတယ်လို့ ပြောတာလဲ။ မြန်မာနိုင်ငံမှာ ရခိုင်ကိစ္စကို ဖြေရှင်းတဲ့အခါ ဒီမှာရှိတဲ့ တည်ဆဲ ဥပဒေ ဘယ်တခုကိုမှ ကျော်လွန်ပြီးတော့ ဖြေရှင်းခဲ့တာမျိုး မရှိဘူး။ စွပ်စွဲမယ်ဆိုရင် ဘယ်အချက်ကို ပြောချင်တာလဲဆိုတာ ပြောဖို့ လိုတာပေါ့။ စိတ်ထင်တာတို့ သူများပြောတာတို့ ဒါနဲ့ မှန်းဆပြီးတော့ စိတ်ပူနေတယ်ဆိုရင်တော့ ဒါက လက်တွေ့မကျဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားဖြစ်စေခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခကြောင့် ဒုက္ခသည် ၈ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ရကြောင်း နိုင်ငံတကာ ထုတ်ပြန်ချက်များနှင့် သတင်းများတွင် ဖော်ပြထားသည်။
၎င်းတို့အား ပြန်လည်စိစစ်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ထားသော်လည်း တနှစ်ကျော် နှောင့်နှေးခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်မှစကာ ဒုက္ခသည် ၂၀၀၀ ကို စတင်လက်ခံသွားရန် နှစ်နိုင်ငံ သဘောတူညီမှု ရထားပြီ ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် –
- ဒုက္ခသည် ၂၀၀၀ ကျော် လက်ခံရေး နှစ်နိုင်ငံ သဘောတူပြီဟုဆို
- တပ်ကို နိုင်ငံရေးက ထွက်ရန် ရခိုင်မြောက်ပိုင်းအရေး အသုံးချ ဖိအားပေး မရ
- အာဏာပြန်ရပါက ကမ္ဘာ့အလယ်တွင် ရင်ကော့ လက်မထောင်နိုင်စေရမည်ဟု ကြံ့ခိုင်ရေး ပြော
- မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို မည်သူမျှ စွက်ဖက်ခွင့် မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော
- ရခိုင်နိုင်ငံရေး အကျပ်အတည်းကို ဖောက်ထွက်ဖို့ လိုပြီ