နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် မဲလာပေးမည့် မဲရုံတွင် ပိတ်ထားရသည့် မဟာသန္တိသုခ ကျောင်းတိုက် ကိစ္စအပါအဝင် အခြားကိစ္စများ တိုင်ကြားရန်အတွက် စောင့်ဆိုင်းနေသူများ ရှိနေသည်
တိုင်ကြားမည့်သူများသည် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဲရုံ အမှတ် (၃) တွင် သမ္မတ ဦးဝင်းမြင့်နှင့် မိသားစု မဲပေးမည့် မဲရုံအနီးတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
တိုင်ကြားစာပေးရန် စောင့်ဆိုင်းနေသည့် ဦးကိုကိုသန်းက “ချိတ်ပိတ်ခံထားရတဲ့ သန္တိသုခကျောင်း တိုက် လုံခြုံရေး ကင်းမဲ့နေတဲ့ အခြေအနေ ဖြစ်နေတယ်။ ချိတ်ပိတ်ထားတဲ့ ကျောင်းတကျောင်းက ကြိုက်သလို ကျူးကျော်ဝင်ရောက်လို့ ရသလိုဖြစ်နေတယ်။ ဒါအတွက် လုံလုံခြုံခြုံ ဖြစ်ချင်တယ်။ ရင်ဆိုင်နေရတဲ့အမှုကိုလည်း မြန်မြန်ပြီးချင်တယ်၊ ဒါတွေ တင်ပြမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တရားမမှုနှင့် ပတ်သက်၍ တိုင်ကြားလိုသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် နေထိုင်သူ ဦးသန့်ဇင် ကလည်း “ တရားမမှု တခုကို တရားရုံးချုပ်ရဲ့ အပြီးသတ်ချပြီးသား အမိန့်တခုကို အောက်ရုံးဖြစ်တဲ့ အနောက်ပိုင်းခရိုင်တရားရုံးက လုပ်ချင်သလို လက်တလုံးခြား လှည့်ပြီး လုပ်နေတာတွေ ရှိပါတယ်။ ၂၀၀၄ ကတည်းက အမိန့်ကျပြီးသားဟာကို အခု ၁၄ နှစ်ကြာတဲ့ အထိ ဒီအခွင့်အရေးတွေ မခံစားရ သေးဘူး။ သမ္မတမဖြစ်ခင် ရှေ့နေဆိုတော့ ကျနော်တို့ထက် ပိုသိမှာပါ။ ပေးခွင့် ရ၊ မရတော့ ကြိုးစား ကြည့်ရမှာပဲ။ ပေးခွင့်ရခဲ့ရင် အပြောင်းအလဲလေး လေးတခုတော့ ဖြစ်နိုင်မယ့်လို့ ယူဆပါတယ်” ဟု ဆိုသည်။
သမ္မတထံ တိုင်ကြားမည့် ကိစ္စရပ်များတွင် မြေယာပိုင်ဆိုင်ခြင်း အငြင်းပွားမှုများ၊ အဂတိလိုက်စား မှုများ ပါဝင်ကြောင်း အခြားသော တိုင်ကြားစာ ပေးလိုသူများထံမှ သိရပြီး အချို့သော အမှုများမှာ ၂၀၀၀ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည့် အမှုများ ဖြစ်သည်ဟု သိရသည်။
တိုင်ကြားစာပေးရန် စောင့်ဆိုင်းနေသည့် ကိုအောင်နိုင်က “မြေယာပိုင်ဆိုင်မှုမှာ မတရားခံရတဲ့ကိစ္စ၊ အဂတိချစားထားတဲ့ ကိစ္စတွေလည်း ပါပါတယ်။ သမ္မတကြီး သိသွားရင်တော့ အမှုက အမှန်အတိုင်း အဖြေထွက်လာမယ်လို့ မျှော်လင့်ထားပါ တယ်။ အမှုက ၂၀၀၀ ခုနှစ်လောက်ကတည်းကပါ” ဟု ပြောသည်။
နိုင်ငံတော်သမ္မတ မဲပေးမည့် ကျားသစ်ရပ်ကွက် မဲရုံအမှတ် (၃) တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၉၀၈ ဦးရှိပြီး ကြိုတင်မဲ ၂၄ မဲ ရှိပြီး ကျားကွက်သစ် မဲရုံ အမှတ် (၄) တွင်မူ မဲပေးခွင့်ရှိသူ ၉၇၂ ဦးနှင့် ကြိုတင်မဲ ၂၀ ဦး၊ မဲရုံအမှတ် (၅) တွင် မဲပေးခွင့်ရှိသူ ၇၃၃ ဦးနှင့် ကြိုတင်မဲ ၈ ဦး ရှိသည်ဟု သိရသည်။
အဆိုပါ မဲရုံ ၃ ရုံစလုံးတွင် မဲပေးသူများ ဆက်လက်မဲပေးလျက်ရှိနေသော်လည်း သမ္မတ ဦးဝင်းမြင့် ကတော့ နေ့လည် ၁၁ နာရီအထိ လာရောက် မဲပေးခြင်းမရှိသေးပေ။
သမ္မတကိုယ်တိုင် မဲပေးမည့် မဲရုံသို့ အမေရိကန် သံအမတ် စကော့မာစီရယ် အပါအဝင် နိုင်ငံခြားသံရုံး တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်ရေးအဖွဲ့များ ယခုမနက်ပိုင်းကတည်းက လာရောက် လေ့လာလျက်ရှိပြီး မဲရုံဝန်းကျင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကလည်း စောင့်ကြည့်လျက် ရှိသည်။
တာမွေမြို့နယ် လစ်လပ်မဲဆန္ဒနယ် (ပြည်သူ့လွှတ်တော်) မှာ ၂၀၁၅ ခုနှစ်က သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် နယ်မြေဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရသည့်အတွက် လစ်လပ်သွားခြင်း ဖြစ်ကာ ယခုအခါ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြသည်။