ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ရှိ မဲရုံ အမှတ် (၁) တွင် မဲရုံတွင်း စောင့်ကြည့်ရန် စီစဉ်ပေးထားသည့် နေရာမှာ အဆင် မပြေဖြစ်နေဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဆိပ်ကမ်း မြို့နယ် ကိုယ်စားလှယ်လောင်း ဦးနေမျိုး အာင်က ဝေဖန်လိုက်သည်။
ယနေ့ (နိုဝင်ဘာလ ၃ ) ပြုလုပ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ် (၂) အတွက် မဲရုံ အမှတ် (၁) ကို ဆိပ်ကမ်းမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ဓမ္မာရုံတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ဦးနေမျိုးအောင်က မဲရုံ မဖွင့်ခင်နှင့် မဲရုံစဖွင့်ကတည်းက အပြင်ဘက်မှ ကြည့်သည့်အခါ မဲစာရင်း စိစစ် သူ၊ မဲလက်မှတ်ထုတ် ပေးသူများနှင့် မဲပေးမှုကို စောင့်ကြည့်မည့် မဲရုံ ကိုယ်စားလှယ်များအကြား မဲပုံး ကွယ်နေသဖြင့် မဲစာရင်းထုတ်ပေးချိန် မှန်ကန်မှု ရှိ မရှိ၊ မသမာမှုများ ရှိ မရှိကို သေချာစောင့်ကြည့်၍ မရကြောင်း ရှင်းပြသည်။
၎င်းက “ဥပဒေအရ ကျနော်တို့ ပါတီတွေရဲ့ မဲရုံ ကိုယ်စားလှယ်တွေဆိုတာ မဲရုံထဲမှာ စောင့်ကြည့်ဖို့ အတွက် ခွင့်ပြုပေး ထားတယ်။ သို့သော် မနက်ရောက်ကတည်းက ကြည့်လိုက်တဲ့အခါ မဲစာရင်း စိစစ်သူနဲ့ မဲလက်မှတ်ထုတ်ပေးသူကို မဲပုံးကြီး ကွယ်နေတယ်။ ဘာမှ မမြင်ရဘူး။ အဆင်မပြေဘူး” ဟု ပြောသည်။
မဲပေးမှု စောင့်ကြည်ရေး အဆင်မပြေမှုကို ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို တင်ပြထားသော် လည်း ယခင်က တည်းက စီစဉ်ထားသည့်အတွက် မပြင်ပေးနိုင်တော့ဟု ကော်မရှင်ဘက်မှ တုံ့ပြန် ပြောဆိုကြောင်းလည်း ဦးနေမျိုးအောင်က ဆိုသည်။
ယနေ့ မဲရလဒ်နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက “ဘုရားပေးတဲ့ဆု” ဟု ဆိုသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ စုံစမ်းမေးမြန်းရာ နေရာအခက်အခဲကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အတတ်နိုင်ဆုံး အဆင်ပြေရန် ဆောင်ရွက်ပေးထားပါကြောင်း ပြောဆိုသည်။
ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် လောင်း ဦးသန်းထိုက် အောင်က “ဝင်ပေါက်ထွက်ပေါက် တခုတည်းရှိလို့ အနည်းငယ် အခက်အခဲ ရှိ တာလောက်ပဲ။ ဒီရပ်ကွက်မှာ မဲရုံလုပ်တဲ့ နေရာက နည်းနည်းလေး ခက်ခဲတယ်။ ကျဉ်းတယ်။ မဲရုံထဲ ကိုယ်စားလှယ်ရယ်၊ ကိုယ်စားလှယ်လောင်းရယ် ဝင်ခွင့်ရှိ ပေမယ့် ကိုယ်စားလွှတ်ထားတယ်။ မဲရုံက အခက်အခဲဖြစ်တာကို နားလည်တဲ့အတွက် အပြင်မှာပဲ စီမံခန့်ခွဲမှုလုပ်တာမျိုး ဆောင်ရွက်ပေးပါတယ်” ဟု ပြောသည်။
ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် ရိပ်သာရပ်ကွက်နှင့် ရဲရိပ်သာကွက်တွင် စုစုပေါင်း မဲရုံ (၂)ရုံ ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ စုစုပေါင်း ၁၄၃၄ ဦး ရှိပြီး နေ့လယ် ၁၁ နာရီကျော်ချိန်အထိ မဲလာ ရောက်ပေးသူ ၂၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒနယ်မြေမှ မဲဆန္ဒရှင်များသည် ဝန်ထမ်းအများစု ဖြစ်သဖြင့် မဲပေးရန် စိတ်ဝင်စားမှုရှိ ကြပြီး မဲရုံစဖွင့်သည့် နံနက် ၆ နာရီကတည်းက စတင်၍ မဲလာရောက်ပေးနေကြသည်ကို တွေ့ရသည်။
ယင်းမဲဆန္ဒနယ်မြေမှ ယခင် လွှတ်တော်ကိုယ်စားလှယ် NLD မှ ဦးမောင်မောင်သန်း ကွယ်လွန်သွား သဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် တနေရာဖြစ် ပါဝင်ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စား လှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်း ၉ ဦး ဝင်ရောက်ယှဉ်ပြိုင် နေသည်။