ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချား (ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်) တွင် မဲစာရင်း မပါသူ များနှင့် မဲပေးရမည့် နေ့ကျမှ မဲစာရင်း လာရှာမှုများ ရှိနေကြောင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD) ကိုယ်စားလှယ်လောင်း စိုင်းဥက္ကာက “ဘာတွေ ထူးလဲဆိုတော့ ကျနော်တို့ မဲစာရင်းမှာ တချို့လည်း မပါဘူးပေါ့ဗျာ။ တချို့လည်း (၃) ကြိမ် ကြေညာ တယ်၊ သွားမကြည့်ကြဘူး၊ ဒီနေ့မှ အသည်းအသန် ကိုယ့်မဲစာရင်းကို လာရှာကြတယ်ဗျာ။ နောက်ပြီး တော့ ကော်မရှင်ကလည်း တချို့အသိပညာပေးတာတို့၊ ဘာတို့ မရှိဘူးလေ။ အဲဒါတွေတော့ အားနည်း တယ်” ဟု ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ စိုင်းရွှေဆိုင်းကလည်း “ ကျနော်တို့ဆီမှာ အခုက မဲစာရင်းမပါတာ တွေ၊ ဒီနေ့မှာမဲစာရင်းလာရှာနေတာတွေ ဖြစ်နေတယ်။ မဲစာရင်းကို ၂ခါ ၃ ခါ ကြေညာတယ်။ ကြေညာတယ် ဆိုပေမယ့် လည်း ကျနော်တို့ ဒေသမှာကျတော့ တောင်သူတွေက များတော့ မဲစာရင်းကိုသွားကြည့်ဖို့ အချိန်မရှိဘူး။ တချို့က စာ လည်းမတတ်ဘူးလေ၊ မတတ်တဲ့ အခါကျတော့ အဲဒီအပိုင်းတွေလည်း အားနည်းချက်တွေရှိတယ်။ သူ့ မဲစာရင်းတော့ သူရှာနေကြတယ်၊ တချို့ကလည်း အချိန်မပေးနိုင်တော့ဘူးဆိုပြီး ပြန်သွားတဲ့ လူတွေလည်းရှိတယ်” ဟု ဆိုသည်။
အရေအတွက်မည်မျှ မဲစာရင်းတွင် မပါဝင်သည်ကိုမူ တိကျစွာ မပြောဆိုနိုင်ခြင်း မရှိသေးပေ။
ယနေ့ ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လဲချား (ပြည်သူ့လွှတ်တော် လစ်လပ်နေရာ) အတွက် မဲပေးခွင့်ရှိသူ ၃၉,၃၂၁ ဦးရှိပြီး မဲရုံပေါင်း ၃၆ ရုံ ရှိသည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲကာလက မဲပေးခွင့်ရှိသည့် မိသားစုဝင်များကို ရွေးကောက်ပွဲ ကော်မရှင်မှ အိမ်တိုင်ရာရောက် အသိပေးမှုများ ရှိခဲ့သည့်အပြင် အသိပညာပေး စာရွက်များလည်း ဝေငှခဲ့သည့် အတွက် လာရောက် မဲထည့်မှု များပြားခဲ့ ကြောင်း SNDP မှ စိုင်းရွှေဆိုင်းက ပြောသည်။
လဲချားတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ စိုင်းအောင်ထွန်းလေး၊ SNLD မှ စိုင်းဥက္ကာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ စိုင်းရွှေဆိုင်းတို့ ဖြစ်သည်။
လဲချားမဲဆန္ဒနယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေသည့် ထိုင်းနိုင်ငံအခြေစိုက် Asian Network For Free Elections( ANFREL Foundation)က မဲပေးခွင့်ရှိသူ ၃၉၃၂၁ ဦးအနက် နံနက် ၈ နာရီချိန်ထိ လာရောက် မဲပေးသူ ၂၇၉၂ ဦးသည့်အတွက် ၇.၁၀ ရာခိုင်နှုန်းရှိကြောင်း ဧရာဝတီသို့ ပြောသည်။
လဲချားမဲဆန္ဒနယ်တွင် ကိုယ်တိုင် သွားရောက်သတင်းယူနေသည့် DVB သတင်းထောက် ကိုခွန်ဇော်ဦးက “ မဲရုံမှာ အခု လူသိပ်မရှိတော့ဘူး။ မနက်ပိုင်းက တက်တက်ကြွကြွရှိပေမယ့် ၁၁ နာရီနောက်ပိုင်း လူမရှိတော့ဘူး။ မဲလာပေးတဲ့သူ တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ မလာနိုင်တာတွေလည်း ရှိတယ်လို့ ပြောကြတယ်၊ လဲချားမြို့နယ်က အကျယ်ကြီးဆိုတော့ ပိုဆိုးတယ်။ တချို့မဲရုံရှိတဲ့ နေရာတွေဆိုရင် ဖုန်းလိုင်းမရတာတွေလည်းရှိတော့ မဲစာရင်းပါ မပါတွေလည်း သိရှိမှု အားနည်းတယ်။ မြေပြင်မှာ အဲဒီအခြေအနေလေးတွေ မြင်ရ ကြားရပါတယ်” ဟု ဆိုသည်။