ရန်ကုန်မြို့တွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ကျူးကျော်နေထိုင်သူများ အားလုံးပေါင်း အတွက် အိမ်ရာ အခန်းပေါင်း ၃ သိန်းခန့် တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
“အိမ်ရာနဲ့ ပတ်သက်တဲ့ ဈေးကွက်ဟာ အရောင်းအဝယ် မရှိဘူးလို့ ပြောနေတာမျိုး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ နေစရာမရှိတဲ့ သူတွေများစွာ ရှိနေတယ်ဆိုတာ အားလုံး မျက်မြင်တွေ့နေတာပဲ ဖြစ်တယ်”ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
လက်ရှိ ရန်ကုန်မြို့ပေါ်တွင် နေစရာမရှိသဖြင့် ကျူးကျော်နေထိုင်သော အိမ်ထောင်စုပေါင်း ၁ သိန်း ၅ သောင်းခန့်ရှိပြီး လူဦးရေအရ ကြည့်လျှင် ၄ သိန်းကျော် ရှိနေသည်ဟု ဝန်ကြီးချုပ်က ပြောသည်။
“ဒါကြောင့် အစိုးရဝန်ထမ်းရော ကုမ္ပဏီ ဝန်ထမ်းရော ကျူးကျော်ရော အားလုံးပေါင်းမယ်ဆိုရင် အိမ်ရာခန်း ၃ သိန်း လောက် လိုအပ်နေပါတယ်။ ဒါတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ အစိုးရသစ် တာဝန်ယူတဲ့ အချိန်ကစပြီး ကြိုးပမ်းခဲ့ပါတယ်”ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
သို့သော် အိမ်ရာ အဆောက်အအုံများ အတွက် ပြင်ဆင်ရသော မြေနေရာ ရရှိရန်နှင့် တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များကို ဆောင်ရွက်ရသည့် အချိန်ကာလသာ ဖြစ်နေသေးကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။
ဝန်ကြီးချုပ်က ရန်ကုန်မြို့ Sedona Hotel ၌ အောက်တိုဘာ ၂ ရက်က ပြလုပ်သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ အသင်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး နှင့် အိမ်ရာလုပ်ငန်း အသင်းတို့ စီစဉ်သော စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေစရာ အခက်အခဲဖြစ်နေသည့် ပြည်သူများ၏ ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရာ ရောက်မည်ဖြစ်ကြောင်းလည်း ပြောသည်။
ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ခု နှင့် အထူးစီးပွားရေးဇုန် တခုရှိပြီး ယင်း စီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ဒီအိမ်ရာ လိုအပ်မှုက တိုင်းအစိုးရက နေ့စဉ် နဲ့ အမျှ စဉ်းစား ဆောင်ရွက်နေတဲ့ ကိစ္စတခုဖြစ်ပါတယ်။ အသင်းအနေနဲ့လည်း ဒါကိုတည်ဆောက်နိုင်ပါတယ်။ ဒီ လိုအပ်ချက် ၃ သိန်းကို တပြိုင်တည်း ဆောက်လို့ရပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက”ဒါပေမယ့် ငွေရေး ကြေးရေးအပိုင်းဖြစ်တယ်။ အဲဒီမှာကျနော်တို့က ဘဏ်အတိုးနှုန်း နည်းနည်းနဲ့ အဓိကတော့ ဝယ်သူပေါ့နော်။ အိမ်ရာဝယ်တဲ့ နေရာမှာ ဝယ်သူကပေးရတဲ့ အတိုးနှုန်းက နည်းနည်းရှိနေပါတယ်။ ဒါကို ကျော်ဖြတ်ဖို့ အတိုးနှုန်း အနည်းဆုံးနဲ့ ရနိုင်ဖို့ ဒါစနစ်တခုလိုပါတယ်”ဟု ပြောဆိုသည်။
ထို့ကြောင့် အိမ်ရာ အရေအတွက် များများကို လိုအပ်သလောက် ဆောက်လုပ်ပေးနိုင်သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းအနေနှင့် ဘဏ် အတိုးနှုန်းနည်းနည်းနှင့် အိမ်ရာကို အရစ်ကျ ဝယ်ယူနိုင်ရန် လိုအပ်ချက်သာ ရှိနေကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိ အိမ်ရာဝယ်ယူရသည့် အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ယင်းထက ်လျော့ကျစေရန် နည်းလည်း ရှာသင့် သည်ဟု ဆိုသည်။
အတိုးနှုန်း အနည်းဆုံး ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းဆိုလျှင် အဆင်ပြေနိုင်မည်ဟု ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
အင်းစိန်မြို့နယ်နေ မဆုမြတ်က”အိမ်ရာတွေက အခု အစိုးရက ရောင်းချပေးတာ ရှိသလို ပုဂ္ဂလိကတွေက ဘဏ်တွေနဲ့ ချိတ်ပြီး ရောင်းပေးတာတွေလည်း ရှိပါတယ်။ ကနဦး ပေးသွင်းကလည်း သိန်း၂၀ ၊ သိန်း ၃၀ ဆိုတော့ နည်းနည်းများတယ်။ ဘဏ် အတိုးနှုန်းကလည်း ကိုယ်ယူရမယ့်နှစ်နဲ့ ပြန်တွက်ကြည့်ရင် အရမ်းများနေတယ်”ဟု ပြောဆိုသည်။