သတင်း

သပိတ်ကျင်း ဇရပ်ကွင်းတွင် ကိုယ်စားမဲပေးသူအား တရားစွဲမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းမဲရုံ (၂) တွင် မဲဆန္ဒရှင်ကိုယ်တိုင် မဟုတ်ဘဲ လိမ်လည်မဲပေးမှု ဖြစ်ခဲ့သည့်အတွက် ရွေးကောက်ပွဲ ဥပဒေအရ အမှုဖွင့် အရေးယူသွားမည်ဟု သပိတ် ကျင်း၊ အုံးဇုံးကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇရပ်ကွင်း အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၂) တွင် မဲစာရင်းတွင် ပါဝင်သူ ဦးမိုးကျော်၊ ဒေါ်စန်းစန်းမြင့်၏ သမီး မခိုင်နီလာကျော် ကိုယ်စား မခင်သီတာ ဆိုသည့် အမျိုးသမီးငယ်တဦး လာရောက် မဲပေးခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးတင့်က “မြို့နယ်ရွေးကောက်ပွဲ ဖြန်ဖြေရေးအဖွဲ့ကနေ ဒီကိစ္စကို ညှိနှိုင်း တဲ့အခါမှာ ခံဝန် ကတိယူပြီးတော့ ထားပါလို့ သိရတယ်၊ နောက်ဆက်တွဲ ကတော့ တိုင်းကော်မရှင်က နေ အခင်းဖြစ်စဉ်အပေါ် ရွေးကောက် ပွဲ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ပါလို့ ညွှန်ကြားလာ တယ်” ဟု ပြောသည်။

အယောင်ဆောင် လိမ်လည်မဲပေးခဲ့သည့် မခင်သီတာ ဆိုသူအား လက်ရှိတွင် အုံးဇုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

အုပ်ချုပ်ရေးမှုး ဦးချစ်ညွှန့်က “နေ့လယ်ပိုင်းက ကိုယ်စားလှယ်လောင်းတွေ၊ မြို့နယ်ကော်မရှင်နဲ့ မဲရုံ ကိုယ်စားလှယ်တွေ ညှိနှိုင်းတာတွေ လုပ်ခဲ့တဲ့အခါမှာ ခံဝန် ကတိထိုးခိုင်းပြီးတော့ အရေးယူတာမျိုး တွေ မလုပ်တော့ဘူးလို့ သိခဲ့တာပေါ့နော်။ ညနေပိုင်းမှာတော့ တိုင်းကော်မရှင်ကနေ ရွေးကောက်ပွဲ ဥပဒေအတိုင်း အမှုဖွင့်အရေးယူပါဆိုပြီး ညွှန်ကြားလာတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မခိုင်နီလာကျော် နာမည်ဖြင့် အမျိုးသမီး ငယ်တဦး မဲလာပေးရာတွင် ဦးမိုးကျော်၊ ဒေါ်စန်းစန်းမြင့်တို့၏ သမီး မခိုင်နီလာကျော် ဟုတ် မဟုတ် ကို မဲရုံတာဝန်ရှိသူများက ၃ ကြိမ် မေးမြန်းခဲ့ ရာ မှန်ကန်သည်ဟု ဖြေဆိုခဲ့ကြောင်း၊ ထို့ကြောင့် မဲပေး ခွင့် ပြုခဲ့ကြောင်း၊ မဲပေးပြီးချိန်တွင် မခိုင်နီလာကျော် ဟုတ်၊ မဟုတ် ထပ်မံ မေးမြန်းပြီးနောက် မှတ်ပုံ တင် နံပါတ် မေးမြန်းသည့်အခါ မဖြေနိုင်ခဲ့ရာမှ ယင်းသို့ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မဲပေးပြီး ပြန်ထွက်တဲ့အခါမှာ သူ့ကို ကိုယ်စားမဲ လာပေးခိုင်တဲ့ မိသားစုထဲက တယောက်နဲ့ ထွက် သွားတာကို တွေ့လိုက်ရ တော့ သူဟာ ကိုယ်စားလာပေးတယ်ဆိုတာ သေချာသွားတာကြောင့် ပြန်ခေါ်လိုက်တယ်။ အဲဒီမှာ တိတိကျကျ ပြန်မေး တော့မှာ သူဟာ ဒေါ်ခိုင်နီလာကျော်မဟုတ်ဘဲ ဒေါ်ခိုင်နီလာကျော် ကိုယ်စား ဒေါ်စန်းစန်းမြင့်က ကိုယ်စားလာပေးခိုင်လို့ ပေးတယ်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ” ဟု ဇရပ်ကွင်း မဲရုံ ၂ မှ မဲရုံမှုး ဒေါ်မော်မော်ထွန်းက ပြောသည်။

ယင်း အယောင်ဆောင် လူစားလဲ မဲပေးမှုဖြစ်စဉ်ကို စစ်ဆေးတွေ့ရှိပြီးနောက် မဲရုံမှူးမှ အုံးဇုံးကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံ သတင်းပေးပို့ခဲ့သည်ဟု သိရသည်။

ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးတင့်က “မဲရုံမှူက လာပြီး သတင်းပို့မှ ကျနော်တို့လည်း သိရတာပါ၊ ခိုင်နီလာကျော် မဲအမှတ် စဉ် ၁၁၆၄ ကိုယ်စား မခင်သီတာဆိုတဲ့ ကလေးမလေးက မဲလာထည့်သွား တယ်ဆိုပြီး ပြောတယ်။ ကလေးမလေးကို မေးကြည့်တဲ့အခါမှာ ခိုင်နီလာကျော်ရဲ့အမေ ဒေါ်စန်းစန်း မြင့်က ကိုယ်စား မဲလာထည့်ခိုင်းလို့ ထည့်ရတာပါ ဆိုပြီး ဖြေတယ်။ အဲဒီလိုဖြစ်သွားတာတော့ အယောင်ဆောင် မဲပေးမှုဖြစ်သွားတာကြောင့် ဥပဒေရှိတဲအတိုင်း ဆောင်ရွက်ပါဆိုပြီး ပြောလိုက်တော့ မဲရုံးမှူးက မှတ်တမ်းတွေယူပြီးတော့ လုံခြုံရေးအဖွဲ့ကိုခေါ်ပြီး ကလေးမလေးကို အပ်လိုက်ပါတယ်” ဟု ဖြစ်စဉ်အား ရှင်းပြသည်။

မခိုင်သီတာမှာ အသက် ၁၈ နှစ်ပင် မပြည့်သေးသူ ဖြစ်ပြီး မခိုင်နီလာကျော်၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်၏ ခိုင်းစေချက်ကြောင့် ယင်းကဲ့သို့ မဲလာပေးခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။

ဒေါ်စန်းစန်းမြင့်ကမူ “အခုလို မဲပေးရတာကတော့ သမီးက မန္တလေးမှာ ကျောင်းတက်နေတာကြောင့် သူ့အတွက် ကိုယ်စားမဲ ထည့်ပေးလို့ရရင် မဲထည့်ပေးပါဆိုလို့ ဒီနေ့မနက်မှာ ဖုန်းဆက်ပြီးပြောတာ ကြောင့် ကိုယ်စားမဲပေးလို့ရတယ်လို့ အသံကြားတာနဲ့ သွားပေးခိုင်းလိုက်မိတာပါ။ မခင်သီတာက လည်း မဲပေးချင်တယ်၊ မှတ်ပုံတင်လည်း မရှိတော့ ပေးချင်တာကို မပေးရဘဲဖြစ်နေတာကြောင့် မဲပေးခိုင်းလိုက်မိတာပါ၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲဥပဒေအရ သူတစ်ပါး အယောင်ဆောင်၍ ကြိုတင် (သို့မဟုတ်) မဲလက်မှတ်ထုတ်ယူခြင်း ၊ မဲပေးခြင်းတို့အား ပုဒ်မ ၆၀ အရ ထောင်ဒဏ် (၁) နှစ် ၊ ငွေဒဏ်တစ်သိန်း ကျခံရနိုင်ကြောင်း ပြဌာန်းထားသည်။

လက်ရှိတွင် မခိုင်သီတာအား အယောင်ဆောင် ကိုယ်စားမဲပေးခဲ့မှုဖြင့် မဲရုံမှူး ဒေါ်မော်မော်ထွန်းက တရားလို၍ အမှုဖွင့် ဆောင်ရွက်သွားရန် မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ပေးထားသည်ဟု သိရသည်။

သပိတ်ကျင်းမြို့နယ် တခုလုံးတွင် မဲရုံ ၄၅ ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉,၆၂၂ ရှိကာ နိုင်ငံရေး အရ ပြိုင်ဆိုင်မှု ပြင်းထန်သည့် မဲဆန္ဒနယ် တစ်ခု ဖြစ်သည် ။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁)အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးစိုးလွင် ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ(တ.စ.ည)မှ ဦးညီညီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဦးဇော်မင်းထွန်းရှိန်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးမြင့်စိုး၊ ပြည်ထောင်စု လယ်သမား၊အလုပ်သမား ပါတီမှ ဦးမင်းသူ၊ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမြင့်နိုင်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးအောင်ကြည်မြိုင် တို့ ကိုယ်စားလှယ်လောင်းများအဖြစ် ယှဉ်ပြိုင်နေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading