သတင်း

လူ့အခွင့်အရေးချိုးဖောက်မှုများကို မကိုင်တွယ်လျှင် ဈေးကွက်ဆုံးရှုံးရန် သေချာဟု EU ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) တို့၏ အခြေခံ နိုင်ငံတကာ လူ့အခွင့်အရေးများနှင့် အလုပ်သမားအခွင့်အရေးများဆိုင်ရာ သဘောတူညီချက် ၁၅ ချက်တွင်ပါသော မူများကို လေးစားလိုက်နာခြင်း မရှိပါက ကုန်သွယ်ရေး အထူးအခွင့်အရေးများ ရုတ်သိမ်းမှုသည် သေချာသော ဖြစ်နိုင်ခြေဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံကို သတိပေးလိုက်သည်။

အထူးကုန်သွယ်ခွင့် အခွင့်အရေး (GSP) ၏ အစိတ်အပိုင်းဖြစ်သော လက်နက်မှအပ အခြားကုန်သွယ်ခွင့် (EBA) အရ EU သည် မြန်မာအပါအဝင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs)မှ တင်ပို့သူများကို ၎င်းတို့ဈေးကွက်သို့ လက်နက်ခဲယမ်းမှအပ အခြားထုတ်ကုန်များအားလုံးကို အခွန်နှင့် ခွဲတမ်းကင်းလွတ်ခွင့်ပေးသည်။ ထိုအစီအစဉ်သည် ထိုနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ ပေါင်းစည်းရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည်။

မြန်မာနိုင်ငံသည် ထို အစီအစဉ်တွင် ၂၀၁၃ ခုနှစ်မှ စတင်ပါဝင်ပြီး ယခုအခါ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူပန်မှုများကြောင့် EU သည် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုတ်သိမ်းရန် စဉ်းစားနေသည်။ မြန်မာနိုင်ငံမှ ထိုအထူးအခွင့်အရေးကို ပြန်လည်သုံးသပ်ရန် EU ၏ လုပ်ဆောင်မှုကို မြန်မာနိုင်ငံတွင် ပြင်းထန်သော ဝေဖန်မှုများ ရှိနေသည်။ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုတ်သိမ်းလိုက်ပါက လုပ်အား အပြင်းအထန် လိုအပ်သော ကဏ္ဍဖြစ်သည့် အထည်ချုပ်လုပ်ငန်းမှ အမျိုးသမီးငယ် အများစုပါဝင်သော အလုပ်သမား ၅ သိန်းခန့်အပေါ် သက်ရောက်မှု ရှိမည်ဖြစ်သည်။

ဥရောပကော်မရှင်နှင့် ဥရောပပြင်ပရေးရာ အရေးယူဆောင်ရွက်မှုအဖွဲ့ ( European External Action Service) မှ ကျွမ်းကျင်သူများသည် လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ အကဲဖြတ်မှုပြုလုပ်ရန် မြန်မာနိုင်ငံသို့ လေးရက်ကြာလာရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယာယီ EBA ရုတ်သိမ်းရေးအစီအစဉ်အရ ကုန်သွယ်ရေး အထူးအခွင့်အရေး ရုတ်သိမ်းမည်၊ မရုတ်သိမ်းမည်ကို ဆုံးဖြတ်ရန် လေ့လာရာတွင် ထိုကိုယ်စားလှယ်အဖွဲ့၏ တွေ့ရှိချက်များကို အသုံးပြုမည်ဟု EU က နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖေါ်ပြထားသည်။ ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို မစတင်မီ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း စုဆောင်းထားသည့် သတင်းအချက်အလက်များနှင့် မြန်မာအစိုးရထံမှ ရရှိသော နောက်ထပ်အချက်အလက်များကို ဦးစားပေး သုံသပ်မည်ဖြစ်သည်။

“လက်နက်မှအပ အခြား အစီအစဉ်မှ ဥရောပသမဂ္ဂဈေးကွက်သို့ အခွန်ကင်းလွတ်ခွင့်၊ ခွဲတမ်းစနစ်ကင်းလွတ်ခွင့်ကို ဆက်လက်ခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) တို့၏ အခြေခံ နိုင်ငံတကာ လူ့အခွင့်အရေးများနှင့် အလုပ်သမား အခွင့်အရေးများဆိုင်ရာ သဘောတူညီချက် ၁၅ ချက်တွင်ပါသော မူများကို လေးစားလိုက်နာရမည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

“အခြားပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းများမှ ရလဒ်များ ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက ကုန်သွယ်ရေး အထူးအခွင့်အရေးရုတ်သိမ်းခြင်းသည် ရှင်းလင်းသော ဖြစ်နိုင်ခြေဖြစ်သည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။

စောင့်ကြည့်လေ့လာရေးကော်မရှင် ခရီးစဉ်အတွင်း မီးမောင်းထိုးပြခဲ့သည့် ပြင်းထန်သော ချို့ယွင်းချက်များကို မြန်မာနိုင်ငံအနေဖြင့် ကိုင်တွယ်ဆောင်ရွက်မည်ဟု EU က မျှော်လင့်ကြောင်း ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး ဆယ်စီလီယာ မယ်လ်စတောင်း ကပြောသည်။

“သူတို့ဖက်က အရေးယူဆောင်ရွက်ခြင်း မရှိရင် မြန်မာအရာရှိတွေဟာ မြန်မာနိုင်ငံက EU ဈေးကွက်ကို အခွန်ကင်းလွတ်ခွင့်ကို အန္တရာယ်ကျရောက်အောင် လုပ်ဆောင်လိုက်တာပဲ။ ဒီအခွင့်အရေးဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေးတိုးတက်မှုအတွက် အရမ်း အရေးပါပါတယ်” ဟု ကော်မရှင်နာမင်းကြီးက ပြောသည်။

ကုန်သွယ်ရေး အထူးအခွင့်အရေးရုတ်သိမ်းခြင်းသည် လူ့အဖွဲ့အစည်းအောက်ဆုံးမှ လူများကို အဓိက ထိခိုက်စေသောကြောင့် ဆန့်ကျင်ကြောင်း ရန်ကုန်ရှိ ရိုမန်ကက်သလစ် အသင်းတော် ဂိုဏ်းချုပ်ဆရာတော် ချားလ်ဘိုက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြောသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရုန်းကန်နေရသော စီးပွားရေးကို ပိုမိုထိခိုက်စေမည်ဟုလည်း ဆရာတော်ပြောသည်။

အထည်ချုပ်ကဏ္ဍသည် အလုပ်သမား လေးသိန်းကျော်ကို အလုပ်ပေးထားကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသည် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် အပြင်းအထန်ကြိုးစားနေသည်ဟူသော အချက်ကို အနောက်တိုင်းက ထည့်သွင်းစဉ်းစားခြင်း မရှိသလောက်ဖြစ်ကြောင်း ဆရာတော်က ပြောသည်ဟု လွတ်လပ်သော အာရှအသံက ကိုးကားဖေါ်ပြသည်။

ပြီးခဲ့သည့် အပတ် EU ကိုယ်စားလှယ်များသည် ဝန်ကြီးအမျာအပြားနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ စီပွားရေး အသိုင်းအဝန်းနှင့် လူမှုအခြေပြုအဖွဲ့များမှလူများကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် အတူတွေ့ဆုံခဲ့သည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် သံသယရှိသူများကို စုံစမ်းစစ်ဆေးအရေးယူရန် နိုင်ငံတကာ အားထုတ်မှုကို အထောက်အကူပြုရေး၊ ရခိုင်၊ကချင်နှင့် ရှမ်းပြည်နယ်များသို့ လူသားချင်းစာနာမှု အကူအညီများပေးပို့နိုင်ရေး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရေး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိနေထိုင်နေကြသော ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ဒုက္ခသည်များ ၎င်းတို့၏ မူရင်းဒေသသို့ ဆန္ဒအလျှောက် ဘေးကင်းလုံခြုံ သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အခြေအနေများ ဖန်တီးပေးရေး စသည်တို့ကို ထိုကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading