မန္တလေးတိုင်း၊ ပုဂံ ညောင်ဦးမြို့ရှိ သရပါဟိုတယ်မှ အလုပ်ထုတ်ခံရသူများအား ပြန်လည် ခန့်ထားရန်အတွက် နိုဝင်ဘာလ ၄ ရက်က မန္တလေးတွင် ဆန္ဒထုတ်ဖော်ကြသည်။
သရပါဟိုတယ်မှ ဝန်ထမ်း ၉ဦး အလုပ်ထုတ်ခံထားရခြင်းနှင့် ပတ်သက်၍ ပုဂံတွင် ဆန္ဒထုတ်ဖော်ပြီးနောက် ယခုအခါ မန္တလေး မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် အလုပ်သမား ၁၀၀ ကျော်ဖြင့် ထပ်မံဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
အလုပ်ထုတ်ခံရသော အလုပ်သမားများ၏ ခေါင်းဆောင် ဦးနေမျိုးဝင်းက “အလုပ်သမား ၉ ဦးကို ပြန်ခန့်ပေးဖို့ တောင်းဆို တာကို ပြေလည်မှု မရရှိခဲ့ပါဘူး။ ကျနော်တို့က ဥပဒေအတိုင်း သွားနေတာပါ၊ ကျနော်တို့အားလုံးကို အလုပ်ပြန်ခန့်ပေး စေ ချင်ပါတယ်။ ပြန်ခန့်တဲ့အချိန်ထိ ဆက်လက်တောင်းဆိုသွားမှာပါ” ဟု ပြောသည်။
ခရီးသွား ကျဆင်းကာ ဧည့်ဝင်နည်းလာသည့်အတွက် သြဂုတ်လ ၂၄ ရက်က ဟိုတယ်အလုပ်သမားသမဂ္ဂတွင် ခေါင်း ဆောင်အဖြစ် ပါဝင်သူအချို့နှင့် အခြားဝန်ထမ်း ၁၂ ဦးကို အလုပ်မှ ရပ်စဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သရပါဟိုတယ်ဘက်ကမူ ဝန်ထမ်းများ လျှော့ချရခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကျဆင်းလာသည့်အတွက် အလုပ်ရှင်၊ အလုပ်သမား ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်ထားသည်။
ဝန်ထမ်းလျှော့ချမှုအတွက် အလုပ်ထုတ်ခံရသည့် ဟိုတယ်ဝန်ထမ်းနှင့် ဟိုတယ်ချစ်သူ မြို့နယ် အလုပ်သမားသမဂ္ဂ ပူး ပေါင်း၍ အောက်တိုဘာလ ၁၂ ရက်ကလည်း ဟိုတယ်ဝင်ပေါက်နေရာတွင် လူအင်အား ၅၀ ခန့်ဖြင့် သပိတ်စခန်းဖွင့် ဆန္ဒ ဖော်ထုတ်မှု ပြုလုပ်ခဲ့သေးသည်။
ယင်းနောက် အောက်တိုဘာလ ၂၂ ရက်တွင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများက လာရောက် ညှိနှိုင်းပေးသော်လည်း ပြေလည်မှု မရသည့်အတွက် ယခုကဲ့သို့ ထပ်မံဆန္ဒ ဖော်ထုတ်ကြခြင်းလည်း ဖြစ်သည်။
သရပါဟိုတယ် မန်နေဂျာ ဦးကျော်ဟိန်းက “ပြည်ထောင်စုအဆင့် နောက်ဆုံးအနေနဲ့ ညှိနှိုင်းပြီးသွားပြီးဆိုတော့ တရား ဥပဒေလမ်းကြောင်း အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ၊ ညှိနှိုင်းမှုတွေ မလုပ်တော့ပါဘူး” ဟု ပြောသည်။
ဝန်ထမ်း ၁၂ ဦးအား အလုပ်ထုတ်သည့်ကိစ္စကို သက်ဆိုင်ရာ အလုပ်သမားရုံးသို့ အသိပေးတင်ပြကာ သတိပေးစာပေးခြင်း၊ နစ်နာကြေး၊ နောက်ဆုံးလစာ၊ လုပ်သက်နစ်နာကြေး၊ ဝန်ဆောင်မှု အခကြေးငွေ စသဖြင့် ဟိုတယ်ဘက် ကျပ်သိန်း ၁၃၀ ကျော် ပေးထားပြီး ဖြစ်သည်ဟု ဟိုတယ်ဘက်မှ သိရသည်။
ဆန္ဒဖော်ထုတ်လာသည့်အတွက် ဝန်ထမ်း ၃ ဦးကို မူလအတိုင်း ပြန်ခန့်ကာ ကျန်ဝန်ထမ်းများအား ရန်ကုန်နှင့် မန္တလေးရှိ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများစေလွှတ်၍ ဟိုတယ်၏ အခြားဆက်စပ်လုပ်ငန်း တခုဖြစ်သည့် White Rice စားသောက် ဆိုင်တွင် အလုပ် ၅ နေရာ ဖန်တီးပေးမည်ဟု ဟိုတယ်ဘက်မှ ထပ်မံ ကမ်းလှမ်းထားသော်လည်း အလုပ်သမားများဘက်မှ သဘောတူ လက်ခံခြင်း မရှိဟု သိရသည်။