ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ဆက်သွယ်ပါက မတရားအသင်းအက် ဥပဒေဖြင့် အရေးယူခံရမည်ဟု ကျောက်မဲမြို့နယ်မှ ဒေသခံများကို တပ်မတော်က ခေါ်ယူ သတိပေး ကြောင်းသတင်းရသည်။
ကျောက်မဲခရိုင် အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က မန်ခါ၊ မိုင်းတင်း၊ စခန်းသာ၊ နောင်ပိန်၊ ခိုမုန်းနှင့် ကျွဲကုန်းကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၄ ရက်နေ့တို့တွင် ခေါ်ကာ သတိပေးပြောဆိုထားခြင်း ဖြစ် ကြောင်း၊ ခေါ်ယူသတိပေးခံရသည့် ကျောက်မဲမြို့နယ်မှ ကျေးရွာ အုပ်စုတာဝန်ခံ အချို့နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ဧရာဝတီကိုအတည်ပြု ပြောဆိုသည်။
ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက “အုပ်ချုပ်ရေးမှူးတို့ သက်ဆိုင်ရာ ရာအိမ်မှူးတို့ သူကြီးတို့ကို ခေါ်ပြီး သတိပေးတာ ရှိတယ်။ ကျနော် ထင်တာကတော့ သူတို့ (တပ်မတော်) စိုးရိမ်လို့ သတိပေးတာ ဖြစ်ပါ လိမ့်မယ်။ ကျန်တဲ့အပိုင်းတွေ ကတော့ ကျနော် လည်း ဂဃနဏ မသိဘူး”ဟု ပြောသည်။
အလားတူ ကျေးရွာအုပ်စုတခုမှ တာဝန်ခံ တဦးကလည်း “ကျနော်တို့တွေကို အောက်တိုဘာ လကုန်မှာ အစည်းအဝေး ဆိုပြီး လာဖို့ ခေါ်တယ်။ အဲ့အစည်းအဝေးမှာပဲ RCSS ကို ဆက်သွယ်တာ ကူညီတာ ထောက်ပံ့တာမလုပ်ဖို့ပေါ့။ လုပ်ရင် ၁၇(၁) နဲ့ အရေးယူခံရမယ်ဆိုတာ ပြောတယ်”ဟု ပြောသည်။
ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် မိမိသက်ဆိုင်ရာ ရွာမှ ရွာသူရွာသားများကို ပြန်လည် သတိပေး ပြောဆို ရန်လည်း အမှာစကားပါးလိုက်သည်ဟု ထိုတာဝန်ခံက ပြောသည်။
ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဝင်းက လက်ရှိ ကျောက်မဲမြို့ အခြေအနေမှာ ကျေးရွာများတင် မဟုတ်ပဲ မြို့ပေါ် ထိပါ လုံခြုံရေး မရှိသလောက် ဖြစ်နေပြီး ကျောက်မဲမြို့မှ အခြားမြို့များသို့ သွား သည့်လမ်းများတွင် ခရီးသွားများနှင့် နွားတင်လာသည့် ကားများကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မကြာခဏ ပစ်ခတ်မှုများလည်း ဖြစ်ပွားနေ သည်ဟု ဆိုသည်။
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်အပြင် RCSS ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့လည်း သွားလာလှုပ်ရှားသဖြင့် ကျေးရွာ များ အတွင်း မည်သည့်အဖွဲ့ဖြစ်စေ၊ လက်နက်ကိုင်ပြီး ဝင်လာပါက ဒေသခံများအနေဖြင့် ကြောက်ရွံရ သည့်အတွက် လက်နက်ကိုင်များ တောင်းသည့် အကူအညီကို ပေးကြရသည်ဟုလည်း ၎င်းကဆက် လက်ပြောဆိုသည်။
ဦးစိုင်းထွန်းဝင်းက “တပ်မတော်က ၁၇(၁) နဲ့ ညှိမယ် ဆိုတာကလည်း ရွာကနေ သူတို့ကို (လက်နက် ကိုင်များ) ထောက်ပံ့တာတွေ ဆန်တွေ ငွေရေးကြေးရေးတွေ သွားမပေးဖို့ အဆက်အသွယ် မလုပ်ဖို့ ခေါ်သတိပေးတာ။ ဒါပေမယ့် ကျေးရွာတွေ အနေနဲ့ ကတော့ ဘယ်ဘက်က လာလာပါ။ နောက်ဆုံး တပ်မတော်က သွားလည်း တပ်မတော်ကို ကြောက်နေရတာပဲ” ဟု ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များမှာ ရွာသားများကို စစ်သားစုဆောင်ခြင်း၊ ခေါ်ခိုင်းခြင်းများလည်း မကြာခဏ ပြုလုပ်နေသည်ဟုလည်း ၎င်းကဆိုသည်။
ဆက်လက်၍ ဦးစိုင်းထွန်းဝင်းက “ လက်နက်ကိုင်တွေကလည်း အများကြီး ရှိတဲ့အတွက် TNLA လာလာ၊ SSPP လာလာ RCSS လာလာ သူတို့ ကြောက်တာပဲ။ သူတို့ ဘယ်လိုမှ မလွန်ဆန်နိုင် ပါဘူး။ နောက်ဆုံး နစ်နာတာက ပြည်သူတွေက နစ်နာတာပဲ”ဟုလည်း ပြောသည်။
တပ်မတော်ဘက်မှ သတိပေးပြောဆိုသည့် RCSS အဖွဲ့သည်၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားပြီး ၂၁ရာစုပင်လုံ ညီလာခံများတွင် ပါဝင်ဆွေးနွေးလျက် ရှိသည်။
RCSS သည် NCA မထိုးမှီ ရက်ပိုင်းအလို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်ကတည်းက မတရားအသင်းများ အက် ဥပဒေအရ မတရားအသင်းအဖြစ်မှ နိုင်ငံတော်သမ္မတက ပယ်ဖျက်ပေး လိုက်ပြီ ဖြစ်ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေငြာထားပြီး ဖြစ်သည်။
လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက “အခုလို ပြည်သူတွေကို ခြိမ်းခြောက်တာမျိုးတွေ မလုပ် သင့်ပါဘူး။ ကျနော်တို့ RCSS က မတရားအသင်း မဟုတ်ပါဘူး။ ဒီကိစ္စကို ကျနော်တို့ (တပ်မတော်နဲ့) ဆွေးနွေးရမှာပါ။ အရင်ကလည်း ဆွေးနွေးဖို့ ပြောထားတာရှိတယ်။ ဒါပေမယ့် အခုတော့ ဆွေးနွေးဖို့ မဖြစ်သေးပါဘူး” ဟု ပြောသည်။
ဧရာဝတီက တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရပါ။
RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဌာနချုပ် စိုက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့များတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့အချို့တွင် RCSS တပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားခြင်းနှင့် ပတ်သက်၍ SSPP ၊ TNLA တို့နှင့် နယ်မြေအငြင်းပွားမှုများ ဖြစ်ပြီး တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလျက် ရှိပြီး၊ NCA လက်မှတ်ရေး ထိုးထား သော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားကာ စစ်ရေးဆိုင်ရာ အငြင်းပွားမှုများလည်း ဖြစ်ပွားလျက်ရှိသည်။
NCA ထိုးပြီးနောက် တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးရသည့် ရှမ်းပြည် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်သည် တန်းတူညီမျှ မှု တရားမျှတမှု မရှိဟု ဆိုကာ JMCကော်မတီ အဆင့်ဆင့်တွင် RCSS ပါဝင်မှုကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း အောက်တိုဘာလ ၇ ရက်က ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။
ထို့ပြင် NCA ပါအချက်အလက်များ အကောင်အထည်ဖော်မှုများနှင့် JMC ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်း၊ လုပ်ငန်း လမ်းညွှန်များ ကို RCSS အဖွဲ့တွင်း ပြန်လည် သုံးသပ်သွားမည်ဟုလည်း နိုဝင်ဘာလ ၁ ရက်က ထပ်မံ ထုတ်ပြန်ထား သည်။