ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင် ကိုဖိုးလုံး (ခ) ဝင်းထိုက် သေဆုံး မှုနှင့် ပတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသော ရခိုင်လူငယ် ၃ ဦး ယနေ့ နံနက်ပိုင်းက အာမခံဖြင့် လွတ် လာ ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဖမ်းဆီးခံ ရခိုင်လူငယ်များကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ချုပ်ရမန်သက်တမ်း ရက်ပေါင်း ၃၀ ပြည့်သော် လည်း တရားစွဲတင်ရန် အချက်အလက်များ ခိုင်မာမှု မရရှိသဖြင့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင် ခံနေ ရခြင်းမှ လွတ်လာခြင်း ဖြစ်သည်။
လွတ်မြောက်လာသည့် ရခိုင်လူငယ် တဦးဖြစ်သူ ခိုင်ဘိုဘိုက “ကျနော်တို့ ရဲ့ စစ်ဆေးချက်တွေကို ဥပဒေ ရုံးတင် ထား တယ်။ ဥပဒေ အကြံပြုချက်တွေ မရသေးဘူး။ အဲဒါကြောင့် ရဲလုပ်ထုံး လုပ်နည်းအရ အာမခံပေးပြီး လွှတ်လိုက်တာပါ” ဟု သတင်း မီဒီယာများသို့ ပြောကြားသည်။
ဖမ်းဆီးခံခဲ့ရသော ရခိုင်လူငယ်များမှာ ရခိုင် အမျိုးသား ပါတီ(ANP) မှ ကိုမေယုထွန်း (ခ) ဇော်ဝင်း၊ ဘူသီးတောင် မြို့ နယ်မှ ကိုအောင်ချေ (ခ) အောင်ဇော်လင်း၊ ပေါက်တောမြို့နယ်မှ ကိုခိုင်ဘိုဘို (ခ) ခိုင်သော်တို့ ဖြစ်ပြီး လူငယ် တဦး လျှင် ကျပ်သိန်း ၁၀၀ ဖြင့် ANP ပါတီဝင်များက အာမခံပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထိုလူငယ်များ အရေးအား လိုက်ပါ ကူညီ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က“ဒီနေ့ ရမန် ပြည့်ပြီ ဆိုတော့ သူတို့ကို တရားရုံးကို စွဲတင်ရတော့မယ်။ ဒါပေမယ့် တရားစွဲတင်ဖို့ အကြောင်း မလုံလောက်တဲ့ အတွက် ဆက်ဖမ်းထားလို့ မရတော့ဘူး။ ရဲက ခံဝန်ချက်နဲ့ လွှတ်လိုက်တာ”ဟု ဧရာဝတီ သို့ ပြောသည်။
ယင်း လူငယ်များကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စစ်တွေမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှ ရဲအုပ် အေးကျော်အား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ“အဲဒီအမှုကို ကျနော် မစစ်တော့ဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က CID ကို လွဲလိုက်ပါပြီ”ဟု ပြန်လည် ဖြေကြားသည်။
ကိုအောင်ချေ (ခ) အောင်ဇော်လင်းသည် အောက်တိုဘာလ ၉ ရက်နေ့ စာမေးပွဲ နောက်ဆုံးနေ့ကို ဖြေဆို၍ ကျောင်းမှ ပြန်လာစဉ် စစ်တွေမြို့လယ် မီးစက်ခွဆုံတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အလားတူ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကိုမေယုထွန်း (ခ) ဇော်ဝင်းသည် စစ်တွေ လောကနန္ဒာဘုရား အနီး တွင် ဖမ်းဆီးခံရသကဲ့သို့ ပေါက်တော မြို့နယ်မှ ခိုင်ဘိုဘို (ခ) ခိုင်သော်သည်လည်း ထိုနေ့ ညနေပိုင်းတွင် ၎င်း နေထိုင် သည့် ပေါက်တောမြို့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ANP ပါတီဝင် ကိုမေယုထွန်း (ခ) ဇော်ဝင်းသည် ရသေ့တောင်မြို့နယ် ဦးကာကျေးရွာမှ ဖြစ်ပြီး ကြားဖြတ် ရွေးကောက် ပွဲ တွင်လည်း ပါတီ အောင်နိုင်ရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသူ တဦးဖြစ်ကြောင်း သိရသည်။
ကိုမေယုထွန်း သည် ကိုဖိုးလုံး သေဆုံးသည့်နေ့က မဲဆွယ်စည်းရုံးရေး ခရီးစဉ်ဖြင့် ပြည်သူ့လွတ်တော် အမတ် ဒေါ်ခင်စော ဝေ၊ မြေပုံအမတ် ဦးအောင်ဝင်းတို့နှင့် အတူ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာတွင် ရောက်ရှိနေခဲ့သည် ဟုလည်း ဆိုသည်။
ဖမ်းဆီးခံ ပေါက်တောမြို့ ဒေသခံ ကိုခိုင်ဘိုဘို (ခ) ခိုင်သော်သည်လည်း အခင်း ဖြစ်ပွားသည့် အချိန်တွင် သူငယ်ချင်း ၅ ဦးနှင့်အတူ စစ်တွေ ကမ်းနားလမ်းတွင် ဘီယာသောက်လျက် ရှိခဲ့ကြောင်း၊ ကိုဖိုးလုံး သေဆုံးသည့် ဖြစ်စဉ်သည် သူတို့ နှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်းလည်း ၎င်းက သတင်း မီဒီယာများသို့ ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေ မြို့လယ် ဝင်္ကဘာကွင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က စရဖ တပ်ဖွဲ့ တွင် တပ်ကြပ် အဆင့် ရှိသူ ကိုဖိုးလုံး (ခ) ဝင်းထိုက်သည် အမည်မသိ သေနတ်သမား တဦး၏ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။