နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး မြန်မာနိုင်ငံတွင် ထောင် ၇ နှစ်စီ ချမှတ်ခံထားရသော Reuters သတင်းထောက် နှစ်ဦး၏ ရှေ့နေများက ထိုစီရင်ချက်အတွက် အယူခံကို နိုဝင်ဘာလ ၅ ရက်နေ့တွင် တင်သွင်းလိုက်သည်။
ထိုအယူခံတွင် ရဲတပ်ဖွဲ့က အကွက်ဆင် ဖမ်းကြောင်းနှင့် ရာဇဝတ်မှု အထောက်အထား မရှိကြောင်း ဖော်ပြထားသည်။
“တရားရုံး၏ စီရင်ချက်သည် မှားနေသောကြောင့် မိမိတို့ အယူခံတင်ထားသည်” ဟု Reuters ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒ်လာ က ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
“၎င်းတို့ကို သူလျှိုများအဖြစ် ပြစ်ဒဏ်ချမှတ်ရာတွင် ပြင်းထန်သော လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုဖြစ်သည့် ရဲတပ်ဖွဲ့က အကွက်ဆက်ဖမ်းသည့် ငြင်းဆိုမရသော အထောက်အထားများနှင့် တရားစီရင်ရာတွင် ရာဇဝတ်မှု၏ အဓိက အစိတ်အပိုင်းများကို သက်သေပြရန် ပျက်ကွက်ခြင်းတို့ကို လျစ်လျှူရှုထားသည်” ဟုလည်း ဆိုသည်။
ထိုတရားရုံးသည် သက်သေပြရန် တာဝန်ကို တရားလိုအစား Reuters သတင်းထောက်များ ဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ပေးခဲ့သည်ဟု ထိုကြေညာချက်တွင် ဖော်ပြပြီး မြန်မာနိုင်ငံအနေဖြင့် ” လူသိရှင်ကြား ကြေညာထားသော တရားဥပဒေစိုးမိုးရေး၊ သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ရည်ရွယ်ကြောင်း ပြသရန် မိမိတို့၏ လုပ်ဖော်ကိုင်ဘက်များကို လွှတ်ပေးရန်” တောင်းဆိုထားသည်။
အသက် ၃၂ နှစ် ရှိပြီဖြစ်သော ကိုဝလုံးနှင့် အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုကျော်စိုးဦးတို့သည် အပြစ်ရှိကြောင်း ရန်ကုန်မှ တရားရုံးတရုံးက စက်တင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်သောကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရှေ့ခရီးကို မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး သံတမန်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။
ထိုသတင်းထောက်များကို ထောင်ချခြင်းသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလတွင် ပြောခဲ့သည်။ ၎င်းတို့ကို သတင်းထောက်များ ဖြစ်သောကြောင့် ထောင်ချခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော် လိျှု့ဝှက်ချက်များ လက်ဝယ်တွေ့သောကြောင့် ထောင်ချခြင်း ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က နောင်တွင်ပြောခဲ့သည်။
သတင်းထောက်များ၏ ရှေ့နေများက အယူခံကို ရန်ကုန်အခြေစိုက် ဗဟိုတရားရုံးတွင် နိုဝင်ဘာလ ၅ ရက်နေ့က တင်သွင်းခဲ့သည်။ အယူခံကို လက်ခံပါက အယူခံ တရားသူကြီးတဦးသည် တရားလိုဘက်နှင့် ခုံခံ ချေပဖက်တ့ို၏ နှုတ်ဖြင့်၊ စာဖြင့် လျှောက်လှဲချက်များကို ကြားနာပြီး စီရင်ချက် ချမည်ဖြစ်သည်။
ဖမ်းဆီးခံရချိန်တွင် ထိုသတင်းထောက်များသည် လွန်ခဲ့သောနှစ် ဩဂုတ်လက ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း မွတ်ဆလင် ရွာသား ၁၀ ဦးကို လုံခြုံရေးတပ်နှင့် ဒေသခံများက သတ်ဖြတ်မှုကို သတင်း ဖော်ထုတ်နေကြသည်။ ထိုစစ်ဆင်ရေးကြောင့် လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်ရှိ စားသောက်ဆိုင်တွင် ၎င်းတို့ မမြင်ဘူးသော ရဲများက သတင်းစာဖြင့် ပတ်ထားသော စာရွက်စာတမ်းများ ပေးခဲ့ကြောင်း ၈ လကြာ ကြားနာ စစ်ဆေးစဉ်အတွင်း ထို သတင်းထောက်များက ထွက်ဆိုကြသည်။ ထို့နောက် ချက်ခြင်းဆိုသလို အရပ်ဝတ်ရဲများက ၎င်းတို့ကို ကားဖြင့် ဖမ်းဆီးခဲ့သည်။
ထိုစာရွက်များတွင် ပါဝင်သော လျှို့ဝှက်ချက်များကို သတင်းစာတွင် ဖော်ပြပြီးဖြစ်ကြောင်း ဖေဖော်ဝါရီလက ပြန်လှန် စစ်မေးချိန်အတွင်း ရဲသက်သေ တဦးပြောခဲ့သည်။ ထောင်ချောက်ဆင် ဖမ်းရန်အတွက် ကိုဝလုံးကို စာရွက်စာတမ်းများ ပေးရန် အဆင့်မြင့် ရဲအရာရှိတဦးက လက်အောက်ခံများကို ညွှန်ကြားခဲ့ကြောင်း တရားလို သက်သေတဦးကလည်း ဧပြီလတွင် ထွက်ဆိုခဲ့သည်။
ကိုးကား။ ။ Reuters