တရုတ်သမ္မတ ရှီကျင့်ဖျင်က လာမည့် ၁၅ နှစ်အတွင်း တရုတ်ပို့ကုန် စုစုပေါင်း အမေရိကန် ဒေါ်လာထရီလီယံ ၄၀ ထက်မ နည်းတိုးချဲ့သွားရန် ယနေ့ ကတိပြု ပြောကြားလိုက်ပြီး၊ အမေရိကန်၏ ကုန်သွယ်ရေး ကာကွယ်မှု ဝါဒသည် ကမ္ဘာလုံးဆိုင် ရာ လွတ်လပ်စွာ ကုန်သွယ်မှု စနစ်ကို နိုင်လိုမင်းထက် ပြုမူနေကြောင်း သတိပေးလိုက်သည်။
“တဖက်သတ် ကုန်သွယ်ရေး ကာကွယ်မှုဝါဒ ထွန်းကားလာနေသဖြင့်၊ စွန့်စားမှုနှင့် စိန်ခေါ်မှုများ တိုးလာနေကြောင်း၊ မိမိ တို့တိုင်းပြည်အနေဖြင့် ဆန္ဒအလျှောက် ကမ္ဘာ့မျက်နှာစာသို့ ဈေးကွက်ဖွင့်ရေး စိတ်အားထက်သန်နေကြောင်း သမ္မတ ရှီကျင့်ဖျင်က တရုတ် အပြည်ပြည်ဆိုင်ရာ ပို့ကုန်ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောသည်။
ကာကွယ်မှုဝါဒသည် ကုန်သွယ်ရေးတုံ့ဆိုင်းစေသည့် ရလဒ်ထွက်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ စီးပွားရေးကို အထိနာစေမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် တရုတ်နှင့်အမေရိကန်တို့သည် တနိုင်ငံနှင့်တနိုင်ငံ သွင်းကုန် များကို ဒေါ်လာ ဘီလီယံပေါင်း ရာနှင့်ချီ၍ ဘတပြန်ကျားတပြန် အခွန်စည်းကြပ်နေခြင်းကို ရည်ရွယ် ၍ ရှီက ယင်းကဲ့သို့ ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ယခုနှစ်သည် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ နှစ် ၄၀ ပြည့် အထိမ်းအမှတ်နှင့် လည်း တိုက်ဆိုင်လျက် ပို့ကုန်ပြပွဲကျင်းပပေးခြင်းဖြင့် တရုတ်သည် ၎င်းဈေးကွက်ကို အစိုးရက အဓိကချုပ်ကိုင်ထားသည်ဟူသော ဝေဖန်ခံနေ ရခြင်းမှ ရှောင်လွှဲရန် ကြိုးစားနေသည်။
ယခုကုန်စည်ပြပွဲသည် ဤနှစ်အတွက် အရေးကြီးသည့် သံတမန်ဆိုင်ရာ အစီအစဉ်တခုအဖြစ် တရုတ် က ရှုမြင်ပြီး အာရှတိုက်အတွက် Boao ဖိုရမ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းအဝေး တို့ကိုလည်း စီစဉ်ထားခဲ့သည်။
နိုင်ငံပေါင်း ၁၇၀၊ ဒေသတွင်းနှင့် နိုင်ငံတကာအုပ်စုများမှ ကုမ္ပဏီပေါင်း ၃၆၀၀ ဝန်းကျင်တို့က တရုတ် နိုင်ငံတွင် ပထမဆုံး ကျင်းပသည့် နိုင်ငံအဆင့်တင်ပို့ကုန်ပြပွဲ ပါဝင်ပြသကြကြောင်း တရုတ် အစိုးရက ဆိုသည်။ ယင်းတို့အထဲတွင် Google LLC နှင့် မိုက္ကရိုဆော့ဖ်ကော်ပိုရေးရှင်းတို့ကဲ့သို့ အမေရိကန် လုပ်ငန်းပေါင်း ၁၈၀ ကျော်ပါဝင်သည်။
အမေရိကန်နှစ်လယ် ရွေးကောက်ပွဲ ကျင်းပနေချိန်နှင့် တပြိုင်နက်မှာပင် နိုင်ငံတကာမှ အစိုးရအဖွဲ့ ဝင်များ၊ စီးပွားရေး ခေါင်းဆောင်များရှေ့တွင် သမ္မတရှီကျင့်ဖျင်က မိနစ် ၃၀ ကြာ မိန့်ခွန်းပြောခဲ့သည်။ မိန့်ခွန်း၏ဦးတည်ချက်မှာ အမေရိကန် နှင့် ကုန်သွယ်ရေးညှိနှိုင်းမှု အလားအလာကို ဆုံးဖြတ်သွားရန်ဖြစ်သည်။
ပို့ကုန် အားကောင်းရေးအတွက် ပညာရေးနှင့်ဆေးဝါးပစ္စည်းနယ်ပယ်တွင် နိုင်ငံခြားမှလုပ်ငန်းရှင် များ အား အခွန်စည်းကြပ်မှု နှင့်စည်းမျဉ်းများ နောက်ထပ်ဖြေလျော့ပေးပါမည်ဟု သမ္မတရှီကျင့်ဖျင်က ကတိပြုသည်။
လွတ်လပ်သော ကုန်သွယ်ရေးဆွေးနွေးမှုများ၊ သက်ဆိုင်ရာဘာသာရပ်တွင် အမြင့်ဆုံးဖြစ်သည့် နည်း ပညာများ ထဲထဲ ဝင်ဝင် ပူးပေါင်းရေးတို့အတွက် အခြားနိုင်ငံများနှင့်အတူ မြှင့်တင်သွားလို ကြောင်း တရုတ်သမ္မတက ထုတ်ဖော်ပြောကြား သည်။
နည်းပညာဖွံ့ဖြိုးရေး လွတ်လပ်စွာလုပ်ဆောင်ခြင်းထက် နည်းပညာခိုးယူခြင်းက ပိုများနေသဖြင့် တရုတ်သည် ပြစ်တင်ရှုတ် ချခံနေရသည့်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ရန် အကောင်အထည် ဖော်သွားမည့်အကြောင်း သမ္မတ ရှီကျင့်ဖျင်က အာမခံခဲ့သည်။
အဆိုပါပြပွဲသည် စနေနေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ ဖွင့်ပွဲသို့ ရုရှားဝန်ကြီးချုပ် ဒီမီထရီမီဗီဒက်၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖက်နှင့် နိုင်ငံအသီးသီးမှ နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။