ကချင်နှင့် ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများနှင့် နေရပ်ပြန်လာသော ဒုက္ခသည်များ အတွက် အစိုးရက လုပ်ဆောင်ပေးနေသည့် ပြန်လည် ထူထောင်ရေးများသည် အဆင်ပြေမှု မရှိဟု ငြိမ်းချမ်းရေး အတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) က ပြောဆိုလိုက်သည်။
ထိုဒေသများတွင် စစ်ဘေးရှောင်နှင့် ဒုက္ခသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုဘ၀ မလုံခြုံမှု အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
AGIPP နည်းပညာအကြံပေး ဒေါ်နန်းဖြူဖြူလင်းက“ကရင်မှာဆိုလည်း ဒုက္ခသည်တွေကို စစ်မဖြစ်တော့ဘူး၊ ပြည်တွင်း ပြန်ဝင်လို့ရပြီလို့ ပြောပေမယ့် နေရပ်ပြန်လာတဲ့အခါမှာ တကယ် အလုပ်အကိုင် အခွင့်အလမ်းတွေကို သေချာ ဖန်တီး ပေးထားတာ မရှိဘူး။ မရှိတော့ ပြန်လာတဲ့သူတွေမှာ အခက်အခဲဖြစ်တယ်”ဟု ပြောသည်
၎င်းက ဆက်လက်ပြီး “ဥပမာ ငွေပျော်စံပြကျေးရွာဆိုတာ မြစ်ဆုံနားမှာ ရှိတယ်။ အဲဒီနားမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်မရဘူး။ ဘာမှ လုပ်လို့မရတဲ့နေရာမှာ တသက်လုံး စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်လာတဲ့သူတွေကို အဲဒီလို နေရာ မျိုး တွေမှာ နေရာ ချထားလိုက်တော့ သူတို့အတွက်က အဆင်မပြေဘူး”ဟု ပြောဆိုသည်။
အစိုးရက ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေး အစီအစဉ်များ လုပ်ဆောင်ရာတွင် စစ်ဘေးသင့် ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ တိုင်ပင်မှု နည်းပါးကာ လိုအပ်ချက်များအား လုံလောက်အောင် ပံ့ပိုးကူညီမှု မရှိဟုလည်း အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြ ပြောဆိုထားသည်။
ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် စခန်းပေါင်း ၁၆၀ ၌ ဒုက္ခသည်ပေါင်း ၁သိန်းခွဲ (၁၅၀,၀၀၀) ဝန်းကျင်ရှိပြီး ကရင် ပြည်နယ်ရှိ ဒုက္ခသည်စခန်း ၆ ခုတွင် ဒုက္ခသည် ၈၀,၀၀၀ ခန့် ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး ရုံး (UNHCR) စစ်တမ်းများ အရ သိရသည်။
ထို့ပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စစ်ဘေးရှောင်နှင့် ဒုက္ခသည်များ အတွက် လူမှုဘ၀ မလုံခြုံမှု အခြေအနေ များနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
ကချင် စစ်ရှောင်အရေးနှင့် အမျိုးသမီးရေး ဆောင်ရွက်နေသည့် Htoi Gender အဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူက“လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးသွားတာတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ် တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ မလုံခြုံတာကတော့ ဥပမာ ရွှေဆိုင်ကို ဓားမြတိုက်တာနဲ့ စစ်ရှောင်စခန်းကို သွားစစ်တာတို့၊ အိမ်တအိမ်မှာ လုယက် ခိုးယူမှုတွေဖြစ်ရင် စစ်ရှောင်စခန်းကို သွားစစ်တာမျိုး။ အဲဒါတွေက ဘာမှမဆိုင်ဘဲ လုပ်တာ တွေ က မလုံခြုံမှုကို ဖြစ်စေတယ်။ အဓိကကတော့ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ မလုံခြုံမှု အနေအထားက ပိုဆိုး တယ်”ဟု ပြောသည်။
AGIPP က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၊ ၂ ရက်ကလည်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ တရပ်ကို ရန်ကုန်မြို့ Mercure ဟိုတယ်တွင် ပြုလုပ်ခဲ့သေးသည်။
ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက ပါဝင်နေသည့် တာဝန်ရှိသူများ ထည့်သွင်း စဉ်းစားစေလိုသော အကြံပြုချက်များ ပါဝင်သည့် ကြေညာချက်တစောင်ကို ထိုနှီးနှောဖလှယ်ပွဲက ထုတ်ပြန် ခဲ့သည်။
ယင်းကြေညာချက်တွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၊ စစ်ဘေးဒုက္ခသည်များအတွက် ပြန်လည် နေရာ ချထားရေးနှင့် ပြည်လည် ထူထောင်ရေး ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲ အကောင်အထည် ဖော် ပေးရန် အကြံပြုထားသည်။
ထို့ပြင် တိုက်ပွဲများ အမြန်ဆုံး ရပ်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရန်နှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသရှိ အရပ်သားများ၏ လုံခြုံမှုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက အလေးထား လိုက်နာ ဆောင်ရွက် ပေးကြရန်လည်း တိုက်တွန်း ထားသည်။