ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရပ်ကွက် ၆ ခုတွင် မကြာသေးခင်က လုံခြုံရေးအရ ဝင်ရောက် စစ်ဆေးရာတွင် ဖမ်းဆီး ခံရသည့် မြန်မာလုပ်သား ၃၀၀ ကျော်အတွက် အစိုးရက ကူညီမည် ဖြစ်ကြောင်း သိရသည်။
အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
ထိုင်းတွင် မြန်မာ အလုပ်သမားများ သာမက ဥရောပနှင့် အာရှ အခြားနိုင်ငံသားများပါ ဖမ်းဆီးခံထားရပြီး မြန်မာနှင့် ထိုင်း ဆက်ဆံရေးသည် အမြဲ အဆင်ပြေသည်ဟုလည်း ၎င်းက ဆိုသည်။
အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က“အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အကုန် လုပ်ပေးသွားမှာပါ။ ကိုယ့် နိုင်ငံသား တွေ ဒီလို ဒုက္ခရောက်ပြီဆိုရင် ကူညီနိုင်သလောက်ကို အကောင်းဆုံး ကူညီမှာပါပဲ”ဟုလည်း ပြောဆိုသည်။
မဲဆောက်မြိုရှိ ရပ်ကွက် ၆ ခုတွင် ထိုင်းရဲတပ်ဖွဲ့က အမျိုးသား လုံခြုံရေး စီမံချက်နှင့် ဧည့်စာရင်း ဥပဒေသစ်အရ အောက်တိုဘာ လကုန်နှင့် နိုဝင်ဘာ လဆန်းပိုင်းအတွင်း ဝင်ရောက် စစ်ဆေးရာတွင် တရားဝင် အထောက်အထား မရှိသည့် မြန်မာ အလုပ်သမား ၃၂၃ ဦး ဖမ်းဆီးမိရာတွင် အမျိုးသမီး ၁၂၀ ပါဝင်သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရသည် စီမံချက်ဖြင့် ဖမ်းဆီးမှုများကို အောက်တိုဘာလ ၁ ရက်ကတည်းက စတင် ပြုလုပ်နေခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီအဖွဲ့ဝင် ဦးဖေသန်းက“သူများနိုင်ငံက ဥပဒေအတိုင်း လုပ်တာကိုတော့ ကျနော်တို့ဘက်က ကန့်ကွက်ဖို့ထက် အလုပ်သမားတွေ အပေါ်မှာ ကိုယ့်နိုင်ငံက အဲဒီလို ပြဿနာမျိုးဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ၊ အဲဒီလိုမျိုးမဖြစ်အောင် ဘယ်လို ကြိုတင်ပြီးတော့ ဥပဒေအရ ကူညီပေးမယ် ဆိုတာကို ကြိုးစား ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
အောက်တိုဘာအတွင်းက အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၂,၅၀၀ ကျော်ကို စီမံချက်အရ စစ်ဆေးမှု အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထို့ပြင် မဲဆောက်၊ မဟာချိုင်၊ ဘန်ကောက်၊ စမွတ်ပရာကန်နှင့် ထိုင်းတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများကို နေ့စဉ်ရက်ဆက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
“အခု စစ်တာက နေထိုင်ခွင့်ကတ် ရှိ မရှိ စစ်တာ။ မနက် ၅ နာရီ တံခါးခေါက်ပြီး အေးဆေးပဲစစ်တာ။ ရိုင်းရိုင်းစိုင်းစိုင်း စစ်တာမဟုတ်ဘူး။ အထောက်အထားတွေ တောင်းပြီး အေးဆေးပဲစစ်တာ”ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မဖြူဖြူမြင့် က ပြောသည်။
ပဲခူးတိုင်း ရေတာရှည်မှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုဇော်ဇော်ကလည်း“အဓိက အလုပ်သမား တွေကို ပို့ပေးတဲ့ အေးဂျင့်က သေချာလုပ်ပေးဖို့ လိုသလို၊ တိတိကျကျ ပြောပြဖို့လည်း လိုတယ်။ အခု သွားနေကြတာ နယ်က လူတွေလေ။ နယ်က လူတွေက ဘာမှ နားမလည်ကြဘူးလေ”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံသား များ အနက် မြန်မာ အများဆုံးဖြစ်ကာ နှစ်နိုင်ငံအစိုးရ တရားဝင် ထုတ်ပြန်ချက်အရ စုစုပေါင်း ၃ သန်းခန့် ရှိသည်ဟု ဆို သော်လည်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ ၄ သန်းခန့် ရှိကြောင်း ခန့်မှန်းထားသည်။
ဆက်စပ် ဖတ်ရှုရန် –
ထိုင်း တရားမဝင် နိုင်ငံခြားသား ရှင်းလင်းမှု မြန်မာ ထောင်ချီ အဖမ်းခံရ
ထိုင်းအလုပ်အကိုင်အတွက် မြန်မာလုပ်သားများ ငွေညှစ်ခံနေရ
ထိုင်းရောက် တရားမဝင်မြန်မာရေလုပ်သားများ MoU လုပ်ရန် ဝန်ကြီးပြော