မြန်မာပြည်ရှိ တိုင်းရင်းသား ဒေသများသည် ဧရိယာသေးငယ်ခြင်းနှင့် ကုန်းတွင်းပိတ် ဖြစ်နေသည့် ဒေသများလည်း ရှိနေသောကြောင့် ခွဲထွက်၍ သီးခြား ရပ်တည်ရန် မလွယ်ကူဟု NCA လက်မှတ် ထိုးထားသည့် မွန်ပြည်သစ် ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။
နေပြည်တော်၌ အောက်တိုဘာ ၁၅၊ ၁၆ ရက်က ပြုလုပ်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ခေါင်းဆောင်များနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်ေးဆာင်များ၏ သီးသန့် အစည်းအဝေးတွင် ဆွေးနွေး ခဲ့မှု၊ အမြင် သဘောထားနှင့် ဆက်လက် လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူ နိုင်ဟံသာ အား NCA-S EAO က တွေ့ဆုံမေးမြန်းရာတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာက “တိုင်းရင်းသားတွေရဲ့ ဒေသကို ပြန်ကြည့်ရင် ပြည်နယ်တွေကပေါ့နော်၊ အားလုံးက ကုန်း တွင်းပိတ် ဒေသတွေပဲ ဖြစ်တယ်၊ ဧရိယာငယ်ငယ်နဲ့ ကုန်းတွင်းပိတ်ဒေသတွေ ဖြစ်နေတယ်။ ခွဲထွက်ပြီး သီးသန့်နိုင်ငံ တည်ထောင်ဖို့ ဆိုတာ ဘယ်လိုမှ မလွယ်ဘူး၊ ရေရှည် မရပ်တည်နိုင်ဘူး၊ အကျိုးမရှိဘူးဆိုတာတော့ အားလုံး သိကြပါ တယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ အခြေခံစိတ်ဓာတ်အရရော၊ အခြေအနေအရရော ခွဲထွက်ဖို့ အလားအလာ ဘယ်လို မှ မရှိကြဘူး၊ အန်ကယ်တော့ အဲဒီလို မြင်တယ်လေ”ဟု တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုသည်။
NCA-S EAO မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းထားသော အဖွဲ့ဖြစ်ပြီး တွေ့ဆုံမေးမြန်းမှုကို NCA-S ECO ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ လ ၅ ရက် က ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါ နေပြည်တော် ထိပ်သီး အစည်းအဝေးတွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တခုတည်းသော တပ်မတော် ကို လက်ခံရေး စသည့် အရေးကြီး ကိစ္စများအပြင် အခြားကိစ္စများ ဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ခွဲမထွက်ပါဟု ကတိပြုရန် အစိုးရနှင့် တပ်မတော်ဘက်မှ ဆွေးနွေးလာမှုအပေါ် အခြေခံကာ ယခုကဲ့သို့ ပြန်လည် ပြောဆိုခြင်းလည်း ဖြစ်သည်။
ခွဲမထွက်ရေးနှင့် ပတ်သက်၍ နေပြည်တော် ထိပ်သီးအစည်းအဝေး မစတင်ခင် ပြုလုပ်သည့် NCA သုံးနှစ်ပြည့် အခမ်း အနား မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“ခွဲမထွက်ရ ဆိုတဲ့ တားမြစ် ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောနေသလို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအပေါ် မယုံ ကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တဦးနဲ့ တဦး သံသယ ကင်း ကင်း နဲ့ ထာဝရငြိမ်းချမ်းရေး လမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။
ထိပ်သီး အစည်းအဝေးတွင် ခွဲမထွက်ပါဟု ကတိပြုကာ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်းအဖြစ် ထည့် သွင်း ပေးမည်ဆိုပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း အစိုးရနှင့် တပ်မတော်ဘက်က ဆွေးနွေးမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်များဘက်ကမူ အခြားသော လက်နက်ကိုင်အဖွဲ့များ၏ သဘောထားများ လိုအပ် သည့်အပြင် လိုအပ်ပါက လူထုဆန္ဒ ခံယူပွဲ ပြုလုပ်ကာ ဆုံးဖြတ်ရမည်ဟု သဘောထားရှိသည့် အတွက် သဘောတူညီ မှု မရခဲ့ပေ။
နိုင်ဟံသာက“အဲဒီကိစ္စမှာ အဖြေ တခုခုပေးဖို့ ဆိုတဲ့ နေရာမှာပေါ့နော်၊ အန်ကယ်တို့ လက်ရှိ ၁၀ ဖွဲ့နဲ့ပဲ အဖြေပေးလို့ လည်း မသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၂၀ လောက် ရှိတယ်လေ။ ၁၀ ဖွဲ့နဲ့ပဲ တခုခု ဆုံးဖြတ်ဖို့ မသင့်ဘူး။ နောက်တခုက အရေးကြီးတယ်၊ ပြည်သူတရပ်လုံးနဲ့ ဆိုင်တယ်၊ လိုအပ်ရင် ပြည်သူ့ ဆန္ဒကိုလည်း ယူဖို့ လိုတယ်။ အဲဒီလို ဒီခံယူချက်နဲ့ ဒါကို ခွဲထွက်ခွင့်ရှိတယ်လို့လည်း မသုံးနဲ့၊ မရှိဘူးလို့လည်း မသုံးနဲ့၊ ဖက်ဒရယ်မူကိုပဲ ဆွေးနွေးသွားပါ”ဟု တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့်ကိစ္စတွင်ပင် တိုင်းရင်းသားများနှင့် ပြည်နယ်များ၏ အခွင့် အရေး၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ အာဏာ ခွဲဝေမှု အပိုင်းတွင် တိကျသေချာမှု မရှိသေးဘဲ ခွဲထွက်ခွင့် ကိစ္စအား အာမခံပေးရန်သည် ပြဿနာ တရပ်ဖြစ်နေသည်ဟုလည်း ဆိုသည်။
NCA လက်မှတ် ထိုးထားသော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကလည်း ခွဲမထွက်ရေးနှင့် ပတ်သက်၍ “ဒီမခွဲထွက်ခွင့်ဆိုတဲ့ နေရာကို တောင်းဆိုမယ်ဆိုရင် ပြည်သူလူထု ဆန္ဒခံယူပွဲ လုပ်ဆောင်ဖို့လိုတယ်လို့ ယုံကြည်တယ်။ အဲဒီလိုမျိုး မလုပ်ဆောင်ဘူးဆိုရင်တော့ အဖြေကတော့ မရနိုင်ဘူး။ အားလုံး ရဲ့အဖြေ မရနိုင်ဘူး။ ဒါကတော့ ကျနော်တို့ ရှမ်းပြည်နယ်နဲ့ပဲ ပတ်သက်တဲ့အတွက်ကြောင့်မလို့ ရှမ်းပြည်လူထု ဆန္ဒ ခံယူပွဲပဲ ဖြစ်ပါတယ်”ဟု အောက်တိုဘာလ ၂၀ ရက်က ဧရာဝတီသို့ ပြောဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံအား ကရင်၊ မွန်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယားနှင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတိုင်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေဟူ၍ နယ်နိမိတ်ခွဲခြား ဖွဲ့စည်းထားသည်။
ထို့ပြင် ရှမ်းပြည်နယ်မှာ ပအို့ဝ်၊ “ဝ” ၊ ပလောင်၊ ဓနု၊ ကိုးကန့်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ နာဂ စသည့် လူမျိုးများအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းများအဖြစ် သတ်မှတ်ထားသည်။
ခွဲမထွက်ရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် လက်နက်ကိုင်အဖွဲ့များ ထပ်မံ တွေ့ဆုံဆွေးနွေးရန် လိုအပ်သလို တွေ့ဆုံမှုများ လုပ်ဆောင်သွားရန် ရှိကြောင်းလည်း သိရသည်။
NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာက “ထပ်လုပ်ရမယ်၊ ဒီပြဿနာကို ဖြတ်ကျော်ဖို့အတွက်။ ဒီပြဿနာကို မကျော်ဖြတ်နိုင်ရင် နိုင်ငံရေးအရ ဖြေရှင်းမှုဆိုတဲ့ဟာတွေ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး၊ ဒါက အဓိက အကျဆုံးပဲ၊ လူမှုရေးတွေ ကျား/မ တန်းတူရေးတွေပဲ ဆွေးနွေးနေလို့ ပြဿနာက ပြီးတာမဟုတ်ဘူးလေ၊ အဓိကကတော့ နိုင်ငံရေးပြဿနာ၊ ပြီးတော့ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေးပြဿနာ၊ အဲဒါတွေ လုပ်ရမယ်” ဟု NCA-S EAO က ဖော်ပြသည့် တွေ့ဆုံ မေးမြန်း ခန်း၌ ဖြေဆိုထားသည်။