ဆောက်လုပ်ပြီးစီးသည်မှာ ၇ လခန့်သာ ရှိသေးသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်မှ သိန်းထောင်ချီ ကုန်ကျခဲ့သော တံတား ၂ စီးနှင့်ရေထိန်းတမံ/ ၁ ခု ပျက်စီးနေသည့်အတွက် လွှတ်တော်မှတဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ဧရာဝတီကို ပြောသည်။
၂၀၁၇-၁၈ ပြည်ထောင်စု ဘတ်ဂျက်မှ ဆော့လောမြို့နယ် အတွင်းရှိ လန်ဆယ်တံတားအတွက် ကျပ်သိန်း ၅၀၀၀၊ ထန်းတန် တံတားအတွက် ကျပ်သိန်း ၃၀၀၀ ကုန်ကျခံထားသော်လည်း ဆောက်လုပ်ရေး ကုမ္ပဏီတချို့၏ ပေါ့ဆမှုကြောင့် ကားကြီးများ ဖြတ်သန်း၍ မရတော့ဘဲ ပျက်စီးသွားရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးလာမာလေးက “လန်ဆယ် တံတားကတော့ သိန်း ၅၀၀၀ လောက် တောင်းထားတယ်။ တင်ဒါကို ဘယ်လောက်အောင်မှန်း မသိလိုက်ဘူး။ ၂၀၁၇ ဒီဇင်ဘာလောက်မှ စဆောက်တယ်။ ဆောက်ပြီး ၇ လ လောက်မှာ ပျက်သွားတယ်။ ကားလေးတွေပဲ ဖြတ်လို့ ရတော့တယ်။ ကားကြီးတွေ ၁၂ ဘီးတွေ၊ ဘက်ဟိုးတွေ ဖြတ်လို့ မရတော့ဘူး” ဟု ပြောသည်။
ထို့ပြင် ထန်းတန် တံတားမှာလည်း ကားလမ်း၊ ဆိုင်ကယ်လမ်း မပါဘဲ လူလျှောက်လမ်းသာ ပါရှိကြောင်း၊ တံတားမှာ တိုင်တဖက် စောင်းသွားပြီး ဘတ်ဂျက် သိန်း ၃၀၀၀ တောင်းယူထားသည့် တံတားတစီး ဖြစ်ကြောင်း၊ သိန်း ၄၀၀ ကုန်သည့် ရေတားတမံမှာလည်း အဖြစ်သာ ဆောက်လုပ်ထားသည်ကို တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။
၎င်းက ဆက်လက်ပြီး “ဆောက်တာက ၇ လ၊ ၈ လတောင် မပြည့်သေးဘူး။ အခုလို ဖြစ်သွားတယ်ဆိုတော့ သူတို့ရဲ့ ပေါ့ဆမှု အများကြီး လိုတယ်လို့။ တည်ဆောက်တဲ့ ကုမ္ပဏီရဲ့ ပေါ့ဆမှုပေါ့နော်။ လုပ်ငန်း အတိုင်းအတာတွေလည်း ခိုတာပေါ့။ သေသေချာချာ မဆောက်ဘူး။ အခု လွှတ်တော် ပြန်ဖွင့်ရင် ကြယ်ပွင့်ပြမေးခွန်း မေးသွားတယ်။ သူ့ရဲ့ ပုံစံအတိုင်း မဆောက်ဘူးဆိုရင် အရည်အသွေးစစ်တဲ့ အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်။ သူတို့ လုပ်ငန်း အပ်နှံပြီးပြီလေ။ QC (အရည်အသွေး စစ်ဆေးတိုင်းတာမှု) စစ်တဲ့ ဒီအဖွဲ့တွေကိုလည်း အရေးယူစေချင်တယ်” ဟု ဆိုသည်။
လွှတ်တော် အစည်းအဝေးများကို နိုဝင်ဘာလ ၁၂ ရက်တွင် ပြန်လည်စတင်ရန် ပြည်သူ့လွှတ်တော်က ကြေညာထားသည်။
တံတားနှစ်စင်းနှင့် ရေထိန်းတမံများ ပျက်စီးမှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အရာရှိများထံသို့ ဧရာဝတီ သတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရဘဲ အဆောက်အဦ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်နှင့်သာ ဆက်သွယ်မှုရရှိခဲ့သည်။
ဦးမြင့်ဇော်က “လမ်းတွေ၊ တံတားတွေက တင်ဒါနဲ့ လုပ်တာ မှန်တယ်ဆိုရင်တော့ သူတို့ စာချုပ် စည်းမျဉ်းမှာ ပါတဲ့ အတိုင်း ဥပမာ တနှစ်၊ ၂ နှစ်ပေါ့။ အဲဒီကာလအတွင်း ပျက်တယ်ဆိုရင် ဆောက်တဲ့ ကုမ္ပဏီမှာ တာဝန်ရှိပါတယ်။ သူတို့ တာဝန်ယူပေးရမှာပါ” ဟု ဧရာဝတီကို ပြောသည်။
တံတားနှင့် ရေတားတမံများ အချိန်မီ ပျက်ဆီးမှုကို တင်ပြတိုင်ကြားလာပါက ချက်ချင်း အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အလားတူဖြစ်စဉ်မျိုးအတွက် တိုင်ကြားခံရသည့် ဆောက်လုပ်ရေးအရာရှိများကို လွှတ်တော်က ဖိအားပေးမှုကြောင့် အရေးယူမှုဖြစ်စဉ်များ ရှိကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီထံမှ သိရသည်။
ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက “ဆောက်လုပ်ရေးမှာက ဆောက်တာလည်း သူပဲ။ စစ်တာလည်း သူပဲ ဖြစ်နေတာ။ ကျနော်တို့က ဆောက်လုပ်ရေးကို ၂၀၂၀ မတိုင်ခင်မှာ လုံးဝ မဆောက်တော့နဲ့။ ပုဂ္ဂလိကကို လွှဲပေးလိုက်။ သူက စစ်တဲ့ အလုပ်ပဲလုပ်။ အဲဒီတော့ အခုလောလောဆယ် ဆောက်လုပ်ရေးက လူတွေ ဝါးတာပဲ။ ဒါတွေကို စစ်ဖို့ တတိယ အဖွဲ့အစည်း လိုတယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ဟိုးအရင်က မှန်အချပ် ၁၀၀ သုံးမယ်ဆိုရင် အချပ် ၅၀ ကို ကွဲခွင့်ပြုတယ်။ ၅၀ ကိုတော့ ကောင်းအောင်သုံး။ သူက ၅၀ က အချပ် ၂၀ ကုန်ရင် ၃၀ ကို ဝါးလို့ ရတယ်။ ပြီးတော့ ဘိလပ်မြေဆိုလည်း အိပ် ၁၀၀ မှာ ၁၀ အိပ်လောက်က ဝါးလို့ရတယ်။ အခုခေတ်က အိပ် ၁၀၀ ကုန်ရင် အိပ် ၂၀၀ လောက် တင်တောင်းတဲ့ ခေတ်ကြီးနဲ့ ကြုံနေရတာ” ဟု ဆိုသေးသည်။
ကော်မတီအနေဖြင့် တိုင်းရင်းသားပြည်နယ်များတွင် အဓိက လိုအပ်သည့် လမ်းတံတားများ ရရှိရေးအတွက် ဦးစားပေး လုပ်ဆောင်နေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ တောင်းခံသည့် ဘက်ဂျက်မှာ အလွန်များကြောင်းနှင့် ချပေးသည့် ဘက်ဂျက်များကို မှန်ကန်စွာ သုံးစွဲရန် လိုအပ်ကြောင်းလည်း ကော်မတီဘက်မှ တိုက်တွန်းထားသည်။
“ကျနော်တို့ တောင်ပေါ်ဒေသမှာ ဘတ်ဂျက်ကျဖို့ကလည်း မလွယ်ဘူး။ ဘတ်ဂျက်ကျရင်လည်း ဘာမှ အကျိုးမရှိသလို ဖြစ်နေတယ်။ တချို့ လုပ်ငန်းတွေက တံတားတွေက ကျနော်ကြည့်တာ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို တရုတ်တွေကို ပြန်လုပ်ခိုင်းတာ။ တရုတ်လုပ်ငန်းရှင်တွေကို ပြန်ပေးတဲ့အခါကျတော့ တရုတ်အလုပ်သမားတွေ လုပ်တာ အခုချိန်ထိတော့ မဆိုးဘူး” ဟု ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လကလည်း တနိုင်ငံလုံးရှိ လမ်းများ၊ တံတာများကို အစိုးရနှင့် စာချုပ်ချုပ်ဆို၍ စီမံခန့်ခွဲလုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့်ပတ်သက်ပြီး စိစစ်ကြပ်မတ်မှု အားနည်းသည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ပြည်သူ့လွှတ်တော်၌ ဝေဖန်ခံခဲ့ရဖူးသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစိုးရနှင့် ချုပ်ဆိုခဲ့ကြသော BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို စိစစ်၍ လိုက်နာမှုရှိစေရေး ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းသည့်အဆိုတခု ဆွေးနွေးစဉ် ဥပဒေပြုအမတ်များက ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
ဆက်စပ်သတင်း
- ကုမ္ပဏီများကို စိစစ်ကြပ်မတ်မှု အားနည်းသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝေဖန်ခံရ
- BOT ကုမ္ပဏီများ လမ်းမပြင်ဘဲ ငွေကောက်နေ၍ ပြည်သူနစ်နာဟုဆို