ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ တဦးဖြစ်သည့် သေဆုံးသူ၏ ရည်းစား ဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ တရားရုံးရှေ့ ထွက်ဆိုချက်များနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှု ရှိနေကြောင်း တွေ့ရှိရသည်။
နိုဝင်ဘာ ၆ ရက် ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး ရုံးချိန်းတွင် တရားလိုပြ သက်သေများဖြစ်သော အခင်းဖြစ်ပွားခဲ့ သည့် The One Entertainment Park မှ လုံခြုံရေး အကြံပေး ဦးထိန်မင်း (ခ) ဦးငယ်၊ လုံခြုံရေး ဝန်ထမ်း ဦးနေမျိုးအောင် နှင့် မပွင့်ကေခိုင်(ခ)ပိုးပိုး တို့ ၃ ဦးကို စစ်ဆေးခဲ့ရာ ဥပဒေအရာရှိ၏ မေးမြန်းချက်များအရ ကွဲလွဲမှုများ တွေ့ရှိရခြင်း ဖြစ်သည်။
မပွင့်ကေခိုင်သည် အောင်ရဲထွေးနှင့် လွန်ခဲ့သည့် ၁ နှစ်၊ ၂ နှစ်ခန့်က စတင်ကာ အောင်ရဲထွေး၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သိကျွမ်းခဲ့ကြောင်း၊ ယင်းသို့ သိကျွမ်းပြီး ၄ လ၊ ၅ လခန့်တွင် သမီးရည်းစား ဖြစ်ခဲ့ကြောင်း ယနေ့ ရုံးချိန်း တရားခွင်အတွင်း ထွက်ဆိုသည်။
သူသည် အခင်းဖြစ်ပွားသည့်ညက အောင်ရဲထွေးနှင့် အနီးကပ်ဆုံး အတူရှိနေသူတဦး ဖြစ်ကြောင်းလည်း သိရှိရသည်။
မပွင်ကေခိုင် ၏ ထွက်ဆိုချက်တချို့မှာ ၂၀၁၈ ဇန်နဝါရီလ ၅ ရက်က ရဲအုပ်ချစ်ကိုကိုက ပွင့်ကေခိုင်အား အမှုနှင့် ပတ်သက်၍ စစ်မေးခဲ့ရာတွင် ထွက်ဆိုချက်များနှင့် ကွဲလွဲနေ၍ ဥပဒေအရာရှိက ရဲစစ်ချက်နှင့် တိုက်ဆိုင် စစ်ဆေးခွင့် ပြုရန် တရားရုံးသို့ တင်ပြရာ တရားရုံးက တိုက်ဆိုင်စစ်ဆေးခွင့် ပြုခဲ့သည်။
မပွင့်ကေခိုင်၏ ရုံးရှေ့ ထွက်ဆိုချက်များအရ ၎င်းသည် အဝေးမှုန်သူတဦးဖြစ်သဖြင့် ပါဝါမျက်မှန် ၅၀၀ အား တပ်ဆင်ရသူဖြစ်ပြီး အခင်းဖြစ်ပွားရာညက ပါဝါမျက်မှန် တပ်ဆင်ခြင်းမရှိဘဲ နေကာမျက်မှန် အနက်ရောင် (ပါတီပွဲအတွင်း မီးရောင်ဒဏ်ကို ကာကွယ်ရန်) တပ်ထားကြောင်း၊ အခင်းဖြစ်ပွားပုံ၊ ဖြစ်စဉ်တွင် ပါဝင်သူများကို မသိရှိကြောင်း၊ မမှတ်မိကြောင်း ထွက်ဆိုသည်ကို တွေ့ရသည်။
ဥပဒေအရာရှိ၏ မေးမြန်းမှုအရ အခင်းဖြစ်နေ့ နံနက် ၄ နာရီခန့်တွင် မပွင့်ကေခိုင်နှင့် အောင်ရဲထွေးတို့ နှစ်ဦး စင်ပေါ် တက်ကနေစဉ် ၎င်းတို့ရှိသည့် စင်မြင့်ပေါ်သို့ Brave Bar တွင် နေဇင်လတ်တို့ ရန်ဖြစ်ခဲ့သော သားကြီးတို့အဖွဲ့ ၄ ၊ ၅ ဦး ခန့် ရုတ်တရက် ရောက်ရှိလာပြီး မပွင့်ကေခိုင်အား တွန်းထုတ်လိုက်ရာ နောက်သို့ ရောက်သွားစဉ် အောင်ရဲထွေးကို ဝိုင်းဝန်း ထိုးကြိတ်ကြကြောင်း၊ မပွင့်ကေခိုင်က “နင်တို့ လူမှားနေပြီ” ဟု အော်ဟစ်တားမြစ်ပြီး အနီးဝန်းကျင်ရှိ လူများ ကို ဖြန်ဖြေပေးရန် အကူအညီ တောင်းခဲ့သည်ဟု မပွင့်ကေခိုင်က ရဲထံ ထွက်ဆိုခဲ့ကြောင်း သိရသည်။
ထို ထွက်ဆိုချက်နှင့် ပတ်သက်၍ မပွင့်ကေခိုင်က အထက်ပါအတိုင်း အလုံးစုံ မထွက်ဆိုခဲ့သော်လည်း အောက်ဆုံးမှ စာကြောင်းဖြစ်သည့် လူမှားနေသည် ထင်သည်ဟု ဆိုကာ ဖြန်ဖြေပေးရန် အကူအညီ တောင်းခံခဲ့သည်မှာ ဟုတ်မှန် ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။
ဥပဒေအရာရှိက ကိုနေဇင်လတ် (အောင်ရဲထွေး အစ်ကို) နှင့် ဆံပင်ရှည်၊ နှုတ်ခမ်းမွေးပါ သားကြီး(ခ) သန်းထွဋ်အောင် (နောက်မှသိရ) တို့ Brave Bar တွင် ဆေးလိပ်သောက်ရန် မီးခြစ်ငှားသည့် ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ခဲ့ ကြောင်း ရဲထံ ထွက်ဆိုခဲ့ပါသလားဟု မေးမြန်းခဲ့သည်။
မပွင့်ကေခိုင်က “ယင်းသို့ တပုံစံတည်းတော့ ထွက်ဆိုခဲ့ခြင်း မရှိပါ။ ကျမ၊ အောင်ရဲထွေးနှင့် နေဇင်လတ်တို့ သွားသည့် အခါတိုင်း နေဇင်လတ် ရန်ဖြစ်ပါတယ်။ ယင်းနေ့ကလည်း နေဇင်လတ် ရန်ဖြစ်ပါတယ်”ဟု ပြန်လည် ပြောဆိုသည်။
ဆက်လက်၍ ဥပဒေအရာရှိက“ကိုနေဇင်လတ်မှ သားကြီးအား ထိုးခဲ့ပါတယ်။ ထိုနေ့က ရန်ဖြစ်သည့်နေရာတွင် ကျမ နှင့် အောင်ရဲထွေးတို့ အနီး၌ ရှိနေပါသည်ဟု ထွက်ဆိုခဲ့ပါသလား”ဟု ထပ်ဆင့် မေးမြန်းရာ “မထွက်ဆိုခဲ့ပါ။ နေဇင်လတ် တို့ ပြောသည်ကို ကြားသည့်အတိုင်း ပြောပြခြင်းဖြစ်ပါတယ်”ဟု မပွင့်ကေခိုင်က ထွက်ဆိုသည်။
စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့၏ အကျိုးဆောင် ရှေ့နေများကလည်း မပွင့်ကေခိုင်ကို ရဲထံထွက်ဆိုရာ၌ ၎င်းပြောဆိုချက်များကို အမှုစစ်ရဲက လိုက်လံ ရေးသားခြင်း ဖြစ်သော်လည်း ၎င်းအား ပြန်လည်ဖတ် ခိုင်းခြင်း၊ ပြန်ဖတ်ရန် ပြောဆိုခြင်း မရှိခဲ့ဆိုသော အချက်အား ပြန်လှန်မေးမြန်းခဲ့သည်။
အောင်ရဲထွေး အမှုတွင် တရားလိုပြသက်သေ ၂၂ ဦးတင်သွင်း ထားသည့် အနက် ယခုအခါ တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေးအစ်ကို) အပါအဝင် ၈ ဦးကို စစ်ဆေးပြီးဖြစ်ရာ လာမည့် နိုဝင်ဘာ ၁၃ ရက် ရုံးချိန်းတွင် ကျန်ရှိ သက်သေ များထဲမှ ၃ ဦးကို ထပ်မံစစ်ဆေးမည် ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် –
အောင်ရဲထွေး အမှု ရုပ်သိမ်းရေး မိသားစုဝင်များကို ကျပ်သိန်း ၁၅၀၀ ပေးခဲ့ဟု အဂတိ ကော်မရှင် ပြော
အောင်ရဲထွေး အမှု လူမှားရိုက်ခြင်းဟု သိရကြောင်း တရားလိုပြ သက်သေ ထွက်ဆို
အောင်ရဲထွေး မျက်နှာ အကန်ခံရသည့် ဖိနပ်ရာ တွေ့ကြောင်း ဖခင်ဖြစ်သူ ထွက်ဆို