ယခင်ရက်သတ္တပတ်က ပျက်ကျခဲ့သော ဘိုးအင်း ၇၃၇ Max လေယာဉ်သည် နောက်ဆုံး ၄ ကြိမ် ခရီးစဉ်အဖြစ် ပျံသန်းစဉ် လေကြောင်းမြန်နှုန်းပြကိရိယာပျက်စီးခဲ့၍ ပျက်ကျရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား စုံစမ်းစစ်ဆေးရေးမှူးများက ဆိုသည်။
ဤသည်မှာ ပင်လယ်ထဲ ပျက်ကျကာ လေယာဉ်ပေါ်ပါ ၁၈၉ဦးလုံး သေဆုံးခဲ့သည့် Lion Air လေယာဉ်မှ ပျံသန်းမှု အချက် အလက် မှတ်တမ်းတင်ကရိယာမှ ရရှိသည့် စုံစမ်းစစ်ဆေးမှု ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား သယ်ယူပို့ဆောင်ရေး အန္တရာယ်ကာကွယ်မှုကော်မတီ(KNKT) ဆော်ဂျန်တို ဂျက်ဂျိုနိုက တနင်္လာနေ့တွင် သတင်းထောက်များကို ပြောသည်။
သို့သော် ယင်းလေယာဉ် ထုတ်လုပ်သည့် အမေရိကန်တို့ကမူ လေယာဉ်တစင်းလုံးအစိတ်အပိုင်းများကို သေချာစွာ စုံစမ်းစစ်ဆေးရန် တုံ့ပြန်ခဲ့သည်။
အင်ဒိုနီးရှား KNKT ဌာနအနေဖြင့် ဘိုးအင်းကုမ္ပဏီနှင့်အမေရိကန်အာဏာပိုင်များထံ ကမ္ဘာတလွှားရှိ ယင်းလေယာဉ် အမျိုးအစား၌ အလားတူပြဿာနာမပေါ်ပေါက်အောင် မည်သို့ရှောင်ရှားရမည်ကို သိလိုကြောင်း မေးမြန်းထားသည်ဟု ဆော်ဂျန်တို ဂျက်ဂျိုနိုက က ဖြည့်စွက်ပြောသည်။
“ကျွန်တော်တို့ ဘိုးအင်းတို့ရော အမေရိကန် အမျိုးသားသယ်ယူပို့ ဆောင်ရေးအန္တရာယ် ကာကွယ်မှု ဘုတ်အဖွဲ့(NTSB)နဲ့ပါ လေကြောင်းမြန်နှုန်းပြကိရိယာကို အသေးစိတ်စစ်ဆေးခဲ့ကြပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အမေရိကန်ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA)မှ ယာယီအုပ်ချုပ်ရေးမှူး ဒန်အယ်ဝဲက လည်း FAA နှင့် NTSB တို့မှ ကျွမ်းကျင်သူများပူးပေါင်းအဖွဲ့ကို အစိုးရတောင်းဆိုချက်အရ အင်ဒိုနီးရှားနိုင်ငံသို့ စေလွှတ်ထားကြောင်း ပြောသည်။
“ကျနော်တို့ စုံစမ်းလေ့လာမှုပြီးတဲ့အထိ၊ သတင်းအချက်အလက်ရတဲ့အထိ FAA အနေနဲ့ ဒီမတော် တဆမှုအတွက် အရေးတယူစစ်ဆေးပေးသွားမှာဖြစ်ပါတယ်” ဟု အယ်ဝဲက ဝါရှင်တန်တွင် ပြောကြား ခဲ့သည်။
လေယာဉ်ပျက်ရခြင်းနှင့်ပတ်သက်၍ အခြားလေကြောင်းမြန်နှုန်းစနစ်ချို့ယွင်းမှုများအကြောင်း စုံစမ်းစစ်ဆေးသူများက အစီရင်ခံခြင်းမရှိသေးပေ။
အမေရိကန်လေကြောင်းလုပ်ငန်းကို စီမံလုပ်ကိုင်နေသည့် FAA က အမေရိကန်နိုင်ငံတွင် လေကြောင်း မြန်နှုန်းကိစ္စနှင့် ပတ်သက်၍ မည့်သည့်အစီရင်ခံချက်မှ လက်ခံရရှိခြင်းမရှိသေးကြောင်း ယင်းဖြစ်စဉ် နှင့်နီးစပ်သည့် အမည်မဖော် လိုသူ တဦးက ဆက်လက်ပြောကြားခဲ့သည်။
လေယာဉ်ပျက်ရသည့်ချို့ယွင်းမှုသည် စက်မှုဆိုင်ရာ(သို့မဟုတ်) ထိန်းသိမ်းပြုပြင်မှုဆိုင်ရာ ကိစ္စဟုတ်/ မဟုတ် လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လေယာဉ်မှူးအခန်းမှ စကားသံကို မှတ်တမ်းတင်ထားသည့်ကိရိယာကို ပင်လယ်ကြမ်းပြင်မှ အာဏာ ပိုင်များက ပြန်လည်ဆယ်ယူနိုင်ခြင်းမရှိသေးပေ။ အဆိုပါပင်လယ်ကြမ်းပြင်သည် ဂျာကာတာမြို့ အရှေ့မြောက်ဘက် လေယာဉ်ပျံတက်ပြီး ၁၃ မိနစ်အကြာတွင် ပျက်ကျခဲ့သည့်နေရာတဝိုက်ဖြစ်သည်။
ဤပြောဆိုမှုနှင့် ပတ်သက်၍ ဘိုးအင်းကုမ္ပဏီက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။
အမေရိကန်လေယာဉ်ကုမ္ပဏီဖြစ်သည့် ဘိုးအင်းသည် ၇၃၇ Max လေယာဉ်အစင်းပေါင်း ၂၁၉ စင်းကို ကမ္ဘာတဝန်းဖြန့်ချိရောင်းချထားကြောင်း ၎င်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အော်ဒါမှာယူမှု ပေါင်း ၄၅၆၃ ခုကိုလည်း အပြီးသတ်တင်ပို့ရောင်းချရခြင်း မရှိသေးပေ။
ဘိုးအင်း ၇၃၇ Max အမျိုးအစားလေယာဉ်သည် လောင်စာဆီသုံးစွဲမှုထိရောက်ပြီး ၎င်းကုမ္ပဏီ ၏လူကြိုက်များသော single-aisle ဂျက်လေယာဉ်ဖြစ်သည်။
အဆိုပါလိုင်းယွန်းအဲလေယာဉ်ပျက်ကျမှုသည့် ယင်းအမျိုးအစားလေယာဉ် ၏ပထမဆုံးပျက်ကျမှု ဖြစ်ပြီး ယခင်နှစ်ကမှ ထိုလေကြောင်းလိုင်းက စတင်ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်သည် နောက်ဆုံးပျံသန်းခဲ့သည့်ခရီးစဉ် ၄ ခုလုံးတွင် လေကြောင်းမြန်နှုန်းပြကိရိယာချို့ယွင်းလျက် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း Black Box မှတ်တမ်းအရ သိရှိရကြောင်း စုံစမ်းရေးအဖွဲ့က ဆိုသည်။ သို့ရာတွင် ယခုမပျက်ကျမီ ယခင်ပျံသန်းမှု ၃ ခု၌ စက်ကိရိယာချို့ယွင်းမှုမှာ ပြင်းထန်ခြင်းမရှိဘဲ ဘေးသီရန်မခစွာဖြင့် မြေပြင်မှဝေဟင်သို့ အဆင်းအတက် ပြုလုပ်နိုင်ခဲ့သည်။