ကုန်ကျစရိတ်ကြီးမားပြီး အကျိုးအမြတ် မရေရာသောကြောင့် လာအိုနှင့် တရုတ်တောင်ပိုင်းကို ဆက်သွယ်မည့် ရထားလမ်း စီမံကိန်းအပေါ် လာအိုနိုင်ငံက ပြန်လည်သုံးသပ်နေချိန်တွင် တရုတ်နိုင်ငံ၏ ကြီးမားလှသော ဒေသတွင်း စီးပွားရေး စီမံကိန်းတခုအဖြစ် မြန်မာနိုင်ငံကို ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းအတွက် ဖြစ်နိုင်ခြေ စစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဘက်က သဘောတူညီ လိုက်သည်။
ထိုစီမံကိန်းသည် မြန်မာနိုင်ငံအပေါ် ထိန်းချုပ်မရသော အကြွေးပိစေပြီး ပဋိပက္ခဒေသများကို ဖြတ်သန်း သွားကြောင်းလည်း ဝေဖန်သူများက သတိပေးလိုက်သည်။
ထိုသို့သော ပူပန်စရာများ ရှိနေသော်လည်း ဖြစ်နိုင်ခြေ စမ်းသပ်ရန် သဘောတူလိုက်ခြင်းအားဖြင့် မြန်မာ အစိုးရသည် တရုတ်နိုင်ငံ၏ ဒေသတွင်းအပေါ် စီးပွားရေးအရ လွှမ်းမိုးမှုတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြသသကဲ့သို့ ဖြစ်နေသည်။
နိုင်ငံပိုင် လုပ်ငန်းများဖြစ်ကြသော တရုတ် မီးရထား ကုမ္ပဏီများအုပ်စု China Railway Eryuan Engineering Group နှင့် မြန်မာ့မီးရထားတို့သည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မှ မန္တလေးသို့ ရထားလမ်းဖောက်ရန် အဆိုပြုချက်အတွက် စတင်လေ့လာရန် နားလည်မှု စာချွန်လွှာတစောင်ကို မကြာသေးမီက လက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုရထားလမ်းသည် တရုတ် သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သော နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည့် ရပ်ဝန်းတခု၊ လမ်းတခု စီမံချက် (BRI) တွင် ပါဝင်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) ကို ဖြတ်သန်းသွားသည်။
BRI သည် အာရှ၊ အာဖရိကနှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၇၀ ကျော်တွင် ကုန်သွယ်ရေး ကွန်ရက်များ တည်ဆောက်မည် ဖြစ်သည်။ မူဆယ်နှင့် မန္တလေးတို့ကို အရှေ့တောင်အာရှတွင် လမ်းပမ်းဆက်သွယ်ရေး တိုးတက်စေရန် စီမံကိန်းတွင် အချက်အခြာ နေရာများအဖြစ် သတ်မှတ်ထားသောကြောင့် ထိုစီမံကိန်းသည် နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအရ၊ သေနင်္ဂဗျူဟာအရ အရေးပါသည်။
မူဆယ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ နယ်စပ်တွင်တည်ရှိပြီး နှစ်နိုင်ငံအကြားတွင် အကြီးမားဆုံး ကုန်သွယ်ရေး ဝင်ထွက်ပေါက်ဖြစ်ကာ မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့နှင့် စီးပွားရေး အချက်အခြာ နေရာဖြစ်သောကြောင့် ထိုရထားလမ်းသည် တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အသက်သွေးကြော ဖြစ်သည်။
တရုတ်နိုင်ငံက ကြေညာထားသည့် BRI ၏ တခြားသော အစိတ်အပိုင်းတခုမှာ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္ကန် (BCIM-EC) ဖြစ်သည်။ တည်ဆောက်ရန် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့သည့် CMEC ကို ဖြတ်သန်းသွားသော ထိုစီမံကိန်းသည် တရုတ်နိုင်ငံ ကူမင်းမှ အိန္ဒိယနိုင်ငံ ကာလကတ္တားအထိ ရှည်လျားကာ ရှေးခေတ် ပိုးလမ်းမအတိုင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့ကို ဖြတ်သန်းသွားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ သီးခြားလမ်း ပါရှိသည့် ရွှေလီမှ ကျောက်ဖြူသို့ အပြိုင် အဝေးပြေးလမ်းနှင့် ရထားလမ်းကိုလည်း တည်ဆောက်ရန် စီစဉ်ထားသည်။
CMEC သည် ကူမင်းမှ မန္တလေးနှင့် အရှေ့ဘက်တွင် ရန်ကုန်၊ အနောက်ဘက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အထိ ကျယ်ပြန့်ပြီး မိုင်ပေါင်း ၁၇၀၀ ကီလိုမီတာရှိသည်။ ထိုအထူးစီးပွားရေးဇုန်တွင် တရုတ်နိုင်ငံက ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းပြီးဖြစ်ကာ ထိုနေရာတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် စီစဉ်ထားသည်။ နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ဝင်ပေါက်လည်း ဖြစ်သည်။
“ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်လုပ်ဖို့ အစိုးရက ဆုံးဖြတ်ပြီးတာနဲ့ ရထားလမ်းစီမံကိန်းကို ရှောင်လို့မရတော့ဘူး။ ရထားက ကုန်စည်တင်ပို့ဖို့ အမြန်ဆုံး နည်းလမ်းပဲ။ ဒါပေမယ့် တရုတ်နိုင်ငံကိုပဲ အဓိက အကျိုးပြုမှာ။ အရေးကြီးတာက ရထားလမ်းကို ဘယ်သူ ထိန်းချုပ်လဲဆိုတာပဲ။ မြန်မာနိုင်ငံဟာ ကိုယ့်ပိုင်နက်က ရထားလမ်းကို ကိုယ်ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်” ဟု မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ ဦးမောင်မောင်စိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ယခုအဆိုပြုသည့် ရထားလမ်းသည် နှစ်နိုင်ငံအကြား ပထမအကြိမ် မဟုတ်ပေ။ ၂၀၁၁ ခုနှစ်က နေပြည်တော်နှင့် ဘေဂျင်းတို့သည် မူဆယ်မှ ကျောက်ဖြူအထိ ရထားလမ်းဖောက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးကြသည်။ တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မီးရထားအုပ်စု (China Railway Group) သည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရွှေလီမှ မူဆယ်ကို ဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်း တည်ဆောက်ရေးကို တာဝန်ယူမည်ဟု ဆိုသည်။ ထိုရထားလမ်းသည် ၈၁၀ ကီလိုမီတာရှည်သည်။
နားလည်မှု စာချွန်လွှာပါ အချက်များအရ ထိုရထားလမ်းကို သုံးနှစ်အတွင်း ဒေါ်လာဘီလျံ ၂၀ အကုန်ခံ တည်ဆောက်မည် ဖြစ်သည်။ သို့သော် ဒေသခံများက အပြင်းအထန် ဆန့်ကျင်သောကြောင့် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ဆိုင်းငံ့ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သဘောတူညီချက် သက်တမ်းကုန်ပြီး ထိုရထားလမ်းစီမံကိန်းမှာ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်။ တရုတ်နိုင်ငံသည် ထိုအချိန်မှစတင်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ဆက်သွယ်ရန် ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ ရွှေလီအထိ ရထားလမ်းပိုင်းကို တည်ဆောက်ပြီး ဖြစ်နေသည်။
ထို့နောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကို ချဉ်းကပ်ပြီး ၎င်းတို့၏ ရွှေလီ – ကျောက်ဖြူ သေနင်္ဂဗျူဟာ ရထားလမ်း၏ ကနဦး အစိတ်အပိုင်းအဖြစ် မူဆယ်မှ မန္တလေးသို့ ရထားလမ်း တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။
တရုတ်မီးရထားလုပ်ငန်း အုပ်စုသည် မူဆယ်မှ မန္တလေးအထိ ရထားလမ်းအတွက် ဖြစ်နိုင်ခြေ စမ်းသပ် စစ်ဆေးမှု ပြုလုပ်ရန် ၂၀၁၇ ခုနှစ်မေလက အဆိုပြုခဲ့သည်ဟု မြန်မာ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ ထိုလေ့လာမှုကို အထောက်အကူပြုရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဝန်ကြီးချုပ်များနှင့် သက်ဆိုင်ရာ ဝန်ကြီးများထံမှ အကြံပြုချက်များ တောင်းခံခဲ့သည်။
ဇွန်လတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ မူကြမ်းရေးဆွဲခဲ့သည်။ ထိုနားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးရန်အတွက် အောက်တိုဘာလ ၂ ရက်နေ့တွင် အစိုးရ၏ စီးပွားရေးကော်မတီတခုက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ခွင့်ပြုခဲ့သည်။
ထိုသဘောတူညီချက်အရ China Railway Eryuan Engineering Group သည် ရထားလမ်း၏ လူမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများကို လေ့လာမှုအတွက် ကုန်ကျစရိတ် အပြည့်အဝကို ကျခံမည် ဖြစ်သည်။ စာချုပ်အရ လေ့လာမှုပြုလုပ်မည့် အချိန်ကာလကို နှစ်နှစ် သတ်မှတ်ထားသော်လည်း တနှစ်အတွင်း ပြီးစီးနိုင်သည်ဟု မြန်မာနိုင်ငံက မျှော်လင့်ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
နားလည်မှုစာချွန်လွှာတွင် ဖြစ်နိုင်ခြေ စစ်ဆေးမှု စတင်ရန်သာ နှစ်ဖက် သဘောတူထားသော်လည်း ထိုရထားလမ်းသည် ဦစားပေး စီမံကိန်းဖြစ်ပြီး အမျိုးသား သယ်ယူပို့ဆောင်ရေး မဟာစီမံချက်၏ အစိတ်အပိုင်းဖြစ်သည်ဟု ဦးသန့်စင်မောင်က ဆိုသည်။
မြန်မာနိုင်ငံသည် ဦးစားပေး သယ်ယူပို့ဆောင်ရေး စြင်္ကန် ၅ ခု အကောင်အထည် ဖော်နေသည်ဟုလည်း ဝန်ကြီးက ပြောသည်။ မူဆယ်-မန္တလေး ရထားလမ်းသည် ကုလသမဂ္ဂ အာရှပိစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင်က အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်သော အာရှရထားလမ်းကွန်ရက် (Trans Asian Railway Network – TAR) ၏ တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စြင်္ကန် (South Transportation Corridor) ၏ အစိတ်အပိုင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ်များနှင့် ထိုလမ်းကြောင်းမှ ချိတ်ဆက်နိုင်ရန် မျှော်လင့်နေကြသည်။
မန္တလေး-မူဆယ် ရထားလမ်းသည် ၄၃၁ ကီလိုမီတာ (၂၆၈ မိုင်) ရှည်လျားပြီး ရထား၏ အမြန်နှုန်းမှာ တနာရီ ၁၆၀ ကီလိုမီတာရှိမည်ဟုလည်း အထက်ပါ ဝန်ကြီးဌာနက ဖော်ပြထားသည်။ မန္တလေးမှ မူဆယ်အထိ ၃ နာရီခန့် ကြာမည်ဖြစ်သည်။ လတ်တလောတွင် မူဆယ်နှင့် မန္တလေးကို လားရှိုးမှ တဆင့် ပြည်ထောင်စု လမ်းမကြီးဖြင့် ဆက်သွယ်ထားပြီး ထိုကားလမ်းခရီးသည် ပုံမှန်အားဖြင့် ၈ နာရီကြာသည်။
မန္တလေးမှ လားရှိုးအထိ ၃၁၃ ကီလိုမီတာရှည်ပြီး ၁ မီတာကျယ်သည့် ရထာလမ်း ရှိပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်မှ စတင်ပြီး တရုတ်-မြန်မာ ရထားလမ်း၏ အဓိက စီမံကိန်းတခုအနေဖြင့် အကျယ်စံနှုန်းမီသော ရထားလမ်းတခုကို မူဆယ်၏တဖက်၊ လားရှိုးမှ ကီလိုမီတာ ၁၄၀ ခန့်ဝေးသော ယူနန်ပြည်နယ် အနောက်ပိုင်းရှိ ရွှေလီတွင် တည်ဆောက်နေသည်ဟု တရုတ်ပြည်သစ် ရုပ်သံ၏ အဆိုအရသိရသည်။
တရုတ်အင်ဂျင်နီယာ များသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ကမ္ဘာ့အရှည်ဆုံး မီးရထား ဥမင်လိုဏ်ခေါင်းတခု ဖြစ်သည့် ၃၄.၅ ကီလိုမီတာ အရှည်ရှိ ကောက်လီကုန်တောင် ဥမင်ကို ဖောက်နေသည်ဟု တရုတ်ပြည်သစ် ရုပ်သံက ၂၀၁၇ ခုနှစ်သြဂုတ်လက ကြေညာခဲ့သည်။ ထိုဥမင်သည် တရုတ်နှင့် မြန်မာကို ဆက်သွယ်သည့် ရထားလမ်း၏ အစိတ်အပိုင်း ဖြစ်လာပေမည်။
ဝန်ကြီးဌာန၏ကြေညာချက်အရ အဆိုပြုထားသော လမ်းကြောင်းသည် ရွှေလီအရှေ့ရထားလမ်းမှ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ ပြင်ဦးလွင်တို့ကိုဖြတ်ပြီး မန္တလေးတွင် လမ်းဆုံးမည်ဖြစ်သည်။
ထိုစီမံကိန်းသည် BRI နှင့် CMEC တို့ကို အထောက်အကူဖြစ်စေပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းတည်ငြိမ် မှုကို အားပေးမည်ဟု တရုတ်သံအမတ် ဟုန်လျန်က ပြောသည်။
ရွှေလီနှင့် မန္တလေးကို ဆက်သွယ်သော ရထားလမ်းစီမံကိန်းကို မကြာမီ စတင်မည်ဟု ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား လုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဇွန်လတွင် South China Morning Post သတင်းစာသို့ ပြောခဲ့သည်။ ထိုရထားလမ်းသည် ရန်ကုန်နှင့် ကျောက်ဖြူအထိ တိုးချဲ့နိုင်သည်ဟုလည်း သူက ပြောသည်။
ထိုစီမံကိန်းအတွက် နှစ်နိုင်ငံလုံးက ယုံကြည်မှုရှိကြောင်း ပြောကြသော်လည်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ယခင် ရင်းနှီးမြှုပ်နှံမှုများအပေါ် အမြင်မကြည်လင်ကြသည့် ဒေသခံများနှင့် စီမံကိန်းနယ်မြေမှ လက်နက်ကိုင် ပဋိပက္ခများ အပါအဝင် စိန်ခေါ်မှုများစွာ တွေ့ရမည်ဟု ဒေသရေးရာ ကျွမ်းကျင်သူများက သတိပေးထားသည်။
“ဒီစီမံကိန်းကြောင့် ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ ပိုဖြစ်လာနိုင်တယ်။ တည်ဆောက်ရေး သက်သက်အတွက် သာမက စီမံကိန်း လုံခြုံရေးအတွက် တပ်တွေခေါ်လာဖို့လိုတယ်။ ဒါကြောင့် မြန်မာစစ်တပ်က ရထားလမ်း တလျှောက်မှာ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေ လုပ်ရင် တိုက်ပွဲတွေ မလွှဲမသွေ ဖြစ်လာမှာပဲ” ဟု ဝါရင့် မြန်မာ့အရေး လေ့လာသူ ဘာတေးလ် လင့်တနာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“နောက်ပြီးတော့ အလုပ်သမားတွေက ဘယ်သူတွေလဲ။ အရင်လိုပဲ တရုတ်က ကိုယ့်အလုပ်သမားနဲ့ကိုယ် လာမှာလား၊ ဒေသခံတွေကို အလုပ်ပေးမှာလား။ တရုတ်အလုပ်သမားတွေ ခေါ်လာရင်တော့ ရထားလမ်း တလျှောက်က ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံရမှာပဲ” ဟုလည်း သူက ဆိုသည်။
ရထားလမ်းအတွက် မြေများကို သိမ်းယူရမည့် အလားအလာလည်း ရှိနေသောကြောင့် ဒေသခံများက ထိုစီမံကိန်းကို နှစ်သက်မည် မဟုတ်ကြောင်းလည်း သူက ဆက်ပြောသည်။
မလေးရှားနှင့် သီရိလင်္ကာနှင့် ဇမ်ဘီယာ အထိ နိုင်ငံများတွင် ဖြစ်ပေါ်နေသော တရုတ်နိုင်ငံ၏ BRI စီမံကိန်းအပေါ် ကျယ်ပြန့်သော ဆန့်ကျင်မှုများကိုလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သော အစိုးရအနေဖြင့် ကမ္ဘာတဝန်း တရုတ်နိုင်ငံအပေါ် ဆန့်ကျင်မှုများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရာတွင် ထိုအချက်ကို အသုံးချသင့်သည် ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။
တချို့သော BRI စီမံကိန်းများသည် စတင်နိုင်ရန် နှေးကွေးနေပြီး တချို့သော စီမံကိန်းများသည် အိမ်ရှင်နိုင်ငံ များအတွက် ပြန်လည် မပေးဆပ်နိုင်သော ကြွေးမြီများ ဖြစ်စေသည်ဟူသော ဝေဖန်မှုများလည်း ဖြစ်ပေါ်နေသည်။
တရုတ်နိုင်ငံသည် BRI တွင်ပါဝင်သော နိုင်ငံများတွင် အကူအညီနှင့်ငွေ အကြီးအကျယ်ချေးပြီး ဘဏ္ဍာရေး အန္တရာယ် ကျရောက်စေသည်ဟု ဝါရှင်တန်အခြေစိုက် Center for Global Development ၏ ၂၀၁၈ ခုနှစ် မတ်လ အစီရင်ခံစာ တစောင်က ဆိုသည်။
ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများထံမှ ဖိအားများ ပိုမိုခံနေရပြီး အစိုးရသည် BRI တွင် ပါဝင်ခြင်းကို ပိုမိုသဘောတူလာရသည်။
“ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်တဲ့ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှု တွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ လက်တွင်းကို ရောက်သွားစေပြီး တရုတ်ကလည်း သူတို့ အကျိုးစီးပွား အတွက် အခြေအနေကို အပြည့်အ၀ အသုံးချနေတယ်” ဟုလည်း လင့်တနာက ပြောသည်။
မကြာသေးမီ လများအတွင်း နေပြည်တော်သည် CMEC အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံသုံးရန် ကတိပေးသော်လည်း ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ စီမံကိန်း စည်းကမ်းချက်များ၊ ဘဏ္ဍာငွေ ပံ့ပိုးရေးနှင့် မြန်မာနိုင်ငံအနေဖြင့် BRI အခြေခံ အဆောက်အအုံများ ဝယ်ယူနိုင်ခြင်းမရှိမရှိ စသည့် အဓိကမေးခွန်းများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။
“မြန်မာနိုင်ငံဘက်မှာ အချိန်ရှိပါတယ်။ တခြားက အလားတူ စီမံကိန်းတွေကို လေ့လာသုံးသပ်ပြီး အမျိုးသား အကျိုးစီးပွား အများဆုံးဖြစ်အောင် လုပ်ရမယ်။ အလျင်စလိုလုပ်ဖို့ မလိုဘူး။ နိုင်ငံအများအပြားမှာ ဆန့်ကျင် တာတွေ တိုးလာလို့ တရုတ်နိုင်ငံရဲ့ တခြားနိုင်ငံတွေအပေါ် သြဇာ အရင်ကထက် နည်းလာနေပြီ” ဟု ဘန်ကောက် ချုလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး ကျောင်း၏ တွဲဖက်ပါမောက္ခ သီတင်နန် ပေါင်ဆူဒီရက်က ပြောသည်။
BRI သည် ဆင်းရဲသောနိုင်ငံ အများအပြားအတွက် အကြွေးထောင်ခြောက်ကို ဖန်တီးနေသည်ဟု အမေရိကန် ရေခြားမြေခြား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း အကြီးအကဲက သတိပေးခဲ့သည်။
“အကြွေး ရှောင်ရှားရေးနဲ့ ပြည်သူ့အကျိုးက မြန်မာနိုင်ငံအတွက် မှတ်ကျောက် ဖြစ်သင့်တယ်” ဟု သီတင်နန်က ပြောသည်။
(Muse-Mandalay Railway Agreement with China Raises Debt, Conflict Fears ကို ဘာသာပြန်ဆိုသည်။)