သတင်း

ငြိမ်းချမ်းရေးသဘောထား အတည်ပြုနိုင်ရန် KNU ခေါင်းဆောင်ပိုင်းတွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) အမြဲတမ်းဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ကရင်ပြည်နယ် ဘားအံခရိုင် လေးဝါးရှိ ဌာနချုပ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က စတင်ကျင်းပနေသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အကောင်အထည်ဖေါ်ဆောင်သည့် လုပ်ငန်းများအား အစိုးရနှင့် ညှိနှိုင်းရာတွင် အကျပ်အတည်းဖြစ်နေခြင်းကို ကျော်လွှားနိုင်ရေး KNUခေါင်းဆောင်ပိုင်းနှင့် အဖွဲ့ဝင်များဆွေးနွေးကြခြင်း ဖြစ်သည်။

KNU သည် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများတွင် ဆက်လက်ပါဝင်မှုအား ယာယီ ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အောက်တိုဘာလ နှောင်းပိုင်းက အစိုးရထံ အကြောင်းကြားခဲ့ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖေါ်ရေး ယန္တရားများ၊ မူဘောင်၊ ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်း အဆင့်ဆင့်တိုနှင့်ပတ်သက်ပြီး အဖွဲ့ဝင်များအတွင်း သဘောတူညီချက် ချမှတ်ရန် အဖွဲ့အတွင်းဆွေးနွေးမည်ဟု ဆိုထားသည်။

KNU ခေါင်းဆောင်များသည် အောက်တိုဘာလလယ်က နေပြည်တော်တွင်ကျင်းပသည့် NCA လက်မှတ်ရေးထိုးမှု သုံးနှစ်ပြည့်အထိမ်းအမှတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအကြား သီးသန့် အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ သို့သော် ထပ်မံကျင်းပမည့်ဆွေးနွေးပွဲများတွင် ဆက်လက်မပါဝင်မီ အဖွဲ့အစည်းတွင်း ဆွေးနွေးမှုလုပ်သင့်သည်ဟု KNU ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ခဲ့သည်။

KNU ၏ လူမှုကွန်ရက်စာမျက်နှာအရ KNU အမြဲတမ်းဗဟိုကော်မတီ၏ နိုဝင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ အစည်းအဝေးသည် အကျပ်အတည်းကျော်လွှားရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး ပိုမိုကောင်းမွန်ရန် အာရုံစိုက်မည်ဟု သိရသည်။

စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်သောအဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အခြေခံမူများ ချမှတ်ရေးနှင့်ပတ်သက်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား နားလည်မှုကွာဟခြင်းကို ပေါင်းကူးနိုင်ရေး နည်းလမ်းရှာ ဆွေးနွေးရန် လိုအပ်ကြောင်း ထိုစာတွင်ဖေါ်ပြထားသည်။

KNU အမြဲတမ်း ဗဟိုကော်မတီဝင် ၅၅ ဦးမှ အများစု ပါဝင်တက်ရောက်နေပြီး ထိုအထဲတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲအပါအဝင် ထိပ်တန်း စစ်ဖက်အရာရှိများလည်း ထိုအစည်းအဝေးသို့ တက်ရောက်ကြသည်။

KNU သတင်းရင်းမြစ်များ၏အဆိုအရ နိုဝင်ဘာ ၆ ရက်နေ့မှ စတင်သောဆွေးနွေးမှုများ အဆင်ပြေချောမွေ့သည်ဟု သိရသည်။

KNU ဒုတိယ ဥက္ကဌဟောင်း နော်စီပိုးရာစိန်လည်း ထို KNU အမြဲတမ်းဗဟိုကော်မတီအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA အကောင်အထည်ဖော်မှုလုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းကြောင့် အရေးကြီးသည်ဟု ဆိုသည်။ သူသည် ယခုလက်ရှိတွင် အမြဲတမ်းဗဟိုကော်မတီဝင် မဟုတ်သော်လည်း ခေါင်းဆောင်များသည် နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နည်းလမ်းရှာနေသည်ဟု ဆိုသည်။

တပ်မတော်၏ သဘောထားဖြစ်သော လက်နက်ကိုင်တိုက်ပွဲများ အဆုံးသတ်ရေးမှာ လက်နက်ဖြုတ်သိမ်းခြင်းသာဖြစ်သည်ဟု ဇောင်းပေးပြောဆိုလာခြင်းနှင့် အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းမှ ပဋိပက္ခ အဆုံးသတ်ရေးကို ဦးတည်မနေသောကြောင့် NCA သည် မူလရည်ရွယ်ချက်မှ သွေဖီသွားမည်ကို KNU အဖွဲ့ဝင်များ စိုးရိမ်နေကြောင်း သူရှင်းပြသည်။

“ကျမတို့ စိုးရိမ်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါတဲ့ အဖွဲ့တွေထဲ အဓိက တပ်မတော်က ငြိမ်းချမ်းရေးကို တကယ်လိုချင်တာကော ဟုတ်ရဲ့လား ဆိုတာပဲ” ဟု သူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အဓိက အရေးပါသောအဖွဲ့အစည်း ဖြစ်သောကြောင့် လေ့လာသူများသည် KNU ခေါင်းဆောင်ပိုင်း၏အမြင်ကို အနီးကပ်စောင့်ကြည့်နေကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ရန် KNU ၏ဆုံးဖြတ်ချက်ကြောင့် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများလည်း ဆိုင်းငံ့ထားရသည်။ငြိမ်းချမ်းရေး, အမြဲတမ်း ဗဟိုကော်မတီ, အရေးပေါ်အစည်းအဝေး, NCA

Did you find apk for android? You can find new Free Android Games and apps.
Loading