မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နယ်စပ်ဒေသများမှ ဝင်ရောက်နေမှုကို ထိန်းချုပ်ရန် ခက်ခဲသည့် အတွက် စိန်ခေါ်မှုများရှိနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။
၎င်းက “ပရီကာဆာ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံကြီး နှစ်ခုအကြားတည်ရှိနေတာကြောင့် နယ်စပ်ဝင်ပေါက် ၊ ထွက်ပေါက်များကို အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲမှုဟာ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးမှာ စိန်ခေါ်မှု တရပ်ဖြစ်ပါတယ်” ဟု နိုဝင်ဘာလ ၇ ရက်က နေပြည်တော် M Gallery Hotel တွင် ပြုလုပ်သည့် ဒေသတွင်း ပရီကာဆာ ထိန်းချုပ် ရေးအဆင့်မြင့် အရာရှိကြီး များအဆင့်ညီလာခံ (Hight Level Regional Conference on Precursor Control) ဖွင့်ပွဲအခမ်းအနား အပြီးတွင် မီဒီယာများ ကိုပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် ထိန်းချုပ် ဓာတု ပစ္စည်းကြီးကြပ်ရေးအဖွဲ့မှ ကိုယ်စား လှယ်များ၊ ထိုင်းနိုင်ငံ အခြေစိုက် ၊ အရှေ့တောင် အာရှ နှင့် ဖစိဖိတ်ဒေသ ၊ UNODC ရုံး၏ ဌာနေ ကိုယ်စားလှယ်၊ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ နှင့် တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံမှ အဆင့်မြင့် အရာရှိ ၈၀ ကျော်တက်ရောက်ခဲ့သည်။
မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းတမျိုးဖြစ်သည့် Precursor -ပရီကာဆာ အဓိက ထုတ်လုပ်နေသည့် နိုင်ငံများမှာ အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ် နှင့် အိန္ဒိယ နိုင်ငံမှ အများဆုံး ဝင်ရောက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်းက ပြည်တွင်း၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း ၁သောင်းကျော် ဖမ်းဆီးရရှိထားသည်ဟုလည်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ရွှေညာမောင် က “၂၀၁၁ ခုနှစ်က တနိုင်ငံလုံးရဲ့ ဖမ်းဆီးမှုဟာ အမှုပေါင်း ၂၆၀၀ လောက်ရှိခဲ့ရာကနေ၊ ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၁ သောင်းကျော် ထိအောင် ဖမ်းဆီး နိုင်ခဲ့တယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့သည် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ပရီကာဆာ များဝင်ရောက်ရာ လမ်းကြောင်း များမှ မြန်မာနယ်စပ်မှ မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ မိုင်းရယ်၊ ဝမ်ဟိုင်း ဒေသများသို့ လည်းကောင်း၊ မြန်မာနယ်စပ်မှ ဝ အထူးဒေသ၊ ကိုးကန့်အထူးဒေသများသို့လည်းကောင်း၊ မြန်မာ နယ်စပ်မှ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေးမှ ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း) ဒေသများလည်းကောင်း ဖမ်းဆီးရရှိခဲ့သည်။
နယ်စပ်မှ တဆင့် ကရင်ပြည်နယ်၊ မြဝတီ၊ သထုံ၊ ပဲခူးမှ အခြားဒေသများသို့လည်းကောင်း၊ မြန်မာနယ်စပ်မှ မဲခေါင်မြစ်ကြောင်းမှ ဖြတ်သန်း၍ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်မှတဆင့် အခြား ဒေသများသို့လည်းကောင်း သယ်ဆောင်လျက်ရှိကြောင်း ဖမ်းဆီး ရရှိမှုဖြစ်စဉ်များ အရသိရသည်။
ထိုကဲ့သို့ မူးယစ်ဆေးဝါးများကို ဖမ်းဆီး နှိမ်နှင်းခြင်းတခုတည်းဖြင့် မူးယစ်ဆေးဝါးများ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ၊ မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံများ၊ ထွက်ရှိလာသည့် မူးယစ်ဆေးဝါး အမြောက်အများ သယ်ဆောင်မှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးခြင်း များကို လည်း နှစ် အလိုက် ပြုလုပ်နေကြောင်း ရဲမှူးကြီးရွှေညာမောင်က ရှင်းပြသည်။
မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ပရီကာဆာ ( ထိန်းချုပ်ဓာတု ပစ္စည်း) များ မရှိမဖြစ် လိုအပ်သည့် အတွက် ပစ္စည်းဖြစ်သည့် ပရီကာဆာ များကို ထုတ်လုပ်နိုင်မှု လျော့ကျနိုင်ရန် အတွက် UNODC ကဦးဆောင်ပြီး နိုင်ငံတကာနှင့် ပေါင်းစပ်၍ စနစ်တကျ ထိန်းချုပ်နိုင်သည့် မဟာဗျူဟာကြီး ရေးဆွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အဖွဲ့ဝင် ဦးလှသန်း က “ ရဲတပ်ဖွဲ့ကနည်းနေတော့ မူးယစ်လုပ်ငန်းစဉ် တွေကို နေရာတိုင်းမှာ မလုပ်နိုင်တာတွေ ရှိတယ်။ သမ္မတကြီး လုပ်တာ အရမ်းကောင်းတယ်။ ဒီထက်ပိုကောင်းအောင် အမြစ်ပြတ်အောင် လုပ်စေချင်တယ် ” ဟုပြောသည်။
၂၀၁၈ ခုနှစ်အတွင်း ပရီကာဆာအမျိုးအစားအလိုက် ဖမ်းဆီရမိသည့်အခြေအနေများမှာ ကဖင်း ၂၀,၁၆၁ ကီလိုကို မြန်မာ-လာအို နယ်စပ်နှင့် မြန်မာ-တရုတ်နယ်စပ်တွင်လည်းကောင်း၊ ဆူဒိုအက်ဖီဒရင်း၊ အက်ဖီဒရင်း ဆေးပြား/အမှုန့် ၂၃၆.၅ ကီလိုကို ဘိန်းချက်စခန်းအချို့တွင်လည်းကောင်း၊ ဆာလဖျူရစ်အက်စစ် ၆၂,၁၃၅ လီတာ၊ ဟိုက်ဒရိုကလိုရစ် အက်စစ် ၁၆၆,၁၅၃ လီတာ၊ အီသိုင်း/အီသာ ၁၉၁,၇၉၄ လီတာ၊ အက်စီ တုန်း ၅၄,၂၆၀ လီတာတို့ကို မြန်မာ-တရုတ်နယ်စပ်တွင်လည်းကောင်း ဖမ်းဆီးရရှိခဲ့သည်။
မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုသည့် Precursor ဖြစ်သော ဆိုဒီယမ်ဆိုင်ရာနိုက် ၂၃,၅၅၀ ကီ လိုကို မြန်မာ-ထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိ၍ ၂၀၁၃ ခုနှစ်၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။
သမ္မတဦးဝင်းမြင့်လက်ထက် မူးယစ်ဆေးဝါးတားဆီး တိုက်ဖျက်ရေး ကို အရှိန်မြှင့်ဆောင် ရွက်လျက်ရှိပြီး ဖမ်းဆီးရေးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က တာဝန်ယူထားပြီး ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးကဏ္ဍကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနက တာဝန်ယူဆောင် ရွက်နေသည်။