သတင်း

ကျရှုံးဘာသာရပ် ပြန်ဖြေခွင့်ပေးရန် နည်းပညာတက္ကသိုလ်ကျောင်းသားများ တောင်းဆို

နည်းပညာတက္ကသိုလ်များတွင် ကျရှုံးဘာသာရပ်များအား ပြန်လည်ကုစား ဖြေဆိုခွင့် (Re-Exam) ပြုပေးရန် အပါအဝင် အချက် ငါးချက်ကို ကျောင်းသားများက နေပြည်တော် ပညာရေးဝန်ကြီးထံ တောင်းဆိုထားသည်။

ပြည်၊ လားရှိုး၊ မှော်ဘီ၊ မန္တလေး စသည့် နည်းပညာတက္ကသိုလ်များ အပါအဝင် တက္ကသိုလ် ၉ ခုမှ ကျောင်းသားများနှင့် သမဂ္ဂ များက Re-Exam ကိစ္စ အပါအဝင် ဆေးနား/စီးပွားနား (ကျောင်း တနှစ် နားခွင့်)၊ ရပ်နားထားသည့် ဘာသာရပ်များ ပြန်လည်ခေါ်ယူ သင်ကြားပေးရန်၊ ဆရာ/ဆရာမ မလုံ လောက်မှု၊ ကျောင်းခေါ်ချိန် (Roll Call) သတ်မှတ်ခြင်းကိစ္စများ အား ဖြေရှင်းပေးရန် နိုဝင်ဘာလ ၆ ရက်က တင်ပြ တောင်းဆိုခြင်း ဖြစ်သည်။

နည်းပညာတက္ကသိုလ် (လားရှိုး) ကျောင်းသားသမဂ္ဂ ဥက္က၏ ကိုစိုင်းကျော်ဇောအောင်က “YTU (ရန်ကုန်နည်းပညာ တက္က သိုလ်) နဲ့ MTU (မန္တလေး နည်းပညာတက္ကသိုလ်) တို့မှာ ကျင့်သုံးနေတဲ့ စနစ်က ကျစာရင်း ထုတ်ပြန်တယ်။ နောက်နှစ်မကူး ခင်ဘဲ ကျရှုံးတဲ့ဘာသာအတွက် ဖြေဆိုခွင့်ရှိ တယ်။ ကျနော်တို့မှာကျတော့ အခွင့်အရေးတွေ ဆုံးရှုံးနေတာက ဒီလိုမဟုတ် ဘူး။ ကျရင် နောက်တနှစ်ပဲ” ဟု ပြောသည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်များတွင် ကျရှုံးဘာသာရပ်အတွက် ပြန်လည်ကုစား ဖြေဆို ခွင့်ရှိသော်လည်း အခြားဒေသများရှိ တက္ကသိုလ်များတွင် ၁ ဘာသာကျပါက နောက်ထပ် တနှစ် ကျောင်းပြန်တက်ရသည့် စနစ် ကျင့်သုံး နေခြင်း ဖြစ်သည်။

Re-Exam စနစ် ကျင့်သုံးရေး တောင်းဆိုချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နည်းပညာတက္ကသိုလ် များမှ ကျောင်းအုပ်ချုပ် ရေးအဖွဲ့အတွင်း ပြန်လည် ဆွေးနွေးစေကာ အထက်အဆင့်ဆင့်သို့ ထပ်မံ တင်ပြပေးမည်ဟု ပညာရေးဝန်ကြီးဌာနဘက်က တုံ့ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက “ဘာသာရပ်အဖွဲ့တွေက သက်ဆိုင်ရာ ပါချုပ်တွေ ပါမောက္ခတွေ ပါမယ်။ သူတို့ရဲ့ အများသဘောတူညီ ဆောင်ရွက်ချက်ကို ကျနော်တို့ဆီ ပြန်တင် ပြရင် Re Exam ဖြေဆိုခွင့်ကို ကျနော်တို့ အထက်အဖွဲ့ အစည်း အဆင့်ဆင့်ကို တင်ပြပြီးတော့ သူတို့ရဲ့ တောင်းဆိုခွင့်ကို ရမယ် မရဘူးကို ကျနော်တို့က ညှိနှိုင်းဆောင်ရွက်ပေးမယ်” ဟု ဆိုသည်။

ညွှန်ကြားရေးမှူးချုပ်၏ တုံ့ပြန်ချက်နှင့် ပတ်သက်၍ “TU (နည်းပညာတက္ကသိုလ်) တွေ အနေ အထား အရတော့ လူကြီးတွေ အစည်းအဝေး ခေါ်မယ့်ရက်ကို ပြန်စောင့်ကြည့်ရမယ်။ တကယ်လို့ အဆင်မပြေ ဘူးဆိုရင် ညှိနှိုင်းရေးလမ်းစဉ်ကို အကြိမ် ကြိမ် သွားခဲ့ပြီး ဖြစ်တဲ့အတွက် လမ်းကြောင်းတခုကို ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်” ဟု ကိုစိုင်းကျော်ဇောအောင်က ပြောသည်။

ရပ်နားထားသည့် ဘာသာရပ်များအား ပြန်လည်ဖွင့်လှစ် သင်ကြားရေးအတွက် သက်ဆိုင်ရာ ဘာသာ ရပ်အဖွဲ့များနှင့် ပြန်လည်စိစစ်ကာ ပညာရေးဝန်ကြီးထံ တင်ပြမည်ဖြစ်ပြီး ကျောင်းတက်နေစဉ်အတွင်း ကျန်းမာရေး သို့မဟုတ် စီးပွားရေး မပြေလည်မှုကြောင့် ကျောင်းတနှစ် ရပ်နားလိုပါက သက်ဆိုင်ရာ ကျောင်းများတွင် တရားဝင် ဆေးနား/စီးပွားနား ခွင့်တင် ပါက ကျောင်းပြန်တက်သည့်အခါ ကျောင်းသားသစ်အဖြစ် ပြန်လည်သင်ကြားခွင့်ပြုမည်ဟု ဝန်ကြီးဌာနဘက်က ကတိပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြားတောင်းဆိုချက်ဖြစ်သည့် စာတွေ့နှင့် လက်တွေ့ချိန် နှစ်မျိုးအနက် အချို့တက္ကသိုလ် များ တွင် လက်တွေ့ချိန် ၌ စာသင်ကြားကာ ကျောင်းခေါ်ချိန် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ လက်တွေ့ ချိန်တွင် လက်တွေ့သင်ကြားရေးကိုသာ ပြုလုပ်ပေးမည်ဟု ပညာရေးဝန်ကြီးဌာနဘက်မှ ဆိုထား သည်။

ဆရာ/ဆရာမ မလုံလောက်မှုနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ဒီနှစ် မှာလည်း မကြာခင် ၁၃၄ ကျောင်းမှာ နည်းပြသရုပ်ပြ ထပ်ခန့်ဖို့ ရှိပါတယ်။ ကျနော်တို့ ခန့်မှာ မဟုတ် ပါဘူး။ သက်ဆိုင်ရာ ကျောင်းရဲ့ ပါချုပ်ကြီးရဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်တာဖြစ်ပါတယ်” ဟု ပြောသည်။

ယခု တောင်းဆိုချက်များမှာ တနိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ၏ လိုအပ်ချက်ကို ကိုယ်စားပြု လာရောက်တောင်းဆိုခြင်းဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်အပြင် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ တက္ကသိုလ် (MAEU မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုက်ဘာစီးတီး (YTUCC) အပါအဝင် တက္ကသိုလ် ၃၃ ခု ရှိသည်။

MAEU မိတ္ထီလာတွင် တက်ရောက်လိုသူများကို တက္ကသိုလ်ဝင်တန်း ဘာသာစုံ ရမှတ် ၄၂၀ သတ်မှတ် ကာ ရန်ကုန် YTU တွင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒ လေးဘာသာပေါင်း ၃၂၀ မှတ်၊ မန္တလေး MTU တွင် လေးဘာသာပေါင်း ၃၀၀ မှတ်နှင့် အခြား နည်းပညာတက္ကသိုလ်များတွင် ဘာသာစုံ ၃၆၀ မှတ်ဟု သတ်မှတ်ထားပြီး အမှတ်အနည်းအများအလိုက် စိစစ်ကာ တက်ရောက်ခွင့် ပြုခြင်း ဖြစ်သည်။

Loading