ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခု ထိပ်တိုက်တွေ့ရာတွင် ဆုံးရှုံးမှုများသာ ရှိသောကြောင့် ကုန်သွယ် ရေး အငြင်း ပွားမှုများကို ဖြေရှင်းရေး အမေရိကန်နှင့် ဆွေးနွေးလုပ်ကိုင်သွားရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန့်က နိုဝင်ဘာလ ၆ ရက်တွင် ပြောကြားလိုက်သည်။
မကြာသေးမီ လများအတွင်း ဘေဂျင်းနှင့် ဝါရှင်တန်အကြား တနိုင်ငံ ပို့ကုန်အပေါ် တနိုင်ငံက အခွန် တိုးမြှင့်ကာ အပြန်အလှန် လက်စားချေနေသော်လည်း နှစ်ဖက်လုံး အနိုင်အရှုံးမပေါ်ဘဲ ပိုမိုဆိုးဝါးရွား လာသည့်အတွက် ကမ္ဘာ့ ဘဏ္ဍာရေးဈေးကွက် ကမောက်ကမဖြစ်ကာ ကမ္ဘာ့စီးပွားရေးအပေါ် အရိပ် မည်း ထိုးလာခဲ့သည်။
လတ်တလော အာရုံစိုက်နေသောအချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ယခုလကုန်တွင် တွေ့ဆုံမည့် အစီအစဉ် ဖြစ်လာပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီမှုမရလျှင် တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်စည် ဒေါ်လာ၂၆၇ ဘီလျံဖိုးကို အခွန်ထပ်မံ စည်းကြပ်မည်ဟု ထရမ့်က ခြိမ်းခြောက်ထားသည်။
“တရုတ်နိုင်ငံကော အမေရိကန် ပြည်ထောင်စုကပါ ပိုမိုကြီးမားတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တွေ့မြင်လိုကြပါတယ်” ဟု စင်္ကာပူတွင် ကျင်းပသည့် Bloomberg New Economy Forum တွင် ဝမ်က ပြောသည်။
သူက ဆက်လက်ပြီး “အပြန်အလှန် စိုးရိမ်နေရတဲ့ ပြဿနာတွေကို တရုတ်နိုင်ငံဘက်က အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးပြီး နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ကုန်သွယ်ရေး အဖြေတခုရအောင် လုပ်ဖို့ အသင့်ရှိပါတယ်” ဟု ဆိုသည်။
“တရုတ်နဲ့ အမေရိကန်တို့ နီးကပ်စွာ ပူးပေါင်းဖို့လိုတဲ့ အဓိကပြဿနာတွေကို ဒီနေ့ ကမ္ဘာကြီး ရင်ဆိုင် နေရတယ်။ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံလုံးဟာ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးရှိပြီး ထိပ်တိုက် တွေ့မှုကြောင့် ဆုံးရှုံးရ မယ်ဆိုတာကို ကျနော်တို့ အခိုင်အမာ ယုံကြည်တယ်” ဟုလည်း သူက ဆက်ပြောသည်။
အမေရိကန်နှင့် ပွတ်တိုက်မှုမြင့်မားနေချိန်အတွင်း တရုတ်နိုင်ငံသည် ပိုမိုပွင့်လင်းမှုကို လိုလားကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာလ ၅ ရက်က ကျင်းပသည့် အဓိက ကုန်စည်ပြပွဲတခုတွင် ပြောကြားခဲ့ပြီးနောက် ဝမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဉာဏပစ္စည်း မူပိုင်ခွင့် ခိုးယူမှု၊ အမေရိကန် စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခြင်းကို ကန့် သတ်ခြင်းနှင့် ကုန်သွယ်ရေး လိုငွေကွာဟမှုများအတွက် ထရမ့်က တရုတ်နိုင်ငံကို ဝေဖန်တိုက် ခိုက်လျက် ရှိသည်။
“ဆန့်ကျင်မှုနဲ့ ဒေါသတို့ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆက်စပ်ဖြစ်ပေါ်မှုမှာ ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်သလို တားဆီးကန့်သတ်ချက်တွေ၊ အငြင်းပွားမှုတွေဟာလည်း ကိုယ့် ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး။ ကမ္ဘာ့ဈေးကွက် ဖရိုဖရဲဖြစ်မှုကိုတောင် ပိုမိုဆိုးရွားသွား စေလိမ့်မယ်” ဟုလည်း ဝမ်က ဆက်ပြောသည်။
တရုတ်နိုင်ငံသည် စည်းမျဉ်းများ၊ သဘောတူညီချက်များဖြင့် နိုင်ငံတကာ အငြင်းပွားမှုများ ဖြေရှင်းရေးကို ထောက်ခံပြီး တဖက်သတ် ပြုမူရေးနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများကို ဆန့်ကျင်ကြောင်းလည်း သူက ဆိုသည်။
“ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ အပြန်အလှန် အကျိုးပြုတဲ့ ပုံမှန်ကောင်းမွန် သော တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် တည်ငြိမ်မှု ထိန်းသိမ်း တွန်းအားပေးတဲ့ ကိရိယာ အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ တည်ငြိမ်သိမ်မွေ့တဲ့စိတ်နဲ့ ပိုမိုပွင့်လင်းမှုကို ကြိုဆိုပြီး အပြန်အလှန် အကျိုးစီးပွားအတွက် လုပ်ဆောင်သွားမယ်” ဟုလည်း ဝမ်က ပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် အဆင့်မြင့် သံတမန်ရေးနှင့် လုံခြုံရေး ဆွေးနွေး ပွဲတခုကို လာမည့် သောကြာနေ့တွင် ဝါရှင်တန်၌ ကျင်းပရန် စီစဉ်ထားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
ထရမ့်သည် ယခုလ နှောင်းပိုင်း အာဂျင်တီးနားတွင် ကျင်းပမည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်း အဝေးတွင် တရုတ် သမ္မတရှီ နှင့် တွေ့မည်ဟု မျှော်လင့်ရသည်။ တရုတ်နိုင်ငံက သဘောတူဖြေရှင်းမှု လုပ်လိုသည်ဟု နိုဝင်ဘာလ ၅ ရက်တွင် ထရမ့်က ပြောဆိုထားသည်။
ထရမ့်က “မှန်ကန်တဲ့၊ မျှတတဲ့ သဘောတူ ဖြေရှင်းမှုလုပ်နိုင်ရင်တော့ ကျနော်တို့ လုပ်မယ်။ အဲဒီလိုမှ ဟုတ်ရင်တော့ မလုပ်နိုင်ဘူး” ဟု ပြောသည်။
(China says ready for U.S. talks, sees no winners in trade war အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)