မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် မြောင်းဦး ကျေးရွာတွင် အသက် မပြည့်သေးသည့် နဝမတန်း ကျောင်းသူတဦး အလိုမတူဘဲ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာ ကော်မတီထံမှ သိရသည်။
အဓမ္မပြုကျင့်ခံရသူမှာ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် နဝမတန်း တက်ရောက် နေသူ တဦးဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားချိန်တွင် အသက် ၁၅ နှစ်သာ ရှိသေးသည်ဟု သိရပြီး နိုဝင်ဘာလ ၆ ရက် ညပိုင်းက ဖြစ်ပွားကြောင်း ဆိုသည်။
ကျောက်ဆည် ခရိုင် အမျိုးသမီးရေးရာ ကော်မတီဝင် ဒေါ်ခင်သန်းနွယ်က“ကျမတို့ဆီကို အကူအညီ လှမ်းတောင်းတဲ့ အတွက် ရဲစခန်းမှာ သွားပြီး အမှုဖွင့်ပေးခဲ့ပါတယ်၊ အဲဒီကနေ စစ်ဆေးချက်တွေ ယူပြီးတော့ ဆေးရုံမှာ ဆေးစစ်ချက် တွေ သွားလုပ်ပေးခဲ့ပါတယ်။ ဖြစ်စဉ်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးကို အကူအညီ တောင်းတော့ တရားခံကို ချက်ချင်း ဖမ်းခိုင်းပါတယ်၊ လက်ရှိအချိန်အထိတော့ တရားခံကို မမိသေးဘူးလို့ သိရပါတယ်၊ တရားခံက ထွက်ပြေးသွားပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၆ ရက် ည ၁၀ နာရီခန့်က အဆိုပါ နဝမတန်း ကျောင်းသူမှာ နေအိမ်ခြံဝန်း အတွင်းရှိ ရေအိမ်သို့ သွားစဉ် တရွာတည်းနေ ဦးဖိုးဆောင် ဆိုသူက နေအိမ် ခြံစည်းရုံးအနီး ခေါ်ဆောင်သွားကာ အော်ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းသို့ ပြုကျင့်နေစဉ် ကျူးလွန်ခံရသူ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူက တွေ့ရှိသွား၍ အော်ဟစ်ရာမှ ဦးဖိုးဆောင် ဆိုသူ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟု ရဲစခန်း မှတ်တမ်းများ အရ သိရသည်။
ယင်းသို့ ဖြစ်ပွားမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူက တရားလို လုပ်ကာ ပြစ်မှု ကျူးလွန်သူ ဦးဖိုးဆောင် (၅၀) နှစ်ကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် ကျောက်ဆည်မြို့မ ရဲစခန်းတွင် နိုဝင်ဘာလ ၇ ရက်က အမှုဖွင့်ထားသည်။
ကျောက်ဆည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ဖြစ်စဉ်ဖြစ်ပွားတာ မှန်ပါတယ်၊ ၉ တန်းကျောင်းသူလေး တဦး ပါ။ ညအချိန်မတော် မိန်းကလေးတဦးတည်း အိမ်သာ တက်ဖို့ သွားတာကို တရားခံမှ အခွင့်ကောင်းယူပြီး ပြစ်မှု ကျူးလွန် ခဲ့တာလို့ သုံးသပ်ပါတယ်။ အော်ရင် သတ်ပစ်မည်လို့ ပြောဆိုပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ ရတာလို့ သိရပါတယ်။ တရားခံကတော့ ဒီနေ့ (နိုဝင်ဘာလ ၈ ရက်) မနက်ပိုင်း အထိ မမိသေးပါဘူ”ဟု ပြောသည်။
ကျူးလွန်ခံရသူ နဝမတန်း ကျောင်းသူအား လိုအပ်သည့် ဆေးဝါးကုသမှုနှင့် စာသင်ကြားနေမှုအပေါ် ထိခိုက်မှု ရှိ၊ မရှိ ကိစ္စများနှင့် ပတ်သက်၍ ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာ ကော်မတီက ကူညီပေးသွားရန် စီစဉ်ထားသည်ဟု သိရ သည်။
“ကလေးမကို မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ HIV ပိုး ကူးစက် မခံရအောင်အတွက် ၇၂ နာရီအတွင်းမှာ ဆေးတိုက်ဖို့ လိုပါတယ်။ ဆေးရုံမှာ ဆေးမရှိတဲ့အတွက် အပြင်ကနေ ဝယ်တိုက်ထားရပါတယ်။ ကလေးမလေးက ၉ တန်း ကျောင်းသူ လေး ဖြစ်တဲ့အတွက် ကျောင်းမှာ ပြဿနာ တစုံတရာ ရှိ၊ မရှိ စုံစမ်းပြီးတော့ လိုအပ်တဲ့အကူအညီတွေ လုပ်ဆောင်ပေး သွား မှာပါ”ဟု ဒေါ်ခင်သန်းနွယ်က ပြောသည်။
ဆက်စပ် ဖတ်ရှုရန်
- သက်ငယ်မုဒိမ်းနဲ့ လူသတ်မုဒိမ်းမှုတွေကို အမှန်တကယ် သေဒဏ်စီရင်နေပြီလား
- သက်ငယ်မုဒိမ်းကို အစိုးရ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အချက်ပေးလိုက်တဲ့ မန္တလေး ဆူပူမှု
- မန္တလေးတွင် အကြမ်းဖက် မှုခင်းများကြောင့် တုန်လှုပ်နေကြ